ကိတ်ပ်တောင်း မေ ၁၇
မေလအစောပိုင်းမှ စတင်၍ တောင်အာဖရိက နိုင်ငံတစ်ဝန်း ရှိ ပြည်နယ်အများအပြားတွင် ပြင်းထန်သော ရာသီဥတု အခြေအနေများ ဖြစ်ပေါ်ခဲ့သဖြင့် လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးမှုများကို ပူးပေါင်းဆောင်ရွက်ရေးနှင့် ရိုးရာဓလေ့ကိစ္စရပ်များဆိုင်ရာဌာနက အတည်ပြုခဲ့ပြီး သေဆုံးသူ အများစုမှာ အနောက်ပိုင်းကိတ်ပ် ပြည်နယ်မှဖြစ်ကြောင်း သိရသည်။
အနောက်ပိုင်း ကိတ်ပ်ပြည် နယ်တွင် ရာသီဥတုနှင့်ဆက်စပ် သည့် သေဆုံးသူ ၁၁ ဦးရှိပြီး သုံးဦးမှာ မြောက်ပိုင်းကိတ်ပ် ပြည်နယ်မှဖြစ်ကြောင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ရိုးရာဓလေ့ကိစ္စရပ်များဆိုင်ရာဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာဆီကိုဘက်ကို့စ် က မေ ၁၆ ရက်တွင် ပြောကြားသည်။
သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မေလ ၄ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့ပြီး အရေးပါသော ဝန်ဆောင်မှုလုပ်ငန်းများတွင် အဟန့်အတားများ ဖြစ်ပေါ်စေခဲ့သည်။
ယင်းနောက် အစိုးရက ပြည်နယ်ခြောက်ခုတွင် ပြင်းထန်သော ရာသီဥတုအခြေအနေများ ကျရောက်နေသဖြင့် နိုင်ငံတော်အဆင့် သဘာဝဘေးအန္တရာယ် အဖြစ် ကြေညာခဲ့သည်။ မေ ၁၅ ရက်တွင် ကိတ်ပ်တောင်းမြို့ရှိ လူဦးရေ ၁၀၃၃၅၀ ခန့်မှာ ပြင်းထန်သည့် ရာသီဥတုဒဏ်ကို ခံစားခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားသည်။ အချို့ ဒေသများတွင် သောက်သုံးရေ၊ လျှပ်စစ်မီးနှင့် အမိုးအကာရရှိရေးဆိုင်ရာ အခက်အခဲများကို ဆက်လက်ရင်ဆိုင် နေရကြောင်းလည်း သိရသည်။
ဆင်ဟွာ