တောင်ကိုရီးယားနိုင်ငံ၌ လေကြောင်းနှင့် အာကာသယာဉ်ထုတ်လုပ်ရေးစက်ရုံ ပေါက်ကွဲမှုဖြစ်ပွား၊ ငါးဦးသေဆုံး

 

 

ဆိုးလ် ဇွန် ၁

တောင်ကိုရီးယားနိုင်ငံ၌ လေကြောင်းနှင့် အာကာသယာဉ်ထုတ်လုပ်ရေးစက်ရုံတစ်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဒယ်ဂျုံးမြို့ရှိ ဟန်ဟွာလေကြောင်းနှင့်အာကာသ ယာဉ်ထုတ်လုပ်ရေးစက်ရုံ၌ ဇွန် ၁ ရက်ကပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်အရာရှိများက ပြောသည်။ အခင်းဖြစ်ပွားရာနေရာ၌ မီးလောင်မှုကို ငြှိမ်းသတ်နိုင်ရေး မီးသတ်သမားများက ကြိုးပမ်းခဲ့ကြပြီး ပျက်စီးမှုအတိုင်းအတာကို စစ်ဆေးလျက်ရှိသည်။

 

မီးသတ်အာဏာပိုင်များက နံနက် ၁၁ နာရီ ၁၇ မိနစ်ခန့်တွင် မီးလောင်မှုအဆင့် (၁)အဖြစ် သတ်မှတ်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၉ မိနစ်တွင် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေါက်ကွဲမှုသည် ဒုံးပျံတွန်းကန်အား ယူနစ်တစ်ခုနှင့် ဆက်စပ်မှုရှိသည်ဟု ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီး ဌာနက ပြောကြားပြီး ယင်းစက်ရုံ တွင် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင်လည်း ဒုံးပျံတွန်းကန်အားပစ္စည်းများ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးခဲ့သည်။

 

ယင်းပေါက်ကွဲမှုသည် စက်ရုံပထမထပ်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် မီးသတ်အာဏာပိုင်များက ယူဆထားသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့်အကြောင်းရင်းကို အတိအကျသိရှိနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ