
မောင်မောင်
အသွေးအရောင် သပ်ရပ်တောက်ပြောင်ကာ ခန္ဓာကိုယ် လေးထောင့်ကျပြီး ကျန်းမာသည့် ကြန်အင်လက္ခဏာ များကို ပိုင်ဆိုင်ထားသည်။ ကျောပြင်ကြွက်သား ကျယ်ပြန့် ပြည့်ဖြိုး သလို လည်ပင်းကြွက်သားများက ကြီးမားတုတ်ခိုင်သည်။ လက်ကြွက်သား၊ တင်ပါး ကြွက်သားစသည့် ကြွက်သားဖွဲ့စည်းပုံများကလည်း ကြံ့ခိုင်သန်စွမ်းကာ အသက်အရွယ်အလိုက်ရှိရမည့် ခန္ဓာကိုယ်အချိုးအစားဖွံ့ဖြိုးမှုများနှင့် ပြည့်စုံနေ သည့် သူ့အား ပထမဆု ချီးမြှင့်ခဲ့သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဇန်နဝါရီ ၂၈ မှ ၃၀ ရက်အထိ ကျင်းပခဲ့သည့် မြန်မာ နွား၊ သိုး၊ ဆိတ်အလှနှင့် ဒေသထုတ်တန်ဖိုးမြှင့် တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာပင်ပြပွဲ ပြိုင်ပွဲတွင် အသားတိုး(နွားအထီး)ပထမဆုကို ထိုသို့ ရွေးချယ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ်မှ ပထမဆုရရှိခဲ့ခြင်းဖြစ်သည်။
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်
မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲကို ထုတ်လုပ်မှု ကောင်းမွန်သော အသားစားနွား၊ နို့စားနွားနှင့် သိုး၊ ဆိတ်မျိုးများကို ဖော်ထုတ်၍ မျိုးထိန်းမျိုးပွား မျိုးမြှင့်လုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေရန်၊ အသားစား/နို့စားနွား၊ သိုးနှင့်ဆိတ်မွေးမြူခြင်းနှင့် တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ဖွံ့ဖြိုးတိုးတက် ထုတ်လုပ်လာစေခြင်းဖြင့် အသား၊ နို့နှင့်နို့ထွက် ပစ္စည်းများ စားသုံးမှုနှင့် ပြည်တွင်းထုတ်လုပ်မှုကို အားပေးရန်၊ မွေးမြူရေးသမားအချင်းချင်း အပြန် အလှန်ဆက်သွယ်မှု ကွန်ရက်ကျယ်ပြန့်လာစေ ခြင်းဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်းလာစေရန်နှင့် မွေးမြူသူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်စသည့် ရည် ရွယ်ချက်ကောင်းများဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
ပြပွဲ၊ ပြိုင်ပွဲသို့ ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တောင်သူများ၏ မွေးမြူရေးတိရစ္ဆာန်များဖြစ်သည့် နွားနောက်၊ နို့စားကျွဲ၊ ဒေသနွား၊ နို့စားနွားမကြီး၊ နို့စားနွားမတမ်း၊ အသားစားနွား၊ ဒေသသိုး၊ ဒေသ ဆိတ်၊ နိုင်ငံခြားမျိုး အသားတိုးဆိတ်၊ နိုင်ငံခြားမျိုး သိုးစသည်ဖြင့် ပြိုင်ပွဲဝင် မွေးမြူရေးတိရစ္ဆာန် ကောင်ရေ ၁၆၄ ကောင် ယှဉ်ပြိုင်ခဲ့ပြီး တိရစ္ဆာန် ပြပွဲတွင် ၄၉ ကောင် ပါဝင်ပြသခဲ့သည်။
အသားတိုး(နွားမ)ပြိုင်ပွဲကို မျိုးရိုးအလိုက် ဗီဇရာခိုင်နှုန်းများပြည့်စုံခြင်း၊ အမွေးအရောင် တောက်ပြောင်မှုရှိခြင်း၊ ခန္ဓာကိုယ်အချိုးအစားကျန ပြီး နောက်ခြေကျညီပြီး နွားလေးဖက်ညီနေခြင်း စသည့်အသားတိုး(နွားမ)၏ သွင်ပြင်လက္ခဏာများ ကို အခြေခံကာ ဆုများကို ရွေးချယ်ခဲ့သည်။
အမှတ်ပေး စည်းမျဉ်းစည်းကမ်းများဖြင့် ရွေးချယ်
နို့စားနွားများကို မျိုးရိုးသွင်ပြင်လက္ခဏာနှင့် ပြည့်စုံခြင်း၊ ခြေလက်အနေအထားကောင်းမွန်ခြင်း၊ ခန္ဓာကိုယ်တည်ဆောက်မှုကောင်းမွန်ခြင်း၊ နို့အုံ အနေအထား၊ နို့ထွက်မှုနှင့် နို့အရည်အသွေး ကောင်းမွန်မှု၊ နောက်ပါနွားကလေး၏ အရည် အသွေးကောင်းမွန်ခြင်းစသည့် အမှတ်ပေး စည်းမျဉ်းစည်းကမ်းများဖြင့် ရွေးချယ်ခဲ့သည်။
ထို့အတူ မြန်မာနွားသိုးအလှပြိုင်ပွဲကို မြန်မာ ခိုင်းနွားမျိုးရင်း နွားပြာစိမ်းမျိုးဖြစ်ခြင်း၊ ခန္ဓာကိုယ် အမြင့်နှင့် လိုက်လျောညီထွေသော အလုံးအထည် အလျားရှိကာ ပြေပြစ်ကြည့်ကောင်းခြင်း၊ ဦးချိုကငယ်ချိုဖြစ်ကာပြုပြင်မထားခြင်း၊ ဘို့အနေအထား မှန်ကန်ထောင်မတ်နေခြင်း၊ သွားပေါက်လေးချောင်း သာရှိသေးခြင်း၊ အရေပြားရောဂါမရှိ သန့်ရှင်း သပ်ရပ်စိုပြည်ခြင်း စသည့်အချက်များအပါအဝင် နွားသိုးတစ်ကောင်တွင် ရှိသင့်ရှိထိုက်သည့် ကြန်အင်လက္ခဏာများကိုအခြေခံကာ ဆုများကို ဆုံးဖြတ်ရွေးချယ်ခဲ့သည်။
ထို့ပြင် ဆိတ်ထီး၊ ဆိတ်မများ၊ သိုးထီးနှင့် သိုးမ များကို မျိုးရင်းစစ်ဖြစ်ခြင်း၊ ဦးချို၊ မျက်နှာ၊ အမွေး အရောင်၊ ခန္ဓာစသည့် မျိုးရင်းစစ်၏ သွင်ပြင်လက္ခဏာ ပီပြင်ခြင်း၊ အရေပြားအမွေးအရောင်သန့်ရှင်းမှု အပါအဝင်ကျန်းမာရေးကောင်းမွန်ခြင်း၊ မျိုးပွားမှု ဆိုင်ရာ အရည်အသွေးကောင်းမွန်ခြင်း၊ အသက် အရွယ်အလိုက် ခန္ဓာကိုယ်ကြီးထွားမှု ကောင်းမွန် ခြင်းစသည့် အချက်များပါဝင်ကာ ပြိုင်ပွဲတစ်ခုချင်း အလိုက် အမှတ်ပေးစည်းမျဉ်းများဖြင့် ရွေးချယ်ခဲ့ ကြသည်။
ဆုများအဖြစ် နွားသိုးခိုင်းနွား ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆု၊ နို့စားနွားမကြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆု၊ နွားမတမ်း ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆု၊ အသားတိုးနွားအထီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆု၊ အသားတိုးနွားအမ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆု၊ သိုးအထီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆု၊ သိုးအမ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့် ဆု နှစ်ဆု၊ ဆိတ်အထီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆု၊ ဆိတ်အမ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆုတို့အပါအဝင် နို့စား ကျွဲ (အထီး၊ အမ)၊ နွားနောက်နှင့် ဆိတ်(ကဆီ)တို့ကို အထူးဆုများ ချီးမြှင့်ခဲ့သည်။
ကုမ္ပဏီ ၃၀ ကျော် ပြခန်းပေါင်း ၁၄၅ ခန်း
ထိုသို့ပြိုင်ပွဲများအပြင် ခိုင်းနွား၊ နို့စားနွား၊ အသားစားနွား၊ ကျွဲ၊ နွားနောက်၊ သိုး၊ ဆိတ်နှင့် ၎င်းတို့၏ထွက်ကုန်များကို ပြုပြင်ထုတ်လုပ်ထား သော ပစ္စည်းများ (အသားခြောက်၊ စည်သွတ်အသား၊ အသင့်စားရန် ပြုပြင်ထုတ်လုပ်ထားသော အသား များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ)စသည့် မွေးမြူရေးထုတ်ကုန်ပစ္စည်းပြခန်းများနှင့် တိရစ္ဆာန်သုံး ဆေးဝါးပြခန်းများ၊ မွေးမြူရေးအစာဆိုင်ရာ စက်မှု ပြခန်း၊ တိရစ္ဆာန်ရောဂါ ကာကွယ်ရေးပညာပေး ပြခန်း၊ မွေးမြူရေးအသိပညာပေးပြခန်း၊ မွေးမြူရေး သုံးဆေးဝါးနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာပြခန်း၊ မွေးမြူရေးအစာဆိုင်ရာပြခန်း၊ တိရစ္ဆာန်ရောဂါ စောင့်ကြည့်စစ်ဆေးရေးစခန်း (AQS) ပြခန်းများကို မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ညီနောင် အသင်း ၁၂ သင်းနှင့် မွေးမြူရေးကဏ္ဍနှင့် ဆက်စပ် သည့်ကုမ္ပဏီ ၃၀ ကျော်တို့မှ ပြခန်းပေါင်း ၁၄၅ ခန်း ပါဝင်ပြသခဲ့သည်။
ပြပွဲ၏ ရည်ရွယ်ချက်ကောင်းများကြောင့် အကျိုးကျေးဇူးကောင်းများစွာ ရရှိမည်ဖြစ်ကြောင်း ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက ယခုကဲ့သို့ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ဒေသနှင့် ကိုက်ညီပြီး ထုတ်လုပ်မှုကောင်းမွန်သော ဒေသ နွား၊ သိုးနှင့်ဆိတ်မျိုးများကို ဖော်ထုတ်နိုင်ခြင်း၊ ယင်းတို့၏ ထွက်ရှိရာအရပ်ဒေသများကို ဖော်ထုတ် နိုင်ပြီး မျိုးကောင်းမျိုးသန့်များ၏ မူရင်းဇာစ်မြစ် များကို သိရှိလာနိုင်ခြင်း၊ ဒေသထုတ်တန်ဖိုးမြှင့် တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာပင် စိုက်ပျိုး ခြင်း နည်းစနစ်များကို မွေးမြူရေးသမားအချင်းချင်း အပြန်အလှန်ဆက်သွယ်မှု ကွန်ရက်ကျယ်ပြန့်လာ စေခြင်းကြောင့် မျိုးကောင်းမျိုးသန့်တိရစ္ဆာန်များကို ပိုမိုမွေးမြူလာနိုင်ကာ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ပြည်တွင်းထုတ်လုပ်စားသုံးမှု ဖူလုံစေခြင်းနှင့် ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိကာ မွေးမြူသူများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေး အထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြား သည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ပြီး ဘိုးဘွားအစဉ်အဆက်ကပင် စိုက်ပျိုးရေးနှင့် အတူ မွေးမြူရေးကို တွဲဖက်လုပ်ကိုင်ခဲ့ကြသည်။ မိသားစုစားသုံး ရန် တစ်ပိုင်တစ်နိုင် သမားရိုးကျ မွေးမြူထုတ်လုပ်ကာ ပိုလျှံသည် များကိုသာ ရောင်းချသည့်စနစ်မှ ခေတ်စနစ်များအဆင့်ဆင့် တိုးတက် ပြောင်းလဲလာမှုနှင့် အတူ နွား၊ သိုးနှင့် ဆိတ်မွေးမြူရေးလုပ်ငန်းသည် အသားနှင့်နို့ နှစ်မျိုးစလုံးအတွက် ရည်ရွယ်မွေးမြူနိုင်သော စီးပွား ဖြစ် လုပ်ငန်းတစ်ခု ဖြစ်လာသည်။
မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိ
လယ်ယာသားငါးကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သလို ကျေးလက်နေ ပြည်သူလူထု၏ လူမှု စီးပွားဘဝကိုလည်း ကိုယ်စားပြုလျက်ရှိသည်။ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ၏ ၂၂ ရာခိုင်နှုန်းကို လယ်ယာသားငါးကဏ္ဍမှ ဖြည့်ဆည်းပေးလျက် ရှိရာ အဆိုပါကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးသည် နိုင်ငံတော်က ချမှတ်ဆောင်ရွက်နေသည့် ဦးတည်ချက် (၉) ရပ်တွင် စီးပွားရေးရည်မှန်းချက်အဖြစ် ပါဝင်လျက် ရှိသည်။
အရည်အသွေးကောင်းမွန်သော အသားနှင့်နို့များ ပံ့ပိုးပေးနိုင်ရန်
ထို့ကြောင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို တိုးပွားလာခဲ့ သော လူဦးရေအတွက် အာဟာရပြည့်ဝပြီး အရည်အသွေးကောင်းမွန် သော အသားနှင့်နို့များ ပံ့ပိုးပေးနိုင်ရန်၊ နိုင်ငံတော်၏ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် ဝန်ဆောင်မှုအရ မွေးမြူ ထုတ်လုပ်မှုတိုးတက်မြင့်မားရေးစေရန်၊ တိရစ္ဆာန်ကျန်းမာရေး၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများကို စီမံခန့်ခွဲဆောင်ရွက်ရန် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနသည် အစိုးရဌာနများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်အရေအတွက် ပေါများစွာ ရှိပြီး ပြည်တွင်းစားသုံးမှုဖူလုံ၍ ပြည်ပတင်ပို့နိုင်သည့် နိုင်ငံခြား ဈေးကွက်ရှိခြင်းကြောင့် မွေးမြူရေးကဏ္ဍသည် နိုင်ငံခြားဝင်ငွေရရှိ နိုင်သလို ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်နိုင်သော ကဏ္ဍတစ်ခုဖြစ်သည်။
တစ်ဖက်တွင်လည်း မွေးမြူသူအများစုသည် တစ်ပိုင်တစ်နိုင် မွေးမြူရေးနည်းစနစ်ကို ကျင့်သုံးနေဆဲဖြစ်သည့်အတွက် တိရစ္ဆာန် တစ်မျိုးချင်း ထုတ်လုပ်မှုမြင့်မားလာစေရန် မွေးမြူရေးနှင့် ကာကွယ် ကုသရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်သည်။
ထို့ပြင် အသားစားနွား၊ ခိုင်းနွား၊ နို့စားနွား၊ နွားနောက်နှင့် သိုး၊ ဆိတ်စသည်ဖြင့် အမျိုးအစားအမျိုးမျိုးရှိရာ အစာအာဟာရဆိုင်ရာ သွင်းအားစုများဖြစ်သည့် မြက်မျိုးနှင့် စားကျက်များသည်လည်း မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလျက် ရှိသည်။
စားကျက်ဖြင့် လွှတ်ကျောင်းခြင်းစနစ်မှ တိရစ္ဆာန်အစာပင်များစိုက်ပျိုးပြီး ရိတ်သိမ်းကျွေးမွေးသည့် ခြံလှောင်မွေးမြူရေးစနစ်သို့ ပြောင်းလဲခြင်းကို အောင်မြင်အောင်ဆောင်ရွက်ရန် လိုအပ်သလို အစုအဖွဲ့ဖြင့် မွေးမြူသည့်အလေ့အကျင့်များ၊ သမဝါယမစနစ်များ ထူထောင်ပေးခြင်း၊ ကူးစက်ရောဂါများကို စနစ်တကျကာကွယ် ထိန်းချုပ်ခြင်း၊ မွေးမြူမှုအားလုံးကို စီးပွားဖြစ် မွေးမြူရေးဖြစ်အောင် ပံ့ပိုးဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြား ထားသည်။
မွေးမြူရေးကဏ္ဍကို ပြုပြင်ပြောင်းလဲနိုင်ရန်
သို့မို့ကြောင့် မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍတွင် ယခင်က တိရစ္ဆာန်များကို စားကျက်တွင် လွှတ်ကျောင်းကျွေးမွေးသည့် မိရိုး ဖလာဓလေ့မှ တိရစ္ဆာန်စားပင်များ စိုက်ပျိုးကျွေးမွေးသည့် အလေ့ အထကောင်းများ၊ မွေးမြူထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများ၊ အသိအမြင် ဗဟုသုတများစွာကို မျှဝေပေးနိုင်ခဲ့သည့်အတွက် မွေးမြူ ရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲသည် မွေးမြူရေးကဏ္ဍကို ပြုပြင်ပြောင်းလဲ နိုင်ရန် သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
ထို့အတူ မွေးမြူသူတောင်သူများအနေဖြင့် သမားရိုးကျမွေးမြူ ထုတ်လုပ်မှုမှသည် စီးပွားဖြစ် မွေးမြူထုတ်လုပ်နိုင်ရန် မျိုးကောင်း မျိုးသန့်များ၊ နည်းပညာအသစ်များ၊ အခွင့်အလမ်းများကို လေ့လာခွင့် ရခဲ့သည့်အတွက် ပိုမိုမွေးမြူထုတ်လုပ်နိုင်ခြင်းဖြင့် မဝေးတော့ သည့် အနာဂတ်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ထိုမှတစ်ဆင့် နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။
- Log in to post comments