
တောင်ကြီး စက်တင်ဘာ ၂၅
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်စေရေး နှင့် ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် သတ်မှတ်ထား သော ဦးတည်အုပ်စုများအား ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ စက်တင် ဘာ ၂၄ ရက်အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစု ပေါင်း ၃၁၅၄၁ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရ သည်။
တောင်ကြီးမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုတွင် သံဃာတော်များ၊ သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၅၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင် များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စက်မှုဇုန်ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများနှင့် အလုပ်သမားများ၊ ဒေသခံပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် စက်တင် ဘာ ၂၄ ရက်အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၃၁၅၄၁ ဦးရှိကြောင်း သိရသည်။
ဆက်လက်၍ တောင်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား အသက်အုပ်စုအလိုက် သတ်မှတ်ပြီး ရပ်ကွက်(၂၂)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ခြောက်အုပ်စုကို တောင်ကြီးမြို့ မြို့တော်ခန်းမနှင့် အားကစား ခန်းမများတွင်လည်းကောင်း၊ ကျေးရွာအုပ်စု နှစ်အုပ်စုကို မိုဘိုင်း ဆေးထိုးအဖွဲ့ဖြင့်လည်းကောင်း၊ တောင်ကြီးမြို့နယ် တောင်လေးလုံး ကျေးရွာအုပ်စုနှင့် ရွှေညောင်မြို့ပေါ်ရှိ ရပ်ကွက်များမှ ပြည်သူများအား ရွှေညောင်မြို့ ရွှေညီလာခန်းတွင်လည်းကောင်း၊ အေးသာယာမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူများအား အေးသာယာမြို့ မြို့လယ်ဓမ္မာရုံတွင် လည်းကောင်း၊ ကျောက်တလုံးကြီးမြို့နေ ပြည်သူများအား ကျောက် တလုံးကြီးမြို့ အ.ထ.က (လုံကား)နှင့် အ.ထ.က (ကျောက်တလုံးကြီး)တို့တွင်လည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းနှင့် တောင်ကြီးမြို့နယ်ရှိ ကျန်ကျေးရွာအုပ်စုများ ကိုလည်း သတ်မှတ်ရက်များအလိုက် မိုဘိုင်းဆေးထိုးအဖွဲ့မှ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးစိုး(ပြန်/ဆက်)