ပြည်ပပို့ကုန်များအနေဖြင့် သက်ဆိုင်ရာနိုင်ငံများက သတ်မှတ် ထားသည့် ကုန်ပစ္စည်း အရည်အသွေး စံချိန်စံညွှန်းများကို တိကျစွာ လိုက်နာဆောင်ရွက်မှသာ ဈေးကွက်သေချာစေမည်ဖြစ်ပြီး မလိုလား အပ်သော ထိခိုက်ဆုံးရှုံးမှုများကို ရှောင်လွှဲနိုင်ကြမည်ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ် တင်ပို့ခြင်းနှင့်ပတ်သက်၍ ကုန်သွယ်မှု ချောမွေ့ စေရန် နှစ်နိုင်ငံတာဝန်ရှိသူများ၏ ညှိနှိုင်းသဘောတူညီမှုများအရ စိုက်ပျိုးထုတ်လုပ်သူများ၊ တင်ပို့သူလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်ရန် လိုအပ်သည့်အချက်များကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
(က) တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်အတွက် ပြောင်းစိုက်ပျိုး ထုတ်လုပ်သူများ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ
၁။ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် ထုတ်လုပ်ရန် ရည်ရွယ်၍ ပြောင်းစိုက်ပျိုးရာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (Good Agricultural Practices, GAP) စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်ပြီး သတ်မှတ်လုပ်ငန်းစဉ်များ အတိုင်း လိုက်နာဆောင်ရွက်ရမည်။
၂။ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရာတွင် ဘက်စုံသီးနှံ ကာကွယ်ရေးစနစ် (Integrated pest Management, IPM) ကို ကျင့်သုံးဆောင်ရွက်ရမည်။
၃။ ပိုးမွှားရောဂါကျရောက်မှုအား မှတ်တမ်းတင်ထားရှိရန်၊ ပိုးမွှားရောဂါများ ကျရောက်ပါက ထိရောက်စွာ ထိန်းချုပ် ရန်နှင့် အပင်သက်တမ်းအလိုက် အသုံးပြုခဲ့သော ဓာတုဆေး များ၏ အမည်၊ အသုံးပြုသည့် ရက်စွဲ၊ ဆေး၏ ပြင်းအားများ အား မှတ်တမ်းပြုစုထားရှိရမည်။
၄။ မျိုးရိုးဗီဇပြုပြင်ထားသောမျိုး (Genetically Modified Organism, GMO) မဟုတ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံထားသော၊ မျိုးစေ့ဥပဒေအရ ထုတ်ပေးထားသော မျိုးသစ် အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် ပြောင်းမျိုး များကိုသာ စိုက်ပျိုးရမည်။
၅။ ပြောင်းစိုက်ပျိုးထုတ်လုပ်သည့် ဒေသသည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သတ်မှတ်ထားသော တိရစ္ဆာန်ကူးစက် ရောဂါများ ဖြစ်ပွားခြင်းမရှိသည့် ဒေသဖြစ်ရမည်။
၆။ ပြောင်းစိုက်ခင်းများသည် တိရစ္ဆာန်မွေးမြူရေး ခြံ/ ကွင်း၊ စားကျက်မြေများနှင့် နီးကပ်ခြင်းမရှိစေရန် အထူးဂရုပြု ရမည်။
(ခ) တင်ပို့သူ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များ
၁။ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်ထုတ်လုပ်သော လုပ်ငန်းရှင် များသည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထုတ်ပေး သော တိရစ္ဆာန်အစာချဉ်ဖတ် ထုတ်လုပ်ခြင်းလုပ်ငန်း ခွင့်ပြု လက်မှတ်ရရှိသူဖြစ်ရမည်။
၂။ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့နှင့် ပူးပေါင်းစိုက်ပျိုး ထုတ်လုပ်မည့် တောင်သူလယ်သမားများ စာရင်းကို ပြုစု၍ စိုက်ပျိုးရေးဦးစီးဌာနသို့ မှတ်ပုံတင်ထားရှိရမည်။
၃။ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် ပြုလုပ်ရန် သင့်တော်သော အချိန် (ပြောင်းဖူးအစေ့၏ Late Milk Ripening မှ Early Stage of Wax Ripening အထိ) တွင် ခုတ်သိမ်းခြင်း ဆောင် ရွက်ရမည်။
၄။ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် ထုတ်လုပ်၊ သိုလှောင်သော နေရာသည် တိရစ္ဆာန်မွေးမြူရေး ကွင်း / ခြံ၊ စားကျက်မြေ များနှင့် ထိစပ်မှုမရှိစေဘဲ တိရစ္ဆာန်အညစ်အကြေးများ ကင်းစင်သောနေရာ ဖြစ်ရမည်။
၅။ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်များထုပ်ပိုးခြင်း ပြုလုပ်ရာတွင် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည် -
(က) သန့်စင်သော Plastic Stretch Film အသစ်များဖြင့်
လုံခြုံစွာထုပ်ပိုးရမည်။
(ခ) မူလထည့်သွင်း ပမာဏထက် (၅၀%)ကျော် ဖိသိပ်
ထည့်သွင်းရမည်။
(ဂ) အထပ်အရေအတွက် (၄ မှ ၈) ထပ် ထည့်သွင်းထုပ်ပိုး
ရမည်။
(ဃ) ထုပ်ပိုးပြီး ကဇော်ဖောက်ခြင်းကို အနည်းဆုံး
(၄၈)ရက် ထားရှိရမည်။
(င) မြေ၊ မြက်ရိုင်းစသည့် မသန့်စင်သော ပစ္စည်းများ
ပါဝင်မှုမရှိစေရန် ဂရုပြုရမည်။
၆။ ထုပ်ပိုးပြီးသော Silage များအား ခြောက်သွေ့သန့်ရှင်းသောနေရာများတွင် သီးခြားသိုလှောင်ထားပြီး သိုလှောင်သီးနှံ ဖျက်ပိုးကာကွယ်ရေးစနစ်များ ကျင့်သုံးဆောင်ရွက်ရမည်။
၇။ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသော ကိရိယာများအား ပိုးသတ်၍သန့်ရှင်းရန် ဆောင်ရွက်ရမည်။
၈။ ကဇော်ဖောက်ရန် သိုလှောင်စဉ်နှင့် သယ်ယူပို့ဆောင်ရာတွင် Plastic Stretch Film များ မပျက်စီးစေရန် အထူးဂရုပြု ဆောင်ရွက်ရမည်။
၉။ ထုပ်ပိုးပြီး တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်များအား တင်ပို့ခြင်း မပြုမီ စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့မှ စစ်ဆေးမှုပြုနိုင်ရန် နမူနာများ ပေးပို့ရမည်။
၁၀။ တရုတ်နိုင်ငံမှသတ်မှတ်ထားသော သီးနှံဖျက်ပိုး (အင်းဆက်၊ ရောဂါ၊ ပေါင်း) များနှင့် တိရစ္ဆာန်ကူးစက်ရောဂါများ ကင်းရှင်းကြောင်း စစ်ဆေးပြီးမှသာ သတ်မှတ်ထားသော Certificate များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ထုတ်ပေးမည်ဖြစ်သည်။
၁၁။ ထုပ်ပိုးပြီးသော တိရစ္ဆာန်အစာပြောင်းချဉ်ဖတ် တစ်ထုပ် ခြင်းစီတွင် “ထုပ်ပိုးခြင်းလုပ်ငန်းများ၏ အမည်၊ မှတ်ပုံတင် အမှတ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ 出口到中华人民共和国 “To China” ဟူသော စာသားများအား အင်္ဂလိပ်ဘာသာ၊ တရုတ် ဘာသာတို့ဖြင့် ရေးသားဖော်ပြရမည်။
၁၂။ ထုပ်ပိုးပြီး တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်များကို အလုံပိတ် ကုန်တင်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရမည်။ အလုံပိတ် ကုန်တင်ယာဉ်မဟုတ်ပါက ထုပ်ပိုးပြီး တိရစ္ဆာန်အစာ ပြောင်း ချဉ်ဖတ်များ တင်ဆောင်ထားသော ကုန်တွဲအား သန့်စင်သော မိုးကာစ (Tarpaulin) ဖြင့် သေချာစွာ ဖုံးအုပ်ရမည်။
၁၃။ စိုက်ပျိုးခြင်း၊ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းအဆင့်ဆင့်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနတို့မှ စစ်ဆေးပြီးမှသာ တရုတ် နိုင်ငံသို့ တင်ပို့ခွင့်ရရှိသည့် စာရင်းတွင် ထည့်သွင်းသတ်မှတ် ပေးခြင်း ကို လိုက်နာရမည်။
၁၄။ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် ထုတ်လုပ်သော လုပ်ငန်းရှင် များသည် အထက်ပါအချက်များအပြင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သတ်မှတ်ထားသော စည်းကမ်းချက် များကိုလည်း လိုက်နာရမည်။
(ဂ) စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးရမည့် အချက်များ
၁။ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် (Maize Silage) ထုတ်လုပ် တင်ပို့သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများ၏ မှတ်ပုံတင်ရန် လိုအပ် သည့် လုပ်ထုံးလုပ်နည်းများအား ထုတ်ပြန် သတ်မှတ်ပေးရမည်။
၂။ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် အသုံးပြုရန် ပြောင်းစိုက်ပျိုးခြင်း၊ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် (Maize Silage) ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်း အဆင့်ဆင့်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စစ်ဆေးပြီး တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိသည့် စာရင်းကို ပြုစုတင်ပြရမည်။
၃။ တင်ပြလျှောက်ထားလာသည့် ကုမ္ပဏီ/ အဖွဲ့အစည်းများအား မှတ်ပုံတင်၍ တရုတ်နိုင်ငံ GACC(General Administration of Customs of China) သို့ ဆက်သွယ်ပေးပို့ဆောင်ရွက် ရမည်။
၄။ “ပြောင်း” စိုက်ပျိုးထုတ်လုပ်သူများအား စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ Good Agricultural Practices (GAP) စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ လိုအပ်သည့် နည်းပညာ ပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး သတ်မှတ် လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး ကွင်းဆင်း စိစစ်၍ မှတ်တမ်းရေးသွင်းမှု (field record) အား ကြီးကြပ် ဆောင်ရွက်ရမည်။
၅။ ဖျက်ပိုးများ (အင်းဆက်၊ ရောဂါ၊ ပေါင်း) ကျရောက်မှုမရှိစေရန်နှင့် ကျရောက်ပါက ထိရောက်စွာ ကာကွယ်နှိမ်နင်းနည်းများ ဆောင်ရွက်နိုင်ရန်၊ ဘက်စုံသီးနှံကာကွယ်ရေးစနစ်ကို လိုက်နာ ကျင့်သုံးစေရန် ပညာပေးသင်တန်းများ ဆောင်ရွက်ခြင်း၊ စိုက်ကွင်းအတွင်း ကြီးကြပ်ဆောင်ရွက်မှုများကို ပြုလုပ် ပေးရမည်။
၆။ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် (Maize Silage) ကိုယ်စားပြု နမူနာများအား သီးနှံကာကွယ်ရေးဌာနခွဲ၌ စစ်ဆေး၍ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် (Phytosanitary Ceritifcate, PC) များကို အလုပ်လုပ်ရက် (၃) ရက်အတွင်း ထုတ်ပေးရမည်။
တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် (Maize Silage) တင်ပို့ရန်
ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်
(Phytosanitary Ceritifcate, PC) လျှောက်ထားရာတွင်
လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
တရုတ်နိုင်ငံသို့ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် (Maize Silage) တင်ပို့လိုသူသည် -
၁။ သက်ဆိုင်ရာ ဦးစီးဌာနများတွင် မှတ်ပုံတင်ထားရှိပြီးသူ ဖြစ်ရမည်။
၂။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထုတ်ပေးသော တိရစ္ဆာန် အစာချဉ်ဖတ် ထုတ်လုပ်ခြင်း လုပ်ငန်းခွင့်ပြုလက်မှတ်ရရှိ ပြီးသော လုပ်ငန်းမှ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် (Maize Silage) များကိုသာ တင်ပို့ရမည်။
၃။ တိရစ္ဆာန်အစာပြောင်းချဉ်ဖတ်(Maize Silage)ကို ပြည်ပသို့ တင်ပို့ခြင်းအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ထောက်ခံချက်လက်မှတ် ရရှိပြီးဖြစ်ရမည်။
၄။ ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်ရရှိရန် စိုက်ပျိုး ရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)နှင့် နယ်စပ် စစ်ဆေးရေးစခန်းများတွင် ပြည်ပသို့ မတင်ပို့မီ (သင်္ဘော/ လေယာဉ်/ ကားမတင်မီ) ကြိုတင်လျှောက်ထားရမည်။ လျှောက်ထားရာတွင် အောက်ပါအချက်များကို ပြည့်စုံစွာပူးတွဲ တင်ပြရမည် -
(က) သတ်မှတ်သည့် ပိုးမွှားကင်းရှင်းကြောင်း သက်သေခံ
လက်မှတ်လျှောက်လွှာပုံစံ (ဖြည့်စွက်ပြီး)၊
(ခ) သက်ဆိုင်ရာဘဏ်မှ ငွေသွင်းချလန်(မူရင်း)၊
(ဂ) တင်ပို့မည့် Maize Silage အတွက် ကိုယ်စားပြု
နမူနာ (၁ကီလို/၁၀၀ မက်ထရစ်တန်)၊
(ဃ) တိရစ္ဆာန်အစာပြောင်းချဉ်ဖတ် (Maize Silage) တွင်
တိရစ္ဆာန်များ၌ ကူးစက်တတ်သော ရောဂါများ
ကင်းရှင်းကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏
ထောက်ခံချက်၊
၅။ တရုတ်နိုင်ငံ၏ အောက်ပါသတ်မှတ်ချက်များကိုသိရှိပြီး ပိုးမွှား ကင်းရှင်းကြောင်းသက်သေခံ လက်မှတ်ကို လျှောက်ထားရ မည်။ တင်ပို့မည့် တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် (Maize Silage) တွင် -
(က) ပိုးစေးနှဲ (Mealybug) လုံးဝ ကင်းရှင်းရမည်။
(ခ) ဒေါင်းနီးမှိုရောဂါ (Brown Stripe Downy Mildew
Disease) လုံးဝကင်းရှင်းရမည်။
(ဂ) စန်ခရမ်မြက်(Bur Grass)၊ ပိစပ်(Siam weed)၊ နှံစား
ပြောင်းရိုင်း (Johnson grass)၊ ပြောင်းစားဘီလူး-
အဖြူ (Giant witchweed)၊ ပြောင်းစားဘီလူး-အနီ
(Red witchweed) နှင့် ပြောင်းစားဘီလူး-ခရမ်း
(Purple witchweed) စသည့် ပေါင်းမြက်များ လုံးဝ
ကင်းရှင်းရမည်။
၆။ တင်ပို့မည့်သူကိုယ်တိုင် လျှောက်ထားခြင်းမဟုတ်ပါက ကုမ္ပဏီ Letter Head ဖြင့် ကိုယ်စားလှယ်လွှဲစာ ပါရှိရမည်။ ကုမ္ပဏီ တစ်ခုလျှင် ကိုယ်စားလှယ် (၂) ဦး ဆောင်ရွက်ရန် စာရင်းသွင်း မှတ်ပုံတင်ထားရှိရမည်။
၇။ ပိုးမွှားကင်းရှင်းကြောင်းသက်သေခံလက်မှတ်ခမှာ တစ်စောင် လျှင် ၃၀၀၀၀ ကျပ် သတ်မှတ်ထားပြီး သက်ဆိုင်ရာ မြန်မာ့ စီးပွားရေးဘဏ်များတွင် ပေးသွင်းရမည်ဖြစ်ပါသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန