
တောင်ငူ ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ခပေါင်းတိန်ကျေးရွာရှိ မြေအမျိုး အစားမှာ နုန်းမြေ၊ သဲနုန်းမြေများ ဖြစ်သဖြင့် သီးနှံစိုက်ခင်းများ၊ ဥယျာဉ်ခြံမြေ စိုက်ခင်းသီးပင်များ ဖြစ်ထွန်းလျက်ရှိကြောင်း၊ ပဲခူးရိုးမတောင်ပေါ်တွင် ခပေါင်း ဆည်ကြီးရှိပြီး ယင်းဆည်မှ စိုက်ပျိုးရေးအတွက် ရေများ ဖူလုံစွာရရှိသည့်အတွက် ငှက်ပျောပင်၊ သင်္ဘောပင်၊ သံပရာပင်၊ ဘူးပင်၊ ဖရုံပင်များ စိုက်ပျိုးလျက်ရှိရာ အောင်မြင်လျက်ရှိပြီး ယခုအချိန်တွင် ခပေါင်းတိန်ကျေးရွာရှိ တောင်သူများမှာ ဂျပန်နိုင်ငံသို့ တင်ပို့မည့် ရုံးပတီသီးများ စိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
Nilar Forzen Foods Co.,Ltd (NFF) သည် ခပေါင်းတိန်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်ဆောင် ရွက်သည့် တောင်သူများနှင့် အကျိုးတူ ပူးပေါင်း စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ တောင်သူများစိုက်ပျိုးမည့် ရုံးပတီမျိုးစေ့နှင့် သွင်းအားစုများကို အကြွေးစနစ်ဖြင့် ထုတ်ပေးသွား မည်ဖြစ်ပြီး စိုက်ပျိုးနည်းများကိုလည်း သင်ကြားပေး သွားမည်ဖြစ်ကြောင်း၊ ရုံးပတီစိုက်တောင်သူများ အား စိုက်ပျိုးရေးနည်းပညာများ ကူညီပေးနိုင်ရန် အတွက် စိုက်ပျိုးရေးပညာရှင်နှစ်ဦးကိုလည်း ကျေးရွာ တွင်ထားရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရန်အတွက် ထုတ်ပေးထားသော မျိုးစေ့နှင့် သွင်းအားစုစရိတ် များကို သီးနှံပေါ်ချိန်တွင် အရစ်ကျ ခုနှိမ်သွားမည်ဖြစ် ကြောင်း သိရသည်။
သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ၆-၉ စင်တီ မီတာ အရွယ်ရှိ ရုံးပတီသီးတစ်ပိဿာလျှင် ကျပ် ၁၅၀၀ ဖြင့် လည်းကောင်း၊ ၉-၁၃ စင်တီမီတာ အရွယ်ရှိ ရုံးပတီသီးတစ်ပိဿာလျှင် ကျပ် ၇၀၀ ဖြင့် လည်း ကောင်း Nilar Forzen Foods Co.,Ltd (NFF) ကုမ္ပဏီ က စာချုပ်ချုပ်ဆို၍ ဝယ်ယူသွားမည်ဖြစ်ကြောင်း၊ (NFF) သည် ခပေါင်းတိန်ကျေးရွာတွင် ဧက ၆၀ ခန့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသွားမည်ဖြစ်ရာ ယခု လက်ရှိတွင် တောင်သူ ၂၄ ဦး၏ ၁၆ ဒသမ ၇၅ ဧကကို စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။
DOCA (ပဲခူး)