တောင်သူလယ်သမားများအတွက် လူငယ်စွန့်ဦးပညာရှင်များ

Type
5

 

စိုးမိုးဝင်း (စိုက်ပျိုးရေး)

မြေယာမတိုးချဲ့နိုင်မှုနှင့်        အလုပ်သမားရှားပါးမှု ကဲ့သို့သော အရင်းအမြစ်အတားအဆီးဖြစ်နေသည့် အခြေအနေမျိုးတွင် စိုက်ပျိုးထုတ်လုပ်မှု လျင်မြန်စွာ တိုးတက်မြင့်မားရေးသည်   နည်းပညာဆိုင်ရာ သွင်းအားစုများနှင့် လူသားအရင်းအနှီးတိုးတက်မှု တို့အပေါ် များစွာမှီခိုနေပါသည်။ ၁၉၅၀ ပြည့်နှစ်များ နောက်ပိုင်းတွင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးဆဲနိုင်ငံ များသို့ စိုက်ပျိုးရေးနည်းပညာ အထောက်အပံ့ပေးမှု များသည်   သမားရိုးကျစိုက်ခင်းများကို   ခေတ်မီ အောင်   ဆောင်ရွက်ခြင်းနှင့်  စိုက်ပျိုးထုတ်လုပ်မှု လျင်မြန်စွာ တိုးတက်စေခြင်းတို့ကို မတတ်နိုင်ခဲ့ပါ။ ထို့ကြောင့်  စိုက်ပျိုးရေးသုတေသနစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့တန်းမှ ဦးစားပေးဆောင် ရွက်ခဲ့ကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ သုတေသန စွမ်းရည်များကို  မြှင့်တင်ရန်  ရင်းနှီးမြှုပ်နှံခဲ့ကြပါ သည်။ 
စိုက်ပျိုးရေးအသုံးချသုတေသန
သုတေသနဟုဆိုရာတွင်  အခြေခံသုတေသန (Basic Research)နှင့် အသုံးချသုတေသန(Applied Research)ဟူ၍ အဓိကပြောဆိုကြပါသည်။ အခြေခံ သုတေသနတွင် သိပ္ပံနည်းကျမေးခွန်းများ မေးမြန်း ခြင်းမှာ  သိပ္ပံပညာရှင်တို့၏   စူးစမ်းလိုစိတ်နှင့် စိတ်ဝင်စားမှုတို့မှ    ပေါက်ဖွားလာပြီး   အဓိက တွန်းအားမှာ လူသားတို့၏ အသိဉာဏ်ကို တိုးချဲ့ရန် ဖြစ်သည်။   အသုံးချသုတေသနသည်  အသိပညာ ရှာမှီးရန်ထက် လက်တွေ့ပြဿနာများကို ဖြေရှင်း ရန် ရည်ရွယ်ပြီး လူသားတို့၏ လက်တွေ့အခြေအနေ များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေးသည် အဓိကပန်းတိုင်ဖြစ်ပါသည်။ 
စိုက်ပျိုးရေးကဏ္ဍတွင် အသုံးချသုတေသနကို ဆောင်ရွက်ခြင်းသည် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်စေရန်၊ ပိုးမွှားရောဂါများကို ကာကွယ်နိုင် ရန်၊ ရေသွင်းမှုစနစ်များကို မြှင့်တင်နိုင်ရန် စသည် ဖြင့် ရည်ရွယ်ချက်များထား၍ သုတေသနပြုလုပ် နိုင်ပါသည်။ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား ရေးအတွက် စိုက်ရေးပျိုးရေးလုပ်ငန်းခွင်အတွင်း တောင်သူလယ်သမားများ    တွေ့ကြုံနေရသော ပြဿနာများကို ဖြေရှင်းနိုင်ရန် အသုံးချသုတေသန များသည် အလွန်အရေးကြီးသည်။ စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် ဒေသအလိုက် တောင်သူလယ်သမား များ၏    လိုအပ်ချက်များ၊   အခက်အခဲများနှင့် ပြဿနာများကို သိရှိပြီး သင့်တော်သော သုတေသန များပြုလုပ်၍  ဖြေရှင်းပေးနိုင်ရန်  လူငယ်စွန့်ဦး ပညာရှင်များအဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိပါသည်။ 
လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ 
ပေါ်ပေါက်လာပုံ
လူငယ်စွန့်ဦးပညာရှင်များအဖွဲ့    (Young Scientists Initiative - YSI)အဖွဲ့ကို ၂၀၁၇ ခုနှစ် ဇူလိုင်     ၂၅    ရက်တွင်   စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ညွှန်ကြားချက်ဖြင့် ဌာန၏ စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်စေရန် ရုံးချုပ်ဌာနခွဲများမှ စိုက်ပျိုးရေးပညာရှင် နှစ်ဦး - သုံးဦးစီဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ  ၁၄  ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ   စိုက်ပျိုးရေးပညာရှင်  ၇၁၆  ဦး ပါဝင်ခဲ့ပြီး ရုံးချုပ်ဌာနခွဲများမှ ၁၄၁ ဦးနှင့် စုစုပေါင်း ၈၅၇ ဦး အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ လူငယ် စွန့်ဦးပညာ ရှင်များအဖွဲ့တွင်   အဖွဲ့ဝင်ပေါင်း  ၁၉၁၁  ဦး ရှိပြီ ဖြစ်သည်။ 
လူငယ်စွန့်ဦးပညာရှင်များအဖွဲ့သည် စိုက်ပျိုး ရေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးနှင့်   တောင်သူ လယ်သမားများ၏      လယ်ယာလုပ်ငန်းများတွင် စိုက်ပျိုးထုတ်လုပ်မှု          မြင့်မားရေးတို့အတွက် အောက်ပါရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက် ရှိပါသည်။
၁။    စိုက်ပျိုးရေးဦးစီးဌာန၏     လုပ်ငန်းများ အရှိန်အဟုန်မြှင့်    ဆောင်ရွက်ရာတွင် လူငယ်ထုမှ  ကိုယ်စွမ်းဉာဏ်စွမ်းအပြည့် ဖြင့်   ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်
၂။    ဒေသအလိုက် တောင်သူလိုအပ်ချက်များ သိရှိနိုင်ရန်နှင့် လိုအပ်ချက်နှင့်ကိုက်ညီ သော သုတေသနလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်
၃။    ဝန်ထမ်းများအချင်းချင်း    ထိရောက် ကောင်းမွန်သော ဆက်သွယ်မှုကွန်ရက် တစ်ခုထူထောင်၍ လုပ်ငန်းများ တွင်ကျယ် စွာ ဆောင်ရွက်လာနိုင်ရန်
၄။     လူငယ်/လူလတ်ပိုင်း    မျိုးဆက်သစ် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်၍ ၎င်းတို့၏ စွန့်ဦးတီထွင်လိုစိတ်ကို အရင်းခံ ကာ ဝါသနာနှင့် ကျွမ်းကျင်မှုကို ဖော်ထုတ် အသုံးချခွင့်   ရရှိနိုင်မည့်  အခွင့်အလမ်း ပေါ်ပေါက်လာစေရန်
၅။    နိုင်ငံတကာအဆင့်မီ အရည်အချင်းပြည့်ဝ သည့်    စိုက်ပျိုးရေးပညာရှင်များအဖြစ် လုပ်ကိုင်     ဆောင်ရွက်တတ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးရန် 
သုတေသနစာတမ်းဖတ်ပွဲများ
လူငယ်စွန့်ဦးပညာရှင်များအဖွဲ့သည် တောင်သူ လယ်သမားများ၏ လယ်ယာကဏ္ဍ လုပ်ငန်းလိုအပ် ချက်များကို   ဖြည့်ဆည်းပေးနိုင်ရန်  သုတေသန လုပ်ငန်းများ ဆောင်ရွက်ပြီး  တွေ့ရှိလာသော ရလဒ် များကို တောင်သူလယ်သမားများအား ပညာပေး လျက်ရှိသည်။    နှစ်စဉ်နှစ်တိုင်း   ထူးခြားသော ခေါင်းစဉ်များ၊ ရည်ရွယ်ချက်များဖြင့် သုတေသန စာတမ်းဖတ်ပွဲများကို ကျင်းပပေးသည်။
၂၀၁၉   ခုနှစ်တွင်  သုတေသနနှင့် ပညာပေး လုပ်ငန်း တိုးတက်ဆောင်ရွက်ရေး စာတမ်းဖတ်ပွဲ၊ ၂၀၂၀  ပြည့်နှစ်တွင်   သုတေသနနှင့်  ပညာပေး လုပ်ငန်းမြှင့်တင်ရေးစာတမ်းဖတ်ပွဲ၊ ၂၀၂၁  ခုနှစ်တွင် တောင်သူအသုံးပြု   စိုက်ပျိုးရေးသုတေသနဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲ၊ ၂၀၂၂ ခုနှစ်တွင် သီးနှံ ကဏ္ဍဖွံ့ဖြိုးဖို့ စိုက်ပျိုးပညာဖြန့်ဝေစို့ စာတမ်းဖတ်ပွဲ နှင့် ၂၀၂၃ ခုနှစ်တွင် အသုံးချသုတေသနများမှသည် ဖွံ့ဖြိုးတိုးတက်သော       စိုက်ပျိုးရေးကဏ္ဍဆီသို့ စာတမ်းဖတ်ပွဲ၊ ယခုနှစ် မတ်လ ၂ ရက်တွင် ကျရောက် သည့် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ဆဋ္ဌမအကြိမ်မြောက် စာတမ်းဖတ်ပွဲ ကို နိုင်ငံ့စီးပွားမြှင့်တင်ဖို့ စိုက်ပျိုးပညာဖြန့်ဝေစို့ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ 
စာတမ်းဖတ်ပွဲကို  ၂၀၂၄  ခုနှစ်   ဖေဖော်ဝါရီ  ၂၇ ရက်မှ      ၂၉   ရက်အထိ   ကျင်းပပြုလုပ်ပြီး စိုက်ပျိုးရေးဦးစီးဌာရုံးချုပ် ဌာနခွဲများမှ စာတမ်း ၂၉ စောင်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ၃၁ စောင်၊ စုစုပေါင်း စာတမ်းအစောင်ရေ ၆၀ ကို ဖတ်ကြားခဲ့ကြ သည်။ စာတမ်းအမျိုးအစားများမှာ စိုက်ပျိုးရေး နည်းစနစ်ဆိုင်ရာ စာတမ်းများ၊ သီးနှံမျိုးကွဲဖွံ့ဖြိုးရေး ဆိုင်ရာစာတမ်းများ၊   အပင်ဇီဝနည်းပညာဆိုင်ရာ စာတမ်းများ၊   မြေဆီလွှာနှင့်   အပင်အာဟာရ ဖွံ့ဖြိုးရေးဆိုင်ရာ စာတမ်းများ၊ စိုက်ပျိုးစီးပွားဆိုင်ရာ စာတမ်းများ၊ သီးနှံကာကွယ်ရေးဆိုင်ရာ စာတမ်း များနှင့် မွေးမြူရေးဆိုင်ရာ စာတမ်းတို့ဖြစ်သည်။ 
ဖတ်ကြားသည့်    စာတမ်းများကို   စိုက်ပျိုးရေး ဒီပလိုမာဘွဲ့နှင့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရပညာရှင်များ ပါဝင်သည့်     တက်သစ်စ   လူငယ်ပညာရှင်များ ဖတ်ကြားသော စာတမ်းများ၊ မဟာသိပ္ပံနှင့် ပါရဂူ ဘွဲ့ရပညာရှင်များ ပါဝင်သော အတွေ့အကြုံကောင်း ရှိသည့် ပညာရှင်များ ဖတ်ကြားသော စာတမ်းများ ဟူ၍ အုပ်စုနှစ်ခု ခွဲခြားထားသည်။ စာတမ်းများကို စိစစ်အကဲဖြတ်ရာတွင်     ဒုတိယတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများဖြင့်      ဖွဲ့စည်းထားသော အကဲဖြတ်အဖွဲ့က စိစစ်ရွေးချယ်ပြီး ထူးချွန်ဆုများ ချီးမြှင့်ပေးခဲ့သည်။ 
တောင်သူအကျိုးပြုသုတေသနမှသည် လယ်ယာကဏ္ဍတိုးတက်ရေးဆီ
မြန်မာနိုင်ငံသည် ရှေးယခင် ခေတ်အဆက်ဆက် ကတည်းက လယ်ယာစိုက်ပျိုးရေးကို အခြေခံပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် နိုင်ငံဖြစ်သောကြောင့် နိုင်ငံ၏ စီးပွားရေးထုတ်ကုန် အများစုသည်     လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ထွက်ပေါ်လာကြပါသည်။   လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ကုန်ထုတ်စွမ်းအား   မြင့်မားတိုးတက်လာ စေရန် ထုတ်လုပ်မှု လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရမည်။ 
ထိုသို့          ဖြည့်ဆည်းပေးနိုင်ရေးအတွက်  စိုက်ပျိုးရေးသုတေသနများမှ နည်းပညာသစ်များကို ဆန်းသစ်တီထွင်ဖန်တီးဖော်ထုတ်ရန်   လိုအပ်ပြီး ထိုနည်းပညာသစ်များကို တောင်သူလယ်သမားများ ၏   လက်ဝယ်အရောက်   လက်တွေ့သုံးစွဲနိုင်ရေး နည်းပညာဖြန့်ဖြူးခြင်း၊         ပညာပေးခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်းတို့သည်       အလွန် အရေးကြီးပါသည်။       ထို့ပြင်     တောင်သူ လယ်သမားများ၏   စိုက်ရေးပျိုးရေးလုပ်ငန်းခွင် အတွင်း တွေ့ကြုံနေရသော ပြဿနာများကို ဖြေရှင်း ပေးနိုင်ရန်  အသုံးချသုတေသနများ ပြုလုပ်ခြင်း သည်လည်း  အလွန်အရေးကြီးသည့် အလုပ်တစ်ခု ဖြစ်သည်။ 
နည်းပညာသစ်များကို တောင်သူလယ်သမား များ စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေးဆိုသည်မှာ အနည်းငယ်ခက်ခဲပါသည်။ ဂျပန်နှင့် အမေရိကန် နိုင်ငံများမှာ     စိုက်ပျိုးရေးကို    ခေတ်မီအောင် ဆောင်ရွက်ခြင်းနည်းလမ်းတစ်ခုအဖြစ် စိုက်ပျိုးရေး သုတေသနများကို တမင်တကာ အသုံးချခဲ့ကြသည်။  ထို့ပြင်  ခေတ်မီဖွံ့ဖြိုးတိုးတက်အောင်  ပြုလုပ်ခြင်း လုပ်ငန်းစဉ်များမှာ         သုတေသနဌာနများ တည်ထောင်ခြင်း၊    ပတ်ဝန်းကျင်နှင့်   ကိုက်ညီ သော     ဆန်းသစ်တီထွင်ဖန်တီးမှုများ   ပြုလုပ် နိုင်သည့်   စွမ်းရည်များတိုးတက်အောင်  ဆောင် ရွက်ခြင်းတို့လည်း   ပါဝင်ကြောင်း  လေ့လာသိရှိရ ပါသည်။  
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍကို မြှင့်တင်ရန် ဆောင်ရွက်ခြင်းမှာ လူငယ်စွန့်ဦးပညာရှင်များ၏ အသုံးချသုတေသနများသည် တောင်သူလယ်သမား များ၏ စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်းမှ ပြဿနာ များကို ဖြေရှင်းပေးနိုင်ပြီး  ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ဖြစ်ပေါ်လာစေရန် များစွာအထောက် အကူပြုနိုင်ပါသည်။ ထို့ပြင် လူငယ်စွန့်ဦးပညာရှင် များက ၎င်းတို့တာဝန်ကျရာ ဒေသအသီးသီးတွင် စူးစမ်းလေ့လာ၍ လက်တွေ့အသုံးချ စိုက်ပျိုးရေး နည်းပညာများအဖြစ်   ဖော်ထုတ်ပြုစုထားသည့် စာတမ်းများကို လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အထောက်အကူပြုစေနိုင်ရေး နှင့် တောင်သူနည်းပညာပြန့်ပွားရေးလုပ်ငန်းများတွင်   ထည့်သွင်းအသုံးပြုကြောင်း  သိရှိရပါသည်။ ထို့ကြောင့်   စိုက်ပျိုးရေးအသုံးချသုတေသနများ သည် တောင်သူအကျိုးပြု သုတေသနများဖြစ်သဖြင့် တောင်သူတစ်ဦးချင်း၏   စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး တိုးတက်လာလျှင် လယ်ယာ ကဏ္ဍသည်လည်း  တိုးတက်လာမည်ဖြစ်ကြောင်း ယုံကြည်မိပါသည်။      ။