တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ဌာနများ၏ အကြံပြုချက်များ ညှိနှိုင်းဆွေးနွေး

 

 

နေပြည်တော် ဒီဇင်ဘာ ၁၅

 

တောင်သူလယ်သမား အဖွဲ့အစည်း ဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ဌာနများ ၏ အကြံပြုချက်များ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယ ဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်း ဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ၁၃၈၀ ပြည့်နှစ် နတ်တော်လဆန်း ၁၁ ရက်၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၆ ဖြင့် အတည်ပြုထုတ်ပြန်ခဲ့သော တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေး ဥပဒေအရ တောင်သူလယ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်း အပေါ် ဌာနများ၏ အကြံပြုချက်များ ညှိနှိုင်းဆွေးနွေးပွဲကို ပထမအကြိမ် ကျင်းပခြင်းဖြစ်ပြီး လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ တောင်သူလယ်သမားများ မနစ်နာ စေရေးအတွက် ကူညီဆောင်ရွက် ပေးရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံစိတ်ချရေးအတွက် ကာကွယ် ဆောင်ရွက်ပေးရန်၊ တောင်သူ လယ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေး ဦးတည်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများက ဥပဒေမူကြမ်းတွင် ထည့်သွင်းပါဝင် သင့်သည့် အစိတ်အပိုင်းများအလိုက် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်ချက် များအား သုံးသပ်ဆွေးနွေးခဲ့ကြ သည်။ သတင်းစဉ်