
ဆိုးလ် နိုဝင်ဘာ ၇
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ရထားတစ်စင်း လမ်းချော်မှု ဖြစ်ပွားပြီး ဂျပန်နိုင်ငံသားတစ်ဦးအပါအဝင် ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိ ကြောင်း သိရသည်။
ခရီးသည် ၂၇၉ ဦး တင်ဆောင်လာသော အဆိုပါ ရထားသည် ဆိုးလ်မြို့ရှိ ယောင်ဒေါင်ပိုဘူတာရုံသို့ ဆိုက်ရောက်လာစဉ် နိုဝင်ဘာ ၆ ရက် ညပိုင်းက လမ်းချော်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယွန်ဟက်သတင်း ဌာန၏ အဆိုအရ ရထားလမ်းချော်မှုကြောင့် ရထားပေါ်ပါ ခရီးသည်များ အနက် ၃၄ ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုခရီးသည်များထဲတွင် အိန္ဒိယနိုင်ငံသား သုံးဦး၊ ဂျပန်နိုင်ငံသားတစ်ဦး၊ နီပေါနိုင်ငံသား တစ်ဦး စုစုပေါင်း နိုင်ငံခြားသား ငါးဦး ပါဝင်သည်ဟု ဆိုသည်။
ဘူတာရုံသို့ ဆိုက်ရောက်လုနီးချိန်တွင် ရထားတွဲခြောက်တွဲမှာ လမ်းချော်သွားခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြည်သူ့ အသံလွှင့်ဌာန KBS က ပြောသည်။ ရဲတပ်ဖွဲ့နှင့် ကိုရီးယားရထားလမ်း ကော်ပိုရေးရှင်းတို့သည် ရထားလမ်းချော်ရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ