တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “မူလန်” မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသများသို့ လေပွေလှိုင်းအဖြစ် ရောက်ရှိနိုင်

 

နေပြည်တော်    ဩဂုတ်   ၁၀ 


ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ  ၁  နာရီခွဲ တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင်   ဖြစ်ပေါ်နေသော   အပူပိုင်းမုန်တိုင်း  “မူလန်” (Mulan) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး ဩဂုတ် ၁၁ ရက်တွင် ဗီယက်နမ် နိုင်ငံအထက်ပိုင်းကမ်းခြေကို     ဖြတ်ကျော်ဝင်ရောက်ပြီးနောက်   မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများသို့  လေပွေလှိုင်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

 

အဆိုပါ အပူပိုင်းမုန်တိုင်း  “မူလန်” ၏  အရှိန် ကြောင့်    ဩဂုတ်  ၁၁  ရက်မှ  ၁၄  ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်  မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ   လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

 


သို့ဖြစ်ပါ၍  မိုးသည်းထန်စွာ ရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့်   မြေပြိုခြင်း    စသည့်သဘာဝ ဘေးအန္တရာယ်များ       ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေ ဖြင့်  မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို       ကြိုတင်သတိပြုနိုင်ပါရန်နှင့်  ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း      ကြိုတင်သတိပြု နိုင်ပါရန် အသိပေးနှိုးဆော်အပ်သည်။      

မိုး/ဇလ