တီဘီရောဂါကင်းစင်ဖို့ လူသားအားလုံး ပူးပေါင်းပါဝင်စို့

Type
7

 

ကမ္ဘာ့တီဘီရောဂါနေ့ အသိပညာပေးဆောင်းပါး

ချည်

တီဘီရောဂါသည်  ယခုအချိန်ထိ ကမ္ဘာ့အသေအပျောက် အများဆုံးရောဂါများထဲမှ တစ်ခုအဖြစ် ရပ်တည် နေဆဲဖြစ်ပြီး မကြာသေးမီနှစ်များကပင် ဆေးယဉ်ပါးတီဘီရောဂါအတွက် စိုးရိမ်စရာကိစ္စရပ်များ ဖြစ်ပေါ် ခဲ့သည်ကို အားလုံးသတိပြုကြမိမည်ထင်ပါသည်။
 

မတ်လ  ၂၄ ရက်နေ့သည်  ကမ္ဘာ့တီဘီရောဂါ နေ့(World Tuberculosis Day)  ဖြစ်ပြီး  အဓိက ရည်ရွယ်ချက်မှာ တီဘီရောဂါကြောင့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာများတွင် ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် အကျိုးဆက်များအကြောင်းကို ပြည်သူများထံသို့ အသိပေးဆောင်ရွက်နိုင်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါ ပပျောက်နိုင်စေရေး ကြိုးပမ်းဆောင်ရွက်ရန်တို့ဖြစ်ပါသည်။ တီဘီရောဂါ (TB)   ကျူဘာကယ်  ဘက်စီလပ်  (ခ)   (tubercle bacillus) ရောဂါသည်  ဗက်တီးရီးယားပိုးအမျိုးမျိုး ကြောင့် ဖြစ်ပွားရသည့်  ရောဂါဖြစ်ပြီး  ကြပ်ကြပ် မတ်မတ်ကုသခြင်းမျိုးမပြုလုပ်ပါက      လူ့အသက် အန္တရာယ်ကိုပင် ခြိမ်းခြောက်လာနိုင်သည့် ကူးစက် ရောဂါတစ်မျိုးလည်းဖြစ်ပါသည်။ 


သမိုင်းကြောင်း


ကမ္ဘာ့တီဘီရောဂါနေ့  ဆောင်ပုဒ်သည်  “Yes! We   can  end  TB”   ဖြစ်ပြီး   ၁၈၈၂  ခုနှစ်တွင် ဒေါက်တာ Robert Koch  သည် တီဘီရောဂါဖြစ်စေ သည့် ဗက်တီးရီးယားပိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ပြီး       ရောဂါရှာဖွေခြင်းနှင့်        ကုသ ပျောက်ကင်းရန် လမ်းဖွင့်ပေးသည့်  အဆိုပါနေ့ကိုကမ္ဘာ့တီဘီရောဂါနေ့အဖြစ်      သတ်မှတ်ခဲ့ခြင်းပင် ဖြစ်ပါသည်။
၂၀၂၃  ခုနှစ်  စက်တင်ဘာလတွင်ပြုလုပ်သည့် တီဘီရောဂါဆိုင်ရာ       ကုလသမဂ္ဂအဆင့်မြင့် အစည်းအဝေးအပြီးတွင် ဥရောပ  ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က အားပေးစကားပြောကြားပြီး ကမ္ဘာ့ တီဘီရောဂါဝေဒနာရှင်များအနေဖြင့်     အောက်ပါ အချက်များကို   လိုက်ပါဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်။
(၁)    ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏  အကြံ ပြုချက်များကို လိုက်နာဆောင်ရွက်ခြင်း၊
(၂)    ဆန်းသစ်တီထွင်ထားသည့် ကုထုံးများကို လိုက်ပါကျင့်သုံးဆောင်ရွက်ခြင်း၊
(၃)    အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း
စသည့်အချက်များကို        လိုက်နာကျင့်သုံး ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။


အဆုတ်တီဘီ ဆိုသည်မှာ


အဆုတ်တီဘီဆိုသည်မှာ         တစ်သျှူးများကို တိုက်ခိုက်ဖျက်ဆီးတတ်သော ဗက်တီးရီးယားပိုး ကူးစက်ခံရခြင်းဖြစ်ပါသည်။     ထိုဗက်တီးရီးယား ကို  Mycobacterium  tuberculosis  (MTB)  ဟု ခေါ်ပြီး  ၎င်းပိုးသည်  လေထဲမှတစ်ဆင့်   ကူးစက် ပျံ့နှံ့ကာ လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်နိုင်ပါသည်။ ထိုပိုးကူးစက်ခြင်းခံရသည့်        လူအများစုသည် လက္ခဏာမပြသည့် အဆုတ်တီဘီရောဂါ ခံစားနေရ ပါသည်။      ကိုယ်ခံအားအ‌ပေါ်မူတည်၍     အချိန် အတိုင်းအတာတစ်ခု     သို့မဟုတ်   သီတင်းပတ် အနည်းငယ်မှ  နှစ်အတန်ကြာမှသာ  တီဘီရောဂါ လက္ခဏာများ   ပြသခြင်းကို    ဖြစ်ပေါ်နိုင်ပါသည်။  အထူးသဖြင့်    ခုခံအားကျဆင်းမှု   ကူးစက်ရောဂါ၊ ကင်ဆာ     သို့မဟုတ်    ကင်ဆာဆေးကုထုံး   ခံယူ နေခြင်း      စသည့်     ကိုယ်ခံအားနည်းစေသော အကြောင်းရင်းများရှိပါက တီဘီရောဂါ  ပို၍အဖြစ် လွယ်ပါသည်။      တီဘီရောဂါ၏    ကြောက်စရာ ကောင်းသည့်အချက်သည်      အဆုတ်ကို    ထိခိုက် စေခြင်း၊    အရိုး၊   ပြန်ရည်ကျိတ်၊    ပင်မအာရုံကြော အဖွဲ့အစည်း၊    နှလုံးနှင့်   အခြားအင်္ဂါများသို့   ပျံ့နှံ့ ဝင်ရောက်နိုင်ခြင်းပင်ဖြစ်ပါသည်။


အဖြစ်များသည့် ရောဂါဖြစ်


တီဘီရောဂါသည်       လူဦးရေထူထပ်ခြင်းနှင့် အာဟာရချို့တဲ့ခြင်းများနှင့်လည်း      ဆက်စပ်နေ ကြောင်း လေ့လာတွေ့ရှိရသည်။ တီဘီရောဂါရှိသည့် နေရာပတ်ဝန်းကျင်တွင် နေထိုင်သူများ၊ မသန့်ရှင်း သည့် ဆေးထိုးအပ်များသုံးစွဲသူများ၊  လူစုလူဝေး များသည့်နေရာများတွင်  နေထိုင်သူများနှင့် အလုပ် လုပ်သူများ၊ ကျန်းမာရေးစောင့်ရှောက်ခံရမှု နည်းသူ များ၊      ဝင်‌ငွေနည်းပါးသူများ၊    ရောဂါပိုးရှိသည့် လူကြီးများနှင့်  အတူနေထိုင်သည့် ကလေးသူငယ် များ၊ HIV/AIDS  ကဲ့သို့သော ခုခံအားကျဆင်းသည့် ရောဂါကူးစက်ခံနေရသူများ၊      ခုခံအားကျဆင်း စေသည့်  ဆေးဝါးသုံးစွဲသူများနှင့်   ရောဂါရှိလူနာ များကို စောင့်ရှောက်ကုသပေးရသည့် ကျန်းမာရေး ဝန်ထမ်းများတွင်လည်း  တီဘီရောဂါကူးစက်နိုင်ခြေ မြင့်မားနိုင်ပါသည်။
ထို့ပြင်  နာတာရှည်အဆုတ်ရောဂါသည် တီဘီ ရောဂါဖြစ်ပွားစေနိုင်သော       သိသာထင်ရှားသည့် အချက်တစ်ခုပင်ဖြစ်ပါသည်။ ဆေးလိပ်၊ စီးကရက် နှင့် အရက်ကို လွန်ကျွံစွာ သောက်သုံးသူများသည် သာမန်လူများထက်     တီဘီရောဂါဖြစ်ပွားနိုင်ခြေ နှစ်ဆရှိပါသည်။ ဆီးချိုရောဂါရှိသူများတွင် တီဘီ ရောဂါဖြစ်ပွားနိုင်ခြေ  သုံးဆများကြောင်း   ဖော်ပြ ချက်များတွင် ဖတ်ရှုမိပါသည်။


အဆုတ်တီဘီရောဂါ၏ 
လက္ခဏာများ


တီဘီရောဂါပိုး  စတင်ဝင်ရောက်ပြီး လက္ခဏာ မပြသေးခင်  ကြားကာလတွင်  သင်သည် သာမန် လူကဲ့သို့ပင်  နေထိုင်နိုင်မည်ဖြစ်ပါသည်။     လူနာ အများစုသည်    ဤအဆင့်တွင်   ရောဂါလက္ခဏာ မပြသလို ရောဂါလည်းမပျံ့နှံ့နိုင်ပါ။  တီဘီရောဂါ ဖြစ်ပွားပြီဆိုပါက    ပိုးဝင်ရောက်ပျံ့နှံ့သည့်    အနေ အထားပေါ်မူတည်၍  များသောအားဖြင့်    ရောဂါ လက္ခဏာသည်    ချောင်းဆိုးခြင်း    (အနည်းဆုံး သုံးပတ်ခန့်)၊  သလိပ်ထွက်ခြင်း၊ ချောင်းဆိုးရာတွင် သွေးပါခြင်း၊ အဖျားတက်ခြင်း၊ ညဘက်ချွေးပြန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊      အစာစားချင်စိတ် နည်းခြင်း၊ မောပန်းခြင်းနှင့်  အားနည်းခြင်းများကို ခံစားရမည်ဖြစ်ပါသည်။ တီဘီရောဂါလက္ခဏာများ သည်    အခြား    အဆုတ်နှင့်ဆိုင်သော    ရောဂါများ ကြောင့်လည်းဖြစ်နိုင်ပါသည်။  အထက်တွင် ဖော်ပြ မထားသော     အခြားလက္ခဏာများလည်းရှိနိုင်ပါ သည်။ အကယ်၍ မိမိတွင် ရောဂါလက္ခဏာ တစ်ခုခု ခံစားနေရသည်ဟု သံသယဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။


တီဘီရောဂါဖြစ်ပွားမှုနှုန်းနှင့် 
သေဆုံးမှု 


တီဘီရောဂါသည် ကမ္ဘာတစ်ဝန်းဖြစ်ပွားမှုနှုန်း သာမက       သေဆုံးမှုပါ        မြင့်မားသည့်ရောဂါ ဖြစ်ကြောင်း   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  က ထုတ်ပြန်ထားပါသည်။   တီဘီရောဂါသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါမတိုင်မီ လူသေဆုံးမှုအများဆုံး ရောဂါအဖြစ် ရပ်တည်နေပြီး ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်များတွင် တစ်နှစ်လျှင်  ပျမ်းမျှလူ ၁ ဒသမ ၅ သန်းခန့်သည် တီဘီရောဂါကြောင့်  အသက်ဆုံးရှုံး ခဲ့ရသည်။ ၂၀၂၀  ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ လူ    ၁၀     ဒသမ   ၅  သန်းခန့်သည်    တီဘီရောဂါနှင့် ဆေးယဉ်ပါး  တီဘီရောဂါများကြောင့်   နာမကျန်း ဖြစ်ခဲ့ကြပြီး   ထိုအထဲမှ  လူနာ  ၁  ဒသမ ၅ သန်းခန့် သေဆုံးခဲ့ရသည်။   မြန်မာနိုင်ငံတွင်   ၂၀၂၀  ပြည့်နှစ် အတွင်း လူ ၂၀၀၀၀ ခန့်သည်  တီဘီရောဂါ အမျိုး မျိုးကြောင့်    သေဆုံးခဲ့ခြင်းဖြစ်ကြောင်း    ခန့်မှန်း တွက်ဆထားကြသည်။         ယခုအချိန်ကာလအထိ တီဘီရောဂါသည် ကမ္ဘာ့ကပ်ရောဂါအဖြစ် တည်ရှိ နေဆဲဖြစ်ပြီး လူအချင်းချင်း ကူးစက်ပြန့်ပွားဆဲနှင့် သေဆုံးစေမြဲလည်း ဖြစ်ပါသည်။
တီဘီကျန်းမာရေး စောင့်ရှောက်မှု
(၁)    တီဘီရောဂါလက္ခဏာများ  ခံစားရပါက တီဘီရောဂါ  ရှိ၊မရှိ   စောစောဆန်းစစ်မှု ခံယူသင့်ပါသည်။
(၂)    တီဘီရောဂါဖြစ်နိုင်ခြေ     ပိုများသောသူ ဖြစ်ပါက    တီဘီရောဂါကို      ကြိုတင် ကာကွယ် ကုသရန် ရောဂါပိုးစစ်ဆေးမှုကို အချိန်မီခံယူသင့်ပါသည်။
(၃)    အရည်အသွေးပြည့်   တီဘီကျန်းမာရေးစောင့်ရှောက်မှုကို     မြို့နယ်ကျန်းမာရေး ဦးစီးဌာနများနှင့် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၏      မိတ်ဖက် ဆေးခန်းများတွင် ရယူနိုင်ပါသည်။


တီဘီရောဂါပိုးသည်   လူတစ်ဦးနှင့်   တစ်ဦးထံ လေမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ အဆုတ်တီဘီ ဖြစ်နေသည့်လူနာ   ချောင်းဆိုးခြင်း၊   နှာချေခြင်း ပြုလုပ်လိုက်ခြင်းကြောင့်      တီဘီရောဂါပိုးများ လေထဲတွင်    ပျံ့နှံ့ရောက်ရှိကာ   အခြားလူများက ထိုလေကိုရှူရှိုက်လိုက်ခြင်းဖြင့်လည်း     ရောဂါပိုး ကူးစက်ဝင်ရောက်နိုင်ပါသည်။ တံတွေးထွေးသည့် အခါမျိုးတွင် သလိပ်ထဲ တီဘီရောဂါပိုးများ ပါလာပြီး သလိပ်များ ခြောက်သွားသည့်အခါ ဖုန်များနှင့်အတူ တီဘီရောဂါပိုးများသည် လေထဲပျံ့သွားနိုင်ပါသည်။ ထိုလေများကို ရှူရှိုက်မိလိုက်ခြင်းဖြင့် တီဘီရောဂါပိုး ကူးစက်ဝင်ရောက်နိုင်သော်လည်း မိမိတွင် ထိုရောဂါ ပိုးကို  တိုက်ထုတ်နိုင်သည့် ကိုယ်ခံအားရှိနေသရွေ့ တီဘီရောဂါပိုးကူးစက်ခြင်းများ     မဖြစ်ပေါ်နိုင်ပါ။ ရောဂါပိုး ကူးစက်သည့်အခါ ရောဂါလက္ခဏာမပြဘဲ ငုပ်နေတတ်ပြီး ၎င်းရောဂါပိုးငုပ်နေသူ ဆယ်ဦးတွင် တစ်ဦးသာ အဆုတ်နာရောဂါ ဖြစ်ပွားသည့်အဆင့်သို့ ရောက်ရှိနိုင်ပါသည်။   အကယ်၍   ရောဂါကူးစက် ခံနေရသည်ကို ဆေးမကုသဘဲ နေမည်ဆိုပါက ပုံမှန် ဆေးကုသမှုခံယူနေသည့်     တီဘီလူနာရှင်ထက် သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိပါသည်။ ထို့ကြောင့် ကူးစက်ခံရသည်ဟု  သံသယရှိပါက ဆောလျင်စွာ ကုသခြင်းကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ 


ဆေးယဉ်ပါး         တီဘီဖြစ်ပေါ်လာရသည့် အကြောင်းအရင်းသည်      တီဘီရောဂါအတွက် သောက်ရန်  ညွှန်ကြားထားသည့် ဆေးဝါးများကို စနစ်တကျ  အချိန်မှန်/ပုံမှန်   မသောက်သုံးခြင်း၊ သတ်မှတ်ကာလပြည့်အောင်    ဆေးကုသမှုမခံယူ ခြင်း၊ မိမိသဘောနှင့်မိမိ  ဆေးသောက်ရပ်ခြင်းတို့မှ တစ်ဆင့် ဆေးယဉ်ပါးတီဘီ   ဖြစ်ပေါ်လာနိုင်သည့် အပြင် ဆေးယဉ်ပါးတီဘီရောဂါပိုးရှိသူထံမှ တိုက်ရိုက် ကူးစက်ခံရခြင်းကြောင့်လည်း    ဖြစ်ပေါ်နိုင်ပါသည်။    ဆေးယဉ်ပါးတီဘီအဆင့်  ရောက်ရှိသွားမည်ဆိုပါက   လက်ရှိကုသနေသည့်  ဆေးများကို  တီဘီပိုးက    ယဉ်သွားသည့်အတွက် ကုထုံးလည်း      ပြောင်းပေးရမည်      ဖြစ်ပါသည်။ ဆေးယဉ်ပါးတီဘီရောဂါ၏     လက္ခဏာများသည် ရိုးရိုးတီဘီရောဂါ၏    လက္ခဏာများနှင့်    ဆင်တူ ပါသည်။    ထို့ကြောင့်   ဆေးယဉ်ပါးခြင်း   ရှိမရှိကို စစ်ဆေးမှုများ ထပ်မံပြုလုပ်ပေးရမည်ဖြစ်ပါသည်။ ဆေးယဉ်ပါး  တီဘီရောဂါကို  မကုသဘဲထားမည် ဆိုပါက  နောက်ဆက်တွဲဆိုးကျိုးအနေဖြင့်   တီဘီ ရောဂါပိုးသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အသက်အန္တရာယ်ပါ       ထိခိုက်နိုင်စေပါသည်။ မိမိထံမှတစ်ဆင့်     အခြားသူများထံသို့    ကူးစက် သွားမည်ဆိုပါကလည်း    ထိုသူများထံတွင်လည်း ဆေးယဉ်ပါးတီဘီ     ဖြစ်စေနိုင်ပါသည်။       ဤကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးများ      မဖြစ်ပေါ်စေရေး အတွက် တီဘီဆေးများကို နေ့စဉ်အချိန်မှန်မှန်နှင့် ဆေးပတ်လည်အောင်     သောက်ပေးရမည်   ဖြစ်ပါ သည်။ တီဘီဆေး၏ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ် လာပါကလည်း  မိမိသဘောနှင့်မိမိ   ဆေးသောက် ရပ်လိုက်ခြင်းမျိုးမပြုလုပ်ဘဲ ဆရာဝန်/ ကျန်းမာရေး စောင့်ရှောက်သူများနှင့် အရင်ဆုံး တိုင်ပင်ဆွေးနွေး သင့်ကြောင်း အကြံပြုချင်ပါသည်။  

   
ကလေးများနှင့် 
တီဘီရောဂါအန္တရာယ်


ကမ္ဘာပေါ်တွင် တီဘီရောဂါ  ဖြစ်ပွားနေသူများ ထဲမှ ၁၀ ရာခိုင်နှုန်းသည်  ကလေးများဖြစ်ပါသည်။ အသက်ငါးနှစ်အောက်ကလေးများသည် လူကြီးများ ထက်  ဖြစ်ပွားရန်လွယ်ကူပြီး   ရောဂါလည်း    ပိုပြီး ပြင်းထန်နိုင်ပါသည်။     ဥပမာ -  ဦးနှောက်အမြှေး ရောင်ခြင်း၊    အဆုတ်နှစ်ဖက်စလုံး    လျင်မြန်စွာ တီဘီပိုးပျံ့နှံ့ခြင်းများဖြစ်ပေါ်တတ်ပြီး      အချိန်မီ မကုသပါက နောက်ဆက်တွဲအနေဖြင့် ဦးနှောက်နှင့် အာရုံကြော  ပုံမှန်မဖွံ့ဖြိုးခြင်းနှင့် အသက်ဆုံးရှုံးခြင်း များအထိပင်ဖြစ်နိုင်ပါသည်။        ကလေးငယ်များ မွေးပြီးခါစမှ စတင်ထိုးနှံသော တိုးချဲ့ကာကွယ်ဆေးထိုးအစီအစဉ်တွင်ပါဝင်သော  BCG ကာကွယ်ဆေး သည်      ကလေးငယ်များတွင်     အထက်ပါကဲ့သို့ ပြင်းထန်သော      တီဘီရောဂါများမဖြစ်အောင် ကာကွယ်မှုပေးသည့်အတွက်      ထိုကဲ့သို့သော ကာကွယ်ဆေးများကိုလည်း မွေးဖွားပြီးချိန်မှစ၍ ပုံမှန်ထိုးပေးရမည် ဖြစ်ပါသည်။ 


နေရာဒေသမရွေး ဆေးယဉ်ပါးတီဘီ ကာလတိုကုသပေး


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သမားရိုးကျ (၁၈ လမှ လ ၂၀ ကြာ)  ကုသရသော ဆေးယဉ်ပါး တီဘီကို ယခုအခါ ဆေးတိုးတီဘီကဲ့သို့ ကာလတို (ခြောက်လ)    ကုထုံးဖြင့်   မည်သည့်မြို့နယ်တွင် နေထိုင်သည်ဖြစ်စေ  ကုသနိုင်ကြောင်း  ထုတ်ပြန် ထားသည်။ ဆေးယဉ်ပါးတီဘီကုသရန် မဖြစ်မနေ ဆေးရုံတက်ရန်မလိုအပ်ပါ။ ထိုးဆေးမပါ၊ ကာလတို ဆေးယဉ်ပါးတီဘီကုထုံးဖြင့် ဆေးကုသမှုခံယူလျက် နေ့စဉ်လုပ်ငန်းဆောင်တာများ    ဆောင်ရွက်နိုင်ပါ သည်။ အခမဲ့ ဆေးယဉ်ပါး တီဘီစစ်ဆေးခြင်း၊ ကုသ ခြင်း၊    ဓာတ်ခွဲစမ်းသပ်ခြင်းနှင့်      ကုသမှုဆိုင်ရာ အထောက်အပံ့များကို လူနာတိုင်းရရှိနိုင်ပါသည်။
အစိုးရမဟုတ်သောအဖွဲ့အစည်း(NGO) အနေ ဖြင့်လည်း   "Local  Action  Towards TB-Free Myanmar" “တီဘီကင်းစင် မြန်ပြည်တစ်ခွင် ရှေးရှု နိုင်ဖို့  ကြိုးစားစို့” စီမံချက်ဖြင့်  မြန်မာနိုင်ငံ အနှံ့ အပြားရှိ    တီဘီဝေဒနာရှင်များကို    ကျန်းမာရေး စောင့်ရှောက်မှုများအပြင်  ယခုနှစ်ကျရောက်မည့် " World  Tuberculosis Day "  “ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့”  အထိမ်းအမှတ်အဖြစ်   တီဘီ ရောဂါ တိုက်ဖျက်မှုများတွင်  အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်နေကြသည့်     ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ တီဘီချန်ပီယံများ (TB Champions)မှ တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်း များတွင်    ပြည်သူလူထု    ပူးပေါင်းပါဝင်လာစေရေး၊ တီဘီရောဂါနှင့်      ပတ်သက်သောအသိပညာများ ပိုမိုရရှိလာစေရေးနှင့် တီဘီရောဂါဝေဒနာရှင်များနှင့် မိသားစုအပေါ် ပတ်ဝန်းကျင်မှ ခွဲခြားဆက်ဆံမှုများ ပပျောက်စေရေး      ရည်ရွယ်ကာ      အသိပညာပေး သတင်းစကားများမျှဝေခြင်းကို      ဆောင်ရွက် ပေးလျက်ရှိပါသည်။


တီဘီကင်းစင် မြန်ပြည်တစ်ခွင် 
နေထိုင်မှု ဂရုပြု


တီဘီ၊    တုပ်‌‌ကွေးနှင့်  ကိုဗစ်-၁၉ ကဲ့သို့သော အသက်ရှူလမ်းကြောင်းမှတစ်ဆင့်       ကူးစက် တတ်သည့် ရောဂါပိုးများသည် နှာချေ၊ ချောင်းဆိုး သည့်အခါ ရောဂါရှိသူထံမှ ရောဂါပိုးများ အမြောက် အမြား    ထွက်လာပြီး    အခြားသူကို   ကူးစက်ခြင်း ဖြစ်ပွားနိုင်ပါသည်။  တီဘီရောဂါရှင်ဖြစ်စေ၊ လူနာ မဟုတ်သူဖြစ်စေ    နှာစေး၊    ချောင်းဆိုးနေပါက ခွဲစိတ်ခန်းသုံး(Surgical Mask)  ပါးစပ်၊ နှာခေါင်း စည်းကို  အမြဲဝတ်ဆင်ထားရန်အတွက်    လိုအပ် ပါသည်။    ပါးစပ်၊ နှာခေါင်းစည်း   အလွယ်တကူ မရရှိနိုင်ချိန်တွင် နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းကို  တစ်ရှူး သို့မဟုတ် အဝတ် များဖြင့် ဖုံးအုပ်ခြင်းကို ပြုလုပ်သင့်ပါသည်။ ထို့ပြင် အသုံးပြုပြီးသည့်     တစ်ရှူးများကို    စနစ်တကျ စွန့်ပစ်ခြင်း၊   တစ်ရှူး    သို့မဟုတ်     လက်ကိုင်ပဝါ မပါလျှင် တံတောင်ဆစ်ကွေးဖြင့်အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းများကို ပြုလုပ်နိုင်ပါသည်။ အထူးသဖြင့် လက်ဖဝါး အလွတ်ဖြင့် အုပ်ခြင်းမျိုးကို ရှောင်ကြဉ် သင့်ပါသည်။


နိဂုံးချုပ်အနေဖြင့် တီဘီရောဂါပပျောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထု အနေ ဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့်  အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO) များမှ ထုတ်ပြန်ထားသည့် တီဘီရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အချက်အလက် များကို လိုက်နာပြီး “တီဘီရောဂါ ကင်းစင်ဖို့ လူသား အားလုံး    ပူးပေါင်းပါဝင်စို့”     ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံအတွင်း      တီဘီရောဂါဝေဒနာရှင်များ လျော့နည်းပပျောက်အောင် ကြိုးပမ်းဆောင်ရွက် နိုင်ရေး၊   မိမိပတ်ဝန်းကျင်၊ မိမိ၏မိသားစုအတွင်း တီဘီရောဂါမဖြစ်ပွားစေရေးနှင့်       ဖြစ်ပွားလာပါ ကလည်း ဆောလျင်စွာ ကုသနိုင်ရေးတို့ကို တတ်နိုင် သည့်ဘက်မှ      ကူညီဆောင်ရွက်ပေးသင့်ပါသည်။ သို့မှသာ ကမ္ဘာ့နိုင်ငံသားများအားလုံး၏  အသက် အန္တရာယ်ကို ခြိမ်းခြောက်နေသည့်   တီဘီရောဂါ ပပျောက်နိုင်မည်ဖြစ်ပါကြောင်း        ကမ္ဘာ့တီဘီ ရောဂါနေ့ (World Tuberculosis Day)   အထိမ်း အမှတ်အဖြစ် ရေးသားဖော်ပြလိုက်ရပါသည်။ 
ကိုးကား။   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)