
နေပြည်တော် ဒီဇင်ဘာ ၂၂
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့မရဲစခန်းအနီးသို့ အကြမ်းဖက်သူများက ယာဉ် အမှတ်(စိစစ်ဆဲ) Light Truck အဖြူရောင် ယာဉ်ဖြင့် ရောက်ရှိလာကာ သစ္စာလမ်းဘက်မှနေ၍ ၄၀ မမဗုံးပစ် လောင်ချာဖြင့် နှစ်ချက် ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် ဗုံးသီးတစ်လုံးမှာ ရဲစခန်းနှင့် ပေ ၄၀ ခန့်အကွာ သစ္စာလမ်းဘက်ရှိ မိသားစုနေအိမ်လိုင်းခန်းအနီးရှိ ကားပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ပေါက်ကွဲမှုကြောင့် အဆိုပါလိုင်းခန်းဘေးဈေးဆိုင်တွင် မုန့်စားနေ ကြသည့် အပြစ်မဲ့ အသက် ခုနစ်နှစ်အရွယ် ယောက်ျားလေး တစ်ဦး၊ အသက် နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် တစ်နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦး၊ အမျိုးသမီးရဲတပ်ဖွဲ့ဝင် တစ်ဦး အပါအဝင် အမျိုးသမီး နှစ်ဦး စုစုပေါင်း ငါးဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူနိုင်ရေး ပို့ဆောင်စဉ် အသက် ခုနစ်နှစ်အရွယ် ယောက်ျားလေး တစ်ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် တောင်ဥက္ကလာပ မြို့မရဲစခန်းတွင် အမှု ဖွင့်လှစ်ကာ အကြမ်းဖက်သမားများကို ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခဲ့သူများကို ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်စဉ် တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်သတင်းပေးမှုများကြောင့် ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ရာတွင် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် Light Truck ယာဉ်၏ ယာဉ် နံပါတ်ကို သိရှိရသဖြင့် ယာဉ်နံပါတ်မှန်ကန်မှု ရှိ/မရှိ အတည်ပြု စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်ခဲ့ရာ အခင်းဖြစ်ချိန်က အကြမ်းဖက်သမားများမှာ ယာဉ်နံပါတ်အား ပြောင်းလဲတပ်ဆင် အသုံးပြုခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်သူများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်ကို စုံစမ်းခဲ့ရာ အဆိုပါ ယာဉ်အား ရဲစခန်းပစ်ခတ်တိုက်ခိုက်သည့်နေ့တွင် မောင်းနှင်အသုံးပြုခဲ့ သူများဖြစ်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅) ရပ်ကွက်၊ ကြေးတိုင်လမ်း၊ အမှတ်(၂၈)နေ မျိုးမြင့်မြတ်အောင်(ခ)မျိုးကြီး ၂၁ နှစ် နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၁)လမ်း၊ အမှတ်(၃၇၁)နေ ဝေယံထက် (ခ)နိုင်ကြီး ၂၀ နှစ်တို့ နှစ်ဦးကို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၄၅)ရပ်ကွက်၊ မဟာလမ်းပေါ်၌ ဖြစ်စဉ်ပါယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ နှစ်ဦး၏ ထွက်ဆိုချက်များအရ ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ရာတွင် ၎င်းတို့ ကိုယ်တိုင်ပါဝင်ကျူးလွန်ခဲ့ပြီး ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၀)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ အမှတ် (၉၉)နေ ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave ၏ နေအိမ်၌ တိုက်ခိုက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်းသိရှိရသဖြင့် သွားရောက် ရှာဖွေခဲ့ရာ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave သည် ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ၎င်း၏မိဘများဖြစ်သည့် ကျော်မင်းမင်းကို (ခ) သူရ ၄၇ နှစ်နှင့် မိုးမိုးခိုင်(ခ)မြဝင်းကြည် ၅၁ နှစ်တို့ နှစ်ဦးကို MK-12 သေနတ်နှစ်လက်၊ ၎င်းကျည်အတောင့် ၁၁၀၊ SIG SAUER ပစ္စတို တစ်လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမဗုံးသီး ငါးလုံး၊ ကျည်အိမ်မျိုးစုံ ခြောက်ခု၊ ဒူးကာသုံးစုံ၊ ဖောက်ခွဲရေးတွင် တွဲဖက် အသုံးပြုသည့် Keypad ဖုန်းမျိုးစုံ အလုံး ၂၀၊ ဓာတ်ခဲမျိုးစုံ အလုံး ၃၀၊ လက်လုပ်ဗုံးဆင်သည့် ဆားကစ်(စ်)ပြား ၅၀၊ 3D GUN Printer တစ်လုံးနှင့် 3D GUN Printer ဆေးကြိုးခွေ ၁၀ ခွေ၊ Laptop တစ်လုံး၊ မှန်ပြောင်းတစ်လက်၊ မော်တာတစ်လုံး၊ ငွေကျပ်သိန်း ၁၀၀၊ ဓာတ်ငွေ့ ကာတစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ မျိုးမြင့်မြတ်အောင်(ခ)မျိုးကြီး နှင့် ဝေယံထက် (ခ)နိုင်ကြီးတို့၏ ထွက်ဆိုချက်အရ ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ မြောက်ဥက္ကလာပမြို့နယ်၊ (၆)ရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ်(၄၁)နေ ဆက်စပ်တရားခံ မိုးကျော်သူ(ခ)အာကြီး (ခ) Rock Gyi ၂၆ နှစ်နှင့် အဆိုပါရပ်ကွက်၊ ခရေလမ်း၊ အမှတ်(၁၂၉)နေ ကျော်မိုးလွင်(ခ) ကျော်ကြီး ၂၆ နှစ်တို့ နှစ်ဦးကို ပိတောက်လမ်းပေါ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျားငါးဦး၊ မတစ်ဦး စုစုပေါင်း ခြောက်ဦးတို့ကို MK-12 သေနတ်နှစ်လက်၊ ၎င်းကျည်တောင့် ၁၁၀၊ SIG SAUER ပစ္စတိုတစ်လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမ ဗုံးသီး ငါးလုံး၊ ကျည်အိမ်မျိုးစုံ ခြောက်ခု၊ ဒူးကာသုံးစုံ၊ ဖောက်ခွဲရေး တွင် တွဲဖက်အသုံးပြုသည့် Keypad ဖုန်းမျိုးစုံ အလုံး ၂၀ နှင့် ဆက်စပ် ပစ္စည်းများ၊ ဆားကစ်(စ်)ပြားအခု ၅၀၊ 3D GUN Printer ၁ လုံးနှင့် 3D GUN Printer ဆေးကြိုးခွေ ၁၀ ခွေ၊ Laptop တစ်လုံး၊ မှန်ပြောင်း တစ်လက်၊ မော်တာတစ်လုံး၊ ငွေကျပ်သိန်း ၁၀၀၊ ဓာတ်ငွေ့ကာ တစ်ခု၊ မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ရန်ကုန်မြို့အတွင်း ဆူပူအကြမ်းဖက်ဆန္ဒပြရာတွင် ပါဝင်ခဲ့ကြောင်း၊ ဝေယံထက်(ခ)နိုင်ကြီးအနေဖြင့် ဧပြီလအတွင်း မြဝတီမြို့နယ် လေးကေ့ကော်ကျေးရွာရှိ KNLA တပ်မဟာ(၆)တွင် ဖွင့်လှစ်သည့် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ် ဇွန်လတွင် ဖမ်းဆီးရမိတရားခံ လေးဦး အပါအဝင် အဖွဲ့ဝင် ၁၃ ဦးဖြင့် D.S.R အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့ခေါင်းဆောင်အဖြစ် ဖမ်းဆီး ရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave မှ ဆောင်ရွက် ပြီး အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံသည့် အဖွဲ့အစည်း များထံမှ အလှူငွေများရယူကာ ဖမ်းဆီးရမိ လက်နက်များနှင့် ဖောက်ခွဲ ရေးသုံးပစ္စည်းများအား ဝယ်ယူခဲ့ကြောင်း၊ အဖွဲ့ဝင်အချင်းချင်း ဆက်သွယ်ရန် Telegram တွင် Group ဖွဲ့၍ အကြမ်းဖက်ဖောက်ခွဲခြင်းနှင့် ပစ်ခတ် တိုက်ခိုက်မှုလုပ်ငန်းများကို Zoom Meeting ဖြင့် Online မှ တစ်ဆင့် ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးမှုအနေဖြင့် သုံးကြိမ်၊ တောင်ဥက္ကလာပမြို့မရဲစခန်း မိသားစု နေအိမ်လိုင်းခန်းအား တစ်ကြိမ် ပစ်ခတ်ခဲ့သည့် ပြစ်မှုကျူးလွန်ခဲ့ပြီး ကျူးလွန်ခဲ့မှုများအနေဖြင့်-
အောက်တိုဘာ ၁ ရက်တွင် မိုးကျော်သူ(ခ)Rock Gyi၊ မျိုးမြင့်မြတ် အောင်(ခ) မျိုးကြီး၊ ကျော်မိုးလွင်(ခ)ကျော်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ ဆက်မင်းခန့်(ခ) လရောင်တို့ လေးဦးသည် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ကြိုးတံတားအနီးတွင် လည်းကောင်း။
အောက်တိုဘာ ၂၇ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၃)ရပ်ကွက် သီတဂူဘုန်းတော်ကြီးကျောင်းအနီးတွင် လည်းကောင်း။
အောက်တိုဘာ ၂၈ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မဝတလမ်းဆုံအနီးတွင် လည်းကောင်း လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲခဲ့ ကြောင်း၊ ထိုသို့ အကြမ်းဖက်ဖောက်ခွဲမှုများ ဆောင်ရွက်နိုင်ရေး ဖမ်းဆီး ရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave က လက်လုပ် ဗုံးများကို ကိုယ်တိုင်ပြုလုပ်ကာ အကြမ်းဖက်ဖောက်ခွဲမည့်သူများထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ပြင် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတွင် တောင်ဥက္ကလာပ မြို့မ ရဲစခန်းကို ချောင်းမြောင်းပစ်ခတ်ရန်အတွက် ကျော်မိုးလွင်၊ ဖမ်းဆီးရန် ကျန် တရားခံ ရဲမာန်အောင် (ခ)Zulex နှင့် ဆက်မင်းခန့်(ခ) လရောင် တို့က ရဲစခန်းကို အခြေအနေစောင့်ကြည့်ပေးကာ Light Truck ယာဉ်အား မျိုးမြင့်မြတ်အောင်(ခ)မျိုးကြီး က မောင်းနှင်၍ ဝေယံထက် (ခ)နိုင်ကြီးက ကျည်ဖြည့်ပေးသူအဖြစ် ဆောင်ရွက်ပြီး မိုးကျော်သူ(ခ)Rock Gyi က ယာဉ်ပေါ်မှနေ၍ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် နှစ်ချက် ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုသို့ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လိုအပ်သည့် ငွေကြေး နှင့် လက်နက်/ခဲယမ်းများကို ဖမ်းဆီးရန်ကျန် တရားခံ အောင်ကြီးက ဝင်းဇော်မိုး(ခ) မိုးဟိန်း(ခ)Brain Wave ထံ ထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave က ယာဉ်နှင့် လက်နက်/ခဲယမ်းများ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အသိပေး ထုတ်ပြန်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
သတင်းစဉ်