
မောင်ခိုင်မာ(အထက်မင်းလှ)
မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူ ၇၀ ရာခိုင် နှုန်းကျော်ခန့်ရှိပြီး အများစုမှာ လယ်ယာမြေ ပေါ်တွင် မှီခိုနေရသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေး မှာလည်း စိုက်ပျိုးမွေးမြူရေးကို အခြေခံထား ရသည်ဖြစ်၏။ မြန်မာလူမျိုးတို့၏ အဓိကအစား အစာမှာ ဆန်စပါးနှင့် ဆီထွက်သီးနှံဖြစ်ပြီး နွား၊ ဝက်၊ ကြက်၊ ငါးအစရှိသည့် တိရစ္ဆာန်တို့၏ (မွေးမြူရေး)အစာဖြစ်သည့် ဆန်ကွဲ၊ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်စသည်တို့မှာလည်း လယ်ယာကဏ္ဍမှပင် ထွက်ရှိခြင်းဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံအနေဖြင့် လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးက လွန်စွာအရေးပါလှပေ သည်။
ဦးတည်ချက်(၉) ရပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက် စီးပွားရေးဦးတည်ချက် တွင် “(က) စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင်တည်ဆောက်ရေး” ဟူ၍ ချမှတ် ထားပါသည်။
ထို့ပြင်၂၂-၂-၂၀၂၁ ရက်နေ့က ကျင်းပပြုလုပ် သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်း အစည်းအဝေး (၃/၂၀၂၁) တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ “ပြည်တွင်းထုတ်ကုန် များ တိုးမြှင့်ရေးတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များသည် အရေးပါကြောင်း၊ မိမိတို့ နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သဖြင့် ၎င်းလုပ်ငန်း များနှင့်ပတ်သက်၍ သင်တန်းကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များကို တိုးချဲ့ဖွင့်လှစ်၍ လိုအပ်သည့် စိုက်မွေးပညာရှင်များ၊ မွေးထုတ် ပေးရန်လိုကြောင်း၊ ဒေသအလိုက် ကိုက်ညီသည့် စိုက်ပျိုးရေး ထုတ်ကုန်များရရှိအောင် သုတေသန ပြု၍ ထိရောက်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသွားသည်ကို ဝမ်းမြောက်ဖွယ် ကြားသိရပါသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှု၊ မြေ၊ မျိုး၊ ရေ၊ သွင်းအားစုများနှင့် အခြားသောပံ့ပိုးပစ္စည်းများ ပါဝင်သည့် ရုပ်ပိုင်း ဆိုင်ရာအပိုင်းနှင့် လယ်ယာလုပ်ငန်းခွင် တည်ငြိမ် အေးချမ်းမှုနှင့်တောင်သူလယ်သမားတို့၏ စိုက်ပျိုး ရေးအပေါ် စိတ်အားထက်သန်မှုဟူသည့် စိတ်ပိုင်း ဆိုင်ရာအပိုင်းဟူ၍ ပါဝင်နေပါသည်။
ရုပ်ပိုင်းဆိုင်ရာမှာ လွန်စွာကျယ်ပြောပါသည်။ ၎င်းတို့အနက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကမှာ စိုက်ပျိုးမြေတိုးချဲ့ရေးနှင့် သီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ-၉(ခ)အရ လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံ ခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်များ ပြုထားသည်ကို အကြောင်းပြုပြီး စီးပွားရေးသမား အချို့က မြေယာဈေးကွက်တွင် ဝင်ရောက် ရင်းနှီးကာ အခြားနည်းဆောင်ရွက်ခြင်းကြောင့် လယ်ယာမြေထုတ်လုပ်မှုကို ထိခိုက်စေပါသည်။ ရောင်းချသည့် တောင်သူလယ်သမားများအတွက် လတ်တလောတွင် ငွေကြေးပမာဏအတိုင်းအတာ တစ်ခုထိ ရရှိနိုင်သော်လည်း ရေရှည်တွင် လူမှုစီးပွား ရေးဘဝ အခက်အခဲတွေ့နိုင်ပါသည်။
စိုက်ပျိုးစရိတ်ချေးငွေ
စိုက်ပျိုးမွေးမြူရေးထုတ်လုပ်မှုစရိတ် လျော့နည်း ကျဆင်းရေး၊ စိုက်ပျိုးရေးနည်းပညာနှင့် မျိုးသီးနှံ အရည်အသွေးမြှင့်တင်ရေး၊ ဈေးကွက်ဝေစုရရှိရေး၊ အလှည့်ကျသီးနှံမှ ပင်မဝင်ငွေအပြင် ဒုတိယဝင်ငွေ ရရှိစေရန် တစ်နိုင်တစ်ပိုင်မွေးမြူရေးနှင့် ပေါင်းစည်း လယ်ယာ တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ ကာလလတ်ချေးငွေနှင့် နည်းပညာများ၊ မျိုးကောင်းမျိုးသန့်ရရှိရေးများကို ဆောင်ရွက်ပေး သင့်ကြောင်း ပညာရှင်များက အကြံပြုကြပါသည်။ ဤအချက်နှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁) တွင် လမ်းညွှန်မှာကြားထားကြောင်း တွေ့ရှိရပါသည်။
အထက်ပါ အချက်များနှင့်ဆက်စပ်၍ စိုက်ပျိုး စရိတ်ချေးငွေကိုလည်း ဖြစ်နိုင်ပါက လက်ရှိနှုန်းထား ထက် ပိုမိုတိုးမြှင့်ထုတ်ချေးပေးရေး၊ ပြည်ပချေးငွေ ရယူ၍ မြန်မာ့လယ်ယာမြေ ဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် ထုတ်ချေးပေးရေး၊ ချေးငွေကို တောင်သူလယ်သမား လက်ဝယ်သို့ လယ်ယာလုပ်ငန်းခွင်မဝင်မီ မှန်မှန်နှင့် မြန်မြန်ရောက်ရှိရေး၊ မြို့နယ်ရုံးသို့ လာရောက် ထုတ်ယူရသည့်အခက်အခဲကို နည်းလမ်းရှာဖြေလျှော့ ပေးရေး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) ကို တရားမဝင် ရယူပြီး စိုက်ပျိုးစရိတ်ချေးငွေ အလွဲသုံးစားပြုမှုမဖြစ်ပေါ်ရေး စသည်တို့ကိုလည်း အလေးထားဆောင်ရွက်ပေးသင့်ပါသည်။
ပြန်လည်ထူထောင်ရေးချေးငွေ
မြန်မာနိုင်ငံ၌ လည်ပတ်နေသော ငွေကြေးတို့၏ ၃၀ ရာခိုင်နှုန်းသာ ဘဏ်စနစ်ကို အခြေပြုလျက်ရှိပြီး ကျန် ၇၀ ရာခိုင်နှုန်းသည် ဘဏ်စနစ်၏ ပြင်ပတွင် လည်ပတ်လျက်ရှိကြောင်း၊ ၎င်းပြင်ပလည်ပတ် ငွေကြေးကို စိုက်ပျိုးမွေးမြူရေးကဏ္ဍသို့ ဆွဲဆောင် စီးဝင်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းစဉ်းစား သင့်ကြောင်း၊ ဘဏ်လုပ်ငန်းကျွမ်းကျင်သူများ၏ ပြောဆိုချက်အချို့ကို မှတ်သားဖူးပါသည်။ တစ်ဆက် တည်းမှာပင် သဘာဝအန္တရာယ်ကြောင့် ပျက်စီးသည့် စိုက်ဧကများနှင့် မွေးမြူရေးတိရစ္ဆာန်များအတွက် “ ပြန်လည်ထူထောင်ရေး ချေးငွေထုတ်ချေးပေးသည့် စနစ်တစ်ရပ်ထားရှိရေး”နှင့် အဆိုပါကိစ္စရပ်များ အတွက် “နိုင်ငံတော်ရန်ပုံငွေတစ်ရပ်” သီးခြားထား ရှိရေးကို အခြေအနေက တောင်းဆိုနေပြီဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေတွင်“သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်း ကောင်း၊ ဆားငန်ရေဝင်ရောက်၍ သော်လည်းကောင်း၊ ပိုးမွှားရောဂါကျရောက်မှုနှင့် အခြားအကြောင်းများ ကြောင့်သော်လည်းကောင်း၊ တောင်သူလယ်သမား များ၏ လယ်ယာမြေများ၊ လယ်ယာထုတ်ကုန်များနှင့် လယ်ယာထုတ်ကုန်အရင်းအနှီးများ ပျက်စီးဆုံးရှုံး လျှင် ယင်းတောင်သူလယ်သမားများအတွက် လိုအပ် သော အကူအညီများနှင့် အထောက်အပံ့များရရှိစေရန် စီစဉ်ဆောင်ရွက်ရမည်”ဟူ၍ ပြဋ္ဌာန်းထားကြောင်း လည်း သိရပါသည်။
သင့်တင့်မျှတသည့် တန်ဖိုးရရှိစေရန်
အချို့ စိုက်ပျိုးရေးရာသီ၊ အချို့နှစ်ကာလများတွင် တောင်သူလယ်သမားတို့၏ လယ်ယာထွက်သီးနှံများ ဈေးနှုန်းကျဆင်းခြင်း၊ ဈေးကွက်ပျက်ခြင်း စသည့် အခက်အခဲများ ကြုံတွေ့ရပါသည်။ လောလောဆယ် ကမ္ဘာ့ကပ်ရောဂါဖြစ်သော COVID-19 ရောဂါ၏ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ဖြစ်ပေါ်စေသည့် ဆိုးကျိုးများကို အများနည်းတူ တောင်သူလယ်သမားများ ခံစားကြ ရပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၂၃ (ခ)တွင် “စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်မည်”ဟု ပြဋ္ဌာန်းထားသည့်အတိုင်း သီးနှံများကို ကာလ/ ဒေသ/ အမျိုးအစားအပေါ် မူတည်၍ အနိမ့်ဆုံးဈေးအာမခံမှုစနစ်နှင့် သီးနှံ အာမခံဝန်ဆောင်မှုစနစ်များကို နိုင်ငံတော်မှ စီစဉ် ပေးသင့်ပါသည်။
စိုက်မွေးပညာ
စိုက်ပျိုးမွေးမြူရေးနည်းပညာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ လယ်ယာသားငါးဖွံ့ဖြိုးတိုးတက်ရေးသည် နည်းပညာကောင်းစွာ တတ်ကျွမ်းရန် လိုအပ် မည်ဟု ၂၀၁၄ ခုနှစ် အိုအီးစီဒီက သုံးသပ်ပြထား ပါသည်။ သက်ဆိုင်ရာနည်းပညာကျောင်းများသို့ တက်ရောက်သင်ကြားသူအရေအတွက်ကို နှိုင်းယှဉ် လေ့လာပါက မြန်မာနိုင်ငံရှိ ကျောင်းသားအားလုံး၏ ၀ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိနေချိန်တွင် တရုတ်နိုင်ငံ တွင် ၇၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားတွင် ၄၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၃၅ ရာခိုင်နှုန်းရှိသည်ဟု ယူနက်စကို ၏ ၂၀၁၄ ခုနှစ် ထုတ်ပြန်ကြေညာချက်ကို ထောက်ရှု ၍ အခြေခံပညာကျောင်းများတွင် အခြေခံစိုက်ပျိုး၊ မွေးမြူရေးပညာကို ထည့်သွင်းပို့ချရန် သင့်/မသင့် အဖြေရှာသင့်ပေသည်။ ဤအချက်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁) တွင် လမ်းညွှန်မှာကြားထားသည်မှာ အားတက်ဖွယ်ဖြစ်ပါသည်။
မြေဆီလွှာအရည်အသွေးနှင့် စိုက်ပျိုးနည်းစနစ်
စိုက်ပျိုးရေး၏ မရှိမဖြစ် မြေကြီးနှင့်ပတ်သက်၍ လေ့လာကြည့်လျှင် မြေဆီလွှာ အရည်အသွေးသည် စိုက်ကွက်တစ်ကွက်နှင့် တစ်ကွက်မတူညီကြောင်း၊ အချို့စိုက်ပျိုးမြေများတွင် ကန့်ဓာတ်ချို့တဲ့မှု၊ သွပ်ဓာတ်ချို့တဲ့မှု၊ ဘိုရွန်ဓာတ်ချို့တဲ့မှု အစရှိသဖြင့် မတူညီသော စိုက်ပျိုးမြေအတွက် လိုအပ်သော ဓာတ်မြေဩဇာကို သီးသန့်ကျွေးနိုင်မှသာ ပန်းတိုင် အထွက်နှုန်း ပြည့်မီမည်ဖြစ်ကြောင်း၊ သို့အတွက် မြန်မာနိုင်ငံရှိ မြေဆီလွှာဌာနအနေဖြင့် ခေတ်မီ ဓာတ်ခွဲခန်းများ အသုံးပြုကာ မြေဆီလွှာ သုတေသနကို အကွက်စိပ်စိပ် စီမံပေးသင့်ကြောင်း ပညာရှင်တို့၏ အကြံပြုချက်များကို မှတ်သား မိပါသည်။
စိုက်ပျိုးမြေတိုးချဲ့ရေးထက် အထွက်နှုန်းတိုး ရေးက ရှေ့တန်းရောက်နေသည့် ကာလဝယ် မြေဆီလွှာသုတေသနနှင့် ယှဉ်တွဲနေသည်မှာ စိုက်ပျိုးရေးနည်းစနစ်ဖြစ်၏။ မြန်မာနိုင်ငံတွင် သိပ္ပံနည်းကျ စိုက်ပျိုးရေးဟူသော စကားကို တွင်တွင်ကျယ်ကျယ် ပြောဆိုနေကြသော်လည်း လက်တွေ့တွင် တောင်သူလယ်သမားများကလည်း ပညာရှင်ထံသို့ မသွား၊ ပညာရှင်များကလည်း တောင်သူလယ်သမားများထံ အရောက်အပေါက် နည်းနေပါလျှင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အရှိန်နှေးကွေးနေမည် ထင်၏။
GAP နည်းစနစ်
စားသုံးသီးနှံများ ဖြစ်ထွန်းအောင်မြင်အောင် သိပ္ပံနည်းကျ စိုက်ပျိုးနိုင်သော အကျိုးဆက်သည် လူသားတို့အသက်ရှင်သန်ရေးအတွက် အာဟာရ ကို ဖြည့်ဆည်းပေးသည့်အပြင် အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း အသက်ရှည် ကျန်းမာရေးအတွက်ပါ ကြီးမာသော အထောက် အပံ့ ဖြစ်စေပါသည်။ ဤသို့ ဘေးကင်းလုံခြုံပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေသော စိုက်ပျိုးနည်းစနစ် GAP (Good Agriculture Practice) ကို ကမ္ဘာတစ်လွှား ကျင့်သုံးနေကြပြီ ဖြစ်ပါသည်။
စာရေးသူတို့နိုင်ငံတွင်လည်း အဆိုပါ GAP စနစ် အရှိန်မြှင့်အကောင်အထည်ဖော်စေရေး အတွက် လယ်ယာမြေများအား စနစ်တကျပြုပြင် ပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာများအား စနစ်တကျပို့ချပေးခြင်း၊ မြေအမျိုးအစားနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များကို တောင်သူလယ်သမားများသို့ ချထားပေးခြင်း၊ မြေလွတ်မြေရိုင်းများ ဖော်ထုတ်ကာ ဒေသခံ ပြည်သူများအား တစ်နိုင်တစ်ပိုင် လုပ်ပိုင်ခွင့်ပေး ခြင်း၊ နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊ စိုက်ပျိုးရေးသုတေသနများ စဉ်ဆက်မပြတ် ပြုလုပ်ခြင်း၊ တောင်သူလယ်သမားများကလည်း တရားဝင်မှတ်ပုံတင်ထားသည့် မြေဩဇာနှင့် မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများနှင့် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများအား စနစ်တကျသုံးစွဲခြင်း၊ ရိတ်သိမ်း၊ သိုလှောင်၊ သယ်ယူပို့ဆောင်ခြင်းများကို စနစ်တကျဆောင်ရွက်ခြင်း၊ GAP အသိပညာပေး လုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ခြင်း များကို ပါဝင်ပတ်သက်သူအားလုံးက အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်ပါမည်။
ထို့အတူ နိုင်ငံတကာနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးသွင်းကုန်/ ပို့ကုန်စနစ် ပီပြင်ရန်လည်း လိုအပ်ပါမည်။ အချို့ကုန်သွယ်ဖက်နိုင်ငံများက ၎င်းတို့၏ နိုင်ငံသို့ အပင်နှင့်အပင်ထွက်ပစ္စည်းများ တင်ပို့ရာတွင် ပိုးမွှားရောဂါကင်းစင်ကြောင်း၊ မှိုဆိပ်ကင်းရှင်းကြောင်း၊ ဓာတ်ကြွင်းသတ်မှတ် ချက်များ စသည်တို့ကို ထောက်ခံပေးရသဖြင့် တောင်သူလယ်သမားများက GHP (Good Hygi- ene Practices) နည်းစနစ်များနှင့် ကိုက်ညီအောင် စိုက်ပျိုးထုတ်လုပ်ကြရန် လိုအပ်ပါသည်။
တောင်သူလယ်သမားနေ့ အခါသမယဝယ်
အနှစ်ချုပ်အားဖြင့်ဆိုရပါလျှင် နိုင်ငံတော်၏ အခြေခံကျသော စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ပြီး တောင်သူလယ်သမားများအဖို့ လုပ်ငန်းခွင် တည်ငြိမ်ကာ ကိုယ်စိတ်နှလုံးရွှင်ပြုံးစွာဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်ကြပါစေကြောင်း ၂၀၂၁ ခုနှစ် တောင်သူလယ်သမားနေ့ အခါသမယဝယ် ဆုမွန် ကောင်းတောင်းလိုက်ရပါသည်။ ။
- Log in to post comments