တစ်ဦးချင်းပုဂ္ဂိုလ် အခွန်ထမ်းများအနေဖြင့် MPU ကတ်ဖြင့် အွန်လိုင်းမှ အခွန်ပေးဆောင်နိုင်ရန် မြို့နယ်ရုံး ၇၅ ရုံး တိုးချဲ့ဖွင့်လှစ်

 

ပြည်တွင်းအခွန်များဦးစီးဌာနက ပြည်သူများ အခွန် ပေးဆောင်မှု ပိုမိုလွယ်ကူ လျင်မြန်စေရေးအတွက် အခွန်ပေးဆောင်ရာတွင်  အီလက်ထရောနစ် ငွေပေး ချေမှုနည်းလမ်းများဖြင့်  ပေးဆောင်နိုင်ရန် ဆောင်ရွက် ပေးလျက်ရှိရာ အောက်တိုဘာ ၁၇ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနှင့်    ပြည်နယ်နှင့်   တိုင်း ဒေသကြီး အသီးသီးတို့၌  အခွန်ရုံး  ၇၅  ရုံးခန့်ကို ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးထားခဲ့ရာ ယခုအခါ မြို့နယ် အခွန်ရုံး ၁၁၁ ရုံး၌ တစ်ဦးချင်းပုဂ္ဂိုလ် အခွန်ထမ်း သူများအနေဖြင့် e-commerce ဖွင့်လှစ်ထားသော MPU Debit Card ကို အသုံးပြု၍ ပြည်တွင်းအခွန်များ ဦးစီးဌာန ဝက်ဘ်ဆိုက်ဖြစ်သည့် www.ird.gov.mm ရှိ Start Your Tax Online Payment မှတစ်ဆင့် အခွန်ပေးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အခွန်ပေးသွင်းပြီးပါက  အခွန်ပေးသွင်းသူထံသို့ Transaction Successful  ဖြစ်ကြောင်း  စနစ်မှ e-mail ပေးပို့မည်ဖြစ်ပြီး သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းတွင်   အခွန်ငွေ   လက်ခံရရှိပြီးပါက ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေပေးသွင်း ပြီးကြောင်း အထောက်အထား ပတခ(e-payment) ကို အခွန်ထမ်းထံသို့ အီလက်ထရောနစ်နည်းလမ်းဖြင့် ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
အခွန်ထမ်းများအနေဖြင့် အွန်လိုင်းမှ အခွန်ပေးသွင်းလုပ်ငန်းစဉ်များအတွက် ဌာန၏ ဝက်ဘ်ဆိုက် တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပြီး အခွန်ထမ်း ဝန်ဆောင်မှုဗဟိုအဖွဲ့ရုံးများ၊  အီလက်ထရောနစ် ဝန်ဆောင်မှုနည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး စင်တာ(e-Services Help Desk Center) ဖုန်းနံပါတ် ၀၁-၈၃၇၈၃၇၁၊ သတင်းအချက်အလက်နည်းပညာ ဌာနခွဲ(e-payment Section)   ဖုန်းနံပါတ်   ၀၁-၈၃၇၉၀၂၁ နှင့် သက်ဆိုင်ရာအခွန်ရုံးများသို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။   သီရိ