တောင်သူလယ်သမားနေ့ဂုဏ်ပြု ဆိုလာစနစ်ဖြင့် ဆင်ဖုန်လျှပ်စစ်ရေတင်လုပ်ငန်း ဖွင့်ပွဲကျင်းပ

 

ရန်ကုန်   ‌မတ်    ၁


 တောင်သူလယ်သမားနေ့ကို  ဂုဏ်ပြုသောအားဖြင့်      ရန်ကုန်တိုင်းဒေသကြီး   လှည်းကူးမြို့နယ်  ဆင်ဖုန် ကျေးရွာအနီးတွင်  ဆိုလာ  စနစ်ဖြင့်      ဆင်ဖုန် လျှပ်စစ်ရေတင်လုပ်ငန်းဖွင့်ပွဲ  အခမ်းအနားကို   ယနေ့နံနက်ပိုင်းက  အဆိုပါနေရာ၌  ကျင်းပ       သည်။


၂၀၂၃ -၂၀၂၄    ဘဏ္ဍာနှစ်     တိုင်းဒေသကြီး အစိုးရအဖွဲ့  ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်    ဆင်ဖုန် လျှပ်စစ်ရေတင်လုပ်ငန်းတွင် 110 kW Solar System တစ်စုံ တပ်ဆင်ခဲ့ပြီး ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေ ဖြန့်ဖြူးနိုင်ခဲ့ရာ နွေစပါးဧက ၁၀၀၀ ရေပေးဝေရန် လျာထားခဲ့ပြီး   ၁၀၁၆ ဧက ရေပေးဝေနိုင်ခဲ့ကြောင်း၊ Solar System   ဖြင့်   တစ်ရက်လျှင်   ခုနစ်နာရီအထိ ရေမောင်းနှင်နိုင်သဖြင့် လျှပ်စစ်မီတာယူနစ် တစ်ရက် လျှင်   770 kWh  သက်သာခဲ့ကြောင်း၊    နွေစပါး တစ်ရာသီ (ရက်ပေါင်း ၁၀၀) အတွက် လျှပ်စစ်မီတာ ယူနစ် 77000 kWh  သက်သာပြီး  ဓာတ်အားခ ကုန်ကျငွေပျမ်းမျှ  ၁၁ ဒသမ ၅၅ ကျပ်သန်း သက်သာခဲ့သည့်အတွက် ဓာတ်အားခ ကုန်ကျငွေ များအား အခြားရေတင်လုပ်ငန်းများတွင် သုံးစွဲနိုင်ခဲ့ကြောင်း၊ ဆင်ဖုန် လျှပ်စစ်ရေတင်လုပ်ငန်းတွင် တပ်ဆင်ထားသော ဆိုလာစနစ်အချက် အလက်များအနေဖြင့် (550 W (Jinko) Solar Module (304) Nos )၊  185 kW JNTech/Inverter (1) Nos စုံတို့ကို တပ်ဆင်အသုံးပြုနိုင်ခဲ့ကြောင်း၊ Solar System ကို အသုံးပြု၍ မော်တာနှင့်ပန့်တစ်စုံ တပ်ဆင်ထားခြင်း အားဖြင့် လျှပ်စစ်ဓာတ်အား မရရှိသော်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (နေရောင်ခြည်) ကို အသုံးပြု၍ ဆိုလာစနစ်ဖြင့် ရေပေးဝေမှု အခက်အခဲ မရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။


ဆိုလာစနစ်ဖြင့်   ဆင်ဖုန်လျှပ်စစ်ရေတင်လုပ်ငန်းဖွင့်ပွဲ အခမ်းအနား ကို   ရန်ကုန်တိုင်းဒေသကြီး  စီးပွားရေးရာဝန်ကြီး   ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီးအဆင့်   ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်   ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး      လုပ်ငန်းခွင်ကို    လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။                

ဆန်းကျော်ဦး(ပြန်/ဆက်)