
နေပြည်တော် အောက်တိုဘာ ၂၆
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်များမှ လျှပ်စစ် ဓာတ်အား ထုတ်ယူသုံးစွဲခြင်း သည်သာလျှင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် နေရောင်ခြည် စွမ်းအင်ရင်းမြစ် ပေါကြွယ်ဝသဖြင့် Mega Solar Power Project များ အား အောင်မြင်စွာ ဆောင်ရွက် ခြင်းသည် အထူးသင့်လျော် ကောင်းမွန်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။
ဒုတိယဝန်ကြီးက မန္တလေး တိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ တောင်တော်ကွင်း နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ အား ယမန်နေ့က သွားရောက် ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူ များအား ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးနှင့် အဖွဲ့အား Green Power Energy Co., Ltd. တာဝန်ရှိသူများက ဓာတ်အားပေး စက်ရုံ တည်ဆောက်မှု၊ နိုင်ငံတော် ဓာတ်အားကွန်ရက်စနစ် (National Grid System) သို့ ၁၃၂ ကေဗွီ တောင်တော်ကွင်း ဓာတ်အားခွဲရုံ မှတစ်ဆင့် ဓာတ်အားချိတ်ဆက် နိုင်ရန် ဓာတ်အားလိုင်းများ တည် ဆောက်ပြီးစီးမှုကို ရှင်းလင်း တင်ပြကြရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထောင်းဇိုခိုင်နှင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း မှ အင်ဂျင်နီယာချုပ် ဦးညီညီထွန်း တို့က ဖြည့်စွက်ရှင်းလင်းသည်။
တင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးက ယခုစက်ရုံတွင် IEC Standard နှင့် ကိုက်ညီသော Bifacial Monocrystalline Silicon PV Module များ တပ်ဆင် ထားပြီး ဆိုလာ Tracking System တပ်ဆင်ထားခြင်း ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်စွမ်းရည် ကောင်းမွန် မည်ဖြစ်ပါကြောင်း၊ မြေနေရာများ ကျန်ရှိသည့်အတွက် နောင်တွင် ထပ်မံတိုးချဲ့ တပ်ဆင်မှုများ ရှိလာ နိုင်ပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ စီမံဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထပ်မံ တိုးတက် လာမည့် တပ်ဆင်အင်အားများ အတွက် ဓာတ်အားခွဲရုံ၌ ဓာတ်အား လက်ခံနိုင်ရေး ကြိုတင်မျှော်မှန်း ပြင်ဆင်ဆောင်ရွက်ရန် လိုအပ် ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဆိုလာမော်ကျူးများ တပ်ဆင် ထားမှုကိုလည်းကောင်း၊ စက်ရုံ ထိန်းချုပ် အဆောက်အအုံတွင် ထိန်းချုပ်ရေးဆိုင်ရာ စက်ကိရိယာ ပစ္စည်းများ တပ်ဆင်ထားမှုကို လည်းကောင်း၊ စက်ရုံအတွင်း၌ ဆိုလာမော်ကျူးများ၊ Inverter များ၊ Box Transformer များ၊ Switchgear များ တပ်ဆင်ထား မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရှိရသည်။
တောင်တော်ကွင်း နေရောင် ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံသည် မန္တလေးတိုင်းဒေသ ကြီး မြစ်သားမြို့နယ် သံရွာအနီးရှိ မြေဧရိယာ ဧက ၂၀၀ အနက် ဧက ၈၀ ပေါ်တွင် Green Power Energy Co., Ltd. က အကောင်အထည်ဖော် နေသည့် မြန်မာနိုင်ငံတွင် တတိယ မြောက် အကောင်အထည်ဖော် ပြီးစီးမည့် နေရောင်ခြည်စွမ်းအင် သုံးဓာတ်အားပေး စက်ရုံတစ်ရုံ ဖြစ်သည်။
ယင်းဓာတ်အားပေးစက်ရုံကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ စတင် တည်ဆောက်ခဲ့ပြီး လက်ရှိ စီမံကိန်းပြီးစီးမှုမှာ ၉၅ ရာခိုင်နှုန်း ဖြစ်သည်။ မကြာမီ စက်ရုံ စတင် လည်ပတ်နိုင်မည်ဖြစ်ပြီး တစ်နှစ် လျှင် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၄၅ သန်း ထုတ်လုပ်ပေးသွားမည် ဖြစ်ကာ ထွက်ရှိလာသည့် လျှပ်စစ် ဓာတ်အားများကို ၆ ဒသမ ၀၅ မိုင်ခန့်ရှိသည့် ၃၃ ကေဗွီ ကောင်းကင် ဓာတ်အားလိုင်းဖြင့် ၁၃၂ ကေဗွီ တောင်တော်ကွင်း ဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ် ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်