
တောင်ကြီး နိုဝင်ဘာ ၂၁
၂၀၂၃ ခုနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက် ညနေ ၄ နာရီခွဲက တောင်ကြီး မြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး နှင့်ဇနီး၊ ပြည်နယ် တရား လွှတ်တော် တရားသူကြီးချုပ် နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန် ရှိသူများက လောကချမ်းသာ စူဠာမုနိ ဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်ပူဇော်ကြပြီး စိန်နားပန်မီးပုံးပျံ လွှတ်တင် ပူဇော်ပေးကြသည်။
ဆက်လက်၍ တန်ဆောင် တိုင်ပွဲတော်အား ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် တရား လွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများ၊ ပအိုဝ်းစာပေ ယဉ်ကျေးမှုအဖွဲ့ နာယက၊ ရပ်မိရပ်ဖ၊ မီးပုံးပျံပညာရှင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ရှမ်းပြည်နယ်၏ အထင်ကရ တန်ဆောင်တိုင် ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပပေးခြင်းဖြင့် ရှမ်းပြည်နယ် အတွင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာပွဲတော်ကို ဖော်ထုတ်မြှင့်တင် အားပေးခြင်း ဖြစ်ပါကြောင်း၊ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်အပါ (၇၁) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ ယခုနှစ် တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော် ကာလအတွင်း မြို့လုံးကျွတ် ဘုံကထိန် ပဒေသာပင် လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံ ပြိုင်ပွဲ (တစ်ကောင်ချင်း/ အုပ်စုအရုပ် )၊ ယမ်းမီးကြီးညလွှတ် မီးပုံးပျံပြိုင်ပွဲနှင့် စိန်နားပန် မီးပုံးပျံ ပြိုင်ပွဲများကို ကျင်းပပေး သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပ ရေး ကော်မတီနာယက ပြည်နယ် ဝန်ကြီးချုပ်က တန်ဆောင်တိုင် ပွဲတော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး (ဝဲပုံ) စိန်နားပန် မီးပုံးပျံနှစ်လုံး လွှတ်တင်ပေး၍ တိုင်းရင်းသား၊ တိုင်းရင်းသူများက မီးပုံးပျံ အလတ်အလုံး ၅၀ ၊ ကျောင်းသား၊ ကျောင်းသူ ၁၂၀၀ က မီးပုံးပျံအသေး ၃၀၀ နှင့် ပရိသတ်များက ကုမ္ပဏီမီးပုံးပျံ အသေး ၂၀၀၀ လွှတ်တင်ပေး၍ မီးရှူး၊ မီးပန်း ပစ်ဖောက်ပေး ကြပြီး (အောက်ပုံ) ၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ဆုရ သီချင်းဖြင့် တိုင်းရင်းသား ယဉ် ကျေးမှုအကဖွဲ့နှင့် ပညာရေး ဒီဂရီကောလိပ် အကအဖွဲ့တို့က တူညီအကဖြင့် ဖျော်ဖြေတင်ဆက် ခြင်း၊ ခေတ်ပေါ်တေးဂီတ တီးဝိုင်း မှ ဒေသခံအဆိုတော်များက ဧည့်ခံ ဖျော်ဖြေတင်ဆက် ကြကြောင်း သိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)