တောင်သူများအပေါ် အထောက်အပံ့ပေးနိုင်ရေးအတွက် လယ်ယာသုံးပစ္စည်းများ ပြည်တွင်းတွင် စက်ရုံများတည်ထောင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၁၄
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီနှင့် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီတို့၏ သက်တမ်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လည်းကောင်း၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီတို့၏ သက်တမ်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိ လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီနှင့် ပို့ဆောင်ရေး၊ ဆက်သွယ် ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီတို့၏ သက်တမ်း ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့၏ သက်တမ်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လည်းကောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ကော်မတီတို့၏ သက်တမ်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လည်း ကောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏ သက်တမ်းကို ၂၀၂၀ ပြည့်နှစ် မတ် ၁ ရက်မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ် မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။
မြန်မာ-အိန္ဒိယ နယ်စပ်ဈေးအား ပန်ဆောင်မြို့တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိဆက်လက်၍ နန်းယွန်းမဲဆန္ဒနယ်မှ ဦးဝမ်းလှ၏ နန်းယွန်းမြို့နယ်ရှိ ပြည်သူများ လူနေမှုဘဝ တိုးတက် မြင့်မားလာစေရန် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဈေးအား ပန်ဆောင်မြို့တွင် ဖွင့်လှစ်ပေးမည့် အစီအမံများအား သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က မြန်မာ-အိန္ဒိယ နယ်စပ်ဈေးအား ပန်ဆောင်မြို့တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိပါကြောင်းနှင့် နယ်စပ်ဈေးများ စီမံခန့်ခွဲရေးနည်းလမ်းကို နှစ်နိုင်ငံအပြန်အလှန် ညှိနှိုင်း အတည်ပြုပြီးပါက အကောင်အထည်ဖော်ဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
 
ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏ မြေယာလျော်ကြေးပေးအပ်ရန် ကတိပေးညှိနှိုင်းထားသည့် အတိုင်း တိကျသည့်အချိန်သတ်မှတ်ပေးပါရန်နှင့် ပြန်လည် နေရာချထားရေး၊ လျော်ကြေးနစ်နာကြေးပေးအပ်ရေးကိုတိကျခိုင်မာပြီး မျှတသောမူဝါဒဖြင့် ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးမည့်အစီအစဉ်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်ထူးက လွှတ်တော် ကိုယ်စားလှယ် ရည်ညွှန်းပြောဆိုခဲ့သည့်မြေသည် မြို့ပြနှင့် အိုးအိမ်ဦးစီးဌာနက ၁၉၄၀-၁၉၄၅ ခုနှစ်တွင် အစားထိုး လျော်ကြေးပေးသိမ်းယူခဲ့သည့် မြေများဖြစ်ပါကြောင်း၊ သို့သော်လည်း ယခုအခါတွင် မူလသိမ်းဆည်းခံ တောင်သူ များနှင့် ဆက်ခံခွင့်ရှိသူများက လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းမှုကို ပြန်လည်စိစစ်ရေးကော်မတီ အဆင့် ဆင့်သို့ ပြန်လည်တောင်းခံနေသဖြင့် စိစစ်နေရသည့် အမှုများဖြစ်ပါကြောင်း။
 
စီမံကိန်းဧရိယာအတွင်းမှ မလွတ်ကင်းသည့် အိမ်ထောင်စုများကိုမြေယာလျော်ကြေး၊ သီးနှံလျော်ကြေးနှင့် လူမှုရေးအရ ထောက်ပံ့မှုများကို အဆင့်အလိုက် မြင်သာစွာစီစဉ်ဆောင်ရွက်ပေးလျက်ရှိ
နိုင်ငံတော်၏ သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်နေသည့် စီမံခန့်ခွဲရေးကော်မတီ အနေဖြင့် ၂၀၁၄ ခုနှစ် အထူးစီးပွားရေးဇုန်ဥပဒေနှင့်အညီစီမံကိန်းအောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိပြီး စီမံကိန်းဧရိယာအတွင်းမှ မလွတ် ကင်းသည့် အိမ်ထောင်စုများကို မြေယာလျော်ကြေး၊ သီးနှံ လျော်ကြေးနှင့် လူမှုရေးအရ ထောက်ပံ့မှုများကို အဆင့် အလိုက် ပွင့်လင်းမြင်သာစွာ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း။
သို့ပါ၍ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက လွှဲပြောင်းပေးထားသည့် မြေနှင့် လက်ရှိအသုံးချပြီး ကျန်ရှိနေသည့်မြေများကို သီလဝါအထူးစီးပွားဇုန် စီမံခန့်ခွဲမှု ကော်မတီက နောက်ထပ်ပြောင်းရွှေ့လာမည့် အိမ်ထောင်စု များအတွက် ဆက်လက်နေရာချထားပေးရန် ရည်ရွယ်ပါ ကြောင်း၊ ယင်းကိစ္စကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက စိစစ် နေဆဲဖြစ်ပြီး စီမံခန့်ခွဲမှုကော်မတီအနေဖြင့် အဆိုပါ ကော်မတီ၏ အဆုံးအဖြတ်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
ဆောမဲဆန္ဒနယ်မှ ဦးကျော်တင်၏ ဆောမြို့နယ် ရေရှင်ကျေးရွာရှိ ရေရှင်မြောင်း(ငါးရွာမြောင်း)တွင် ကွန်ကရစ်ကျောက်တိုင် လေးတိုင်နှင့် အစွန်းနှစ်ဖက်ခေါင်း နှုတ်သီးနှစ်ခုတို့ကို ရေရှည်ခိုင်ခံ့မည့် ကျောက်တိုင်ကြီးများ အဖြစ် အမြန်ဆုံးတည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အဆိုပါမြောင်း သည် ချီချောင်းမှ ရေသွယ်ယူထားသော မြောင်းဖြစ်ပြီး ပေတိုင် ၉၀၀ ခန့်အကွာ ချီချောင်းနံဘေးကမ်းပါး၌ လျှိုချောက်အားဖြတ်၍ တည်ထောင်ထားသော ရေသွယ် လျောက်ဖြစ်ပါကြောင်း၊ ရေသွယ်လျောက်၏ ကျောက်စီတိုင် (Pier) လေးတိုင်အား သံကူကွန်ကရစ်အားဖြည့်၍ ကြံ့ခိုင် အောင်ပြုပြင်ပေးခြင်း၊ ရေသွယ်လျောက်၏ Flume Abutment အား ကျောက်စီနံရံအဖြစ် ပြန်လည်ပြုပြင် ပေးခြင်း၊ ရေသွယ်လျောက် ၁၉၅ ပေအား ရေစိမ့်ယိုမှုမှ ကာကွယ်ရန် ကိုယ်ထည်အား Steel Flume အဖြစ်ပြုပြင် ပေးခြင်း၊ ရေလွှဲရေကာတာအရှည် ၁၅ ပေ သုံးခုတည်ဆောက် ပေးခြင်း စသည့်လုပ်ငန်းများ ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ယင်းရေသွယ်လျောက်သည် ချင်းပြည် နယ် မင်းတပ်မြို့နယ်အတွင်း တည်ရှိနေသောကြာင့် ချင်း ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ လယ်ယာလုပ်ငန်း ဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုနေကြသော တောင်သူများအတွက် လယ်ယာလုပ်ငန်းခွင်၌ လိုအပ်သော လယ်ယာသုံးစက်ကိရိယာ၊ သွင်းအားစု ဓာတ်မြေဩဇာ၊ လယ်ယာသုံးပစ္စည်းများကို ပြည်တွင်း၌ပင် စက်ရုံများ တည်ထောင်ကာ ထုတ်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က မြန်မာနိုင်ငံအတွင်း လယ်ယာလုပ်ငန်းဖြင့် အဓိက အသက် မွေးဝမ်းကျောင်းပြုနေကြသည့် တောင်သူများအပေါ် အထောက်အပံ့ပေးနိုင်ရေးအတွက် လယ်ယာလုပ်ငန်းခွင် တွင်လိုအပ်သည့် လယ်ယာသုံးစက်ကိရိယာပစ္စည်းများ၊ သွင်းအားစုဓာတ်မြေဩဇာ စသည့် လယ်ယာသုံးပစ္စည်းများ ကို ပြည်ပမှတင်သွင်းဖြန့်ဖြူးမှုရှိသကဲ့သို့ ပြည်ပမှ ရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး ပြည်တွင်းတွင် စက်ရုံများ တည်ထောင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
မိုးကောင်းမဲဆန္ဒနယ်မှ ဦးဝင်းနိုင်၏ မိုးကောင်း မြို့နယ် နမ္မတီးမြို့မြေပုံအား မည်သည့်အချိန်တွင် အတည် ပြုထုတ်ပြန်ပေးနိုင်မည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း ၍ ဒုတိယဝန်ကြီး ဦးလှကျော်က မြေပုံနှင့်ပတ်သက်၍ လမ်းနယ်နိမိတ်များ၊ မီးရထားလမ်းနယ်နိမိတ်များအား နယ်နိမိတ်သတ်မှတ်ရေးအရာရှိ မိုးကောင်းမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သက်ဆိုင်ရာဌာနများက တည်ဆဲဥပဒေများနှင့်အညီ အတည်ပြုသတ်မှတ်နိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အတည်ပြုသတ်မှတ်ပြီးပါက မြေကွက် ဦးပိုင်တစ်ခုချင်းအလိုက် မြို့မြေပိုင်ဆိုင်ခွင့်များ စုံစမ်း စစ်ဆေးမှုပြုလုပ်ခြင်းများဆောင်ရွက်၍ နယ်နိမိတ် သတ်မှတ်ရေးအရာရှိထံ မြို့မြေများစာရင်း မှတ်တမ်းပြုစု ရေးဆွဲ၍ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး အတည်ပြုချက် ရရှိပြီးမှ သာမြေငှားဂရန်များ လျှောက်ထားနိုင်ရေးအတွက် သက်သေခံမြေပုံ(မြေစာရင်းပုံစံ-၁၀၅)နှင့် ဦးပိုင်တစ်ခု၏ မြေရာဇဝင်(မြေစာရင်းပုံစံ-၁၀၆)တို့ကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား သည်။
 
ဆက်လက်၍ လှိုင်းဘွဲ မဲဆန္ဒနယ်မှ ဦးခင်ချို၏ နိုင်ငံ အတွင်း ဆောင်ရွက်လျက်ရှိသော သီလဝါအထူးစီးပွားရေး ဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန်တို့၏ အခြေအနေများနှင့်ပတ်သက်ပြီး သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်ထူးက လည်းကောင်း၊ ကြို့ပင်ကောက်မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်း ၏ ကြို့ပင်ကောက်မြို့နယ် ဂုမ္မကွင်းအုပ်စု ကြို့ကုန်းကျေးရွာ၊ အနောက်ဂုမ္မကွင်းကျေးရွာ တောင်သူလယ်သမားများ၏ လယ်များမှ ကောက်ပဲသီးနှံများ ကျေးရွာအရောက် သယ်ယူရန် မြို့လယ်ချောင်းကူးတံတား(ကုန်ထုတ်တံတား) တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း ၍ ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသား လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါကအမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 
 
အေးအေးသန့်(သတင်းစဉ်)