တစ်ပူပေါ်နှစ်ပူဆင့် ကာကွယ်ဆေးအတုနှင့် ဆေးဝါးအတု ပြဿနာ

Type

မေယု-မျိုးအောင် (MANA)
 

 

မြန်မာနိုင်ငံတွင် ဆေးဝါးအတုများနှင့် ယဉ်ပါးနေသည့်ပြဿနာမှာ ကာလကြာမြင့်စွာကတည်းက ဖြစ်သည်။ ပြည်တွင်းဆေးဝါးဈေးကွက်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊  ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် ဆေးဝါးများကို ကုမ္ပဏီများမှတစ်ဆင့် တရားဝင်တင်သွင်းနေကြသကဲ့သို့   နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် တင်သွင်းလာသည့် ဆေးဝါးများလည်းရှိသည်။ ကုမ္ပဏီများမှ တရားဝင်တင်သွင်းနေကြသည့် ဆေးဝါးများသည် အရည်အသွေးနှင့်ပတ်သက်၍ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်သော်လည်း နယ်စပ်ဖြတ်ကျော်၍ တရားမဝင် တင်သွင်းလာသည့်ဆေးဝါးများမှာ ဝယ်ယူသုံးစွဲသူများအတွက် အတု အစစ် ခွဲခြားပေးနိုင်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။


ကိုဗစ်ကာကွယ်ဆေးအတု


အိမ်နီးချင်း  တရုတ်နိုင်ငံအတွင်း   ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးအတု       ထုတ်လုပ်သည့်နေရာများကို ဝင်ရောက်စီးနင်းခဲ့ရာ   ကာကွယ်ဆေးအတု   အလုံးရေ ၃ဝဝဝ ခန့်နှင့်   ထုတ်လုပ်ရောင်းချမှုနှင့်  ဆက်နွှယ်သည့် လူ ၈၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း  တရုတ်အာဏာပိုင် များ၏ သတင်းကို ကိုးကား၍ အင်န်အိတ်ချ်ကေ သတင်း က ဖော်ပြသည်။ အဆိုပါ ကာကွယ်ဆေးအတု ထုတ်လုပ် ရေးလုပ်ငန်းကို စက်တင်ဘာလကတည်းက စတင်ခဲ့ခြင်း ဖြစ်ကာ ဆားပျော်ရည်များကို အသုံးပြုထားသည့်အတွက် အမြတ်အစွန်းများစွာရရှိခဲ့ပြီး  တရုတ်နိုင်ငံ   ပြင်ပသို့ မှောင်ခိုတင်ပို့ရန်  စီစဉ်ထားဖွယ်ရှိကြောင်း  ဂလိုဘယ် တိုင်းမ်သတင်းစာ၏   အရင်းအမြစ်များကို   ကိုးကား၍ ဆက်လက်ဖော်ပြထားသည်။


ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ရောဂါပိုးကူးစက်သူဦးရေ သန်း ၁ဝဝ ကျော်ရှိပြီဖြစ်ကာ ၂ ဒသမ ၂ သန်းကျော် သေဆုံးခဲ့ရပြီ ဖြစ်သည်။  နိုင်ငံအများအပြားအနေဖြင့် ကိုဗစ်ရောဂါနှင့်    ရင်ဆိုင်နေရချိန်တွင်   ထိုသို့သော ကာကွယ်ဆေးအတုများ၊ ဆေးဝါး အတုများ၊ ဆေးပစ္စည်း ကိရိယာအတုများ   ပြဿနာမှာ  တစ်ပူပေါ်  နှစ်ပူဆင့် ဆိုသကဲ့သို့  ဖြစ်စေသည်။  နိုင်ငံအချို့ရှိ  ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၊ ကိုဗစ်ဗိုင်းရပ်စ်နှင့်  အနီးကပ်ဆုံး ထိတွေ့ရ သူများ အများဆုံးအသုံးပြုနေရသည့် နှာခေါင်းစည်းများ အရည်အသွေး  မပြည့်ဝမှု၊   ကိုရိုနာဗိုင်းရပ်စ်   အမြန် စစ်ဆေးနိုင်သည့် ကိရိယာများ၏ အရည်အသွေး စိတ်မချ ရမှုကြောင့် ထုတ်လုပ်သည့်နိုင်ငံနှင့် အသုံးပြုသည့် နိုင်ငံ အချင်းချင်း အငြင်းပွားမှုများ ဖြစ်ပေါ်နေသကဲ့သို့ အများ ပြည်သူတို့ မရှိမဖြစ်လိုအပ်နေသော နှာခေါင်းစည်းများကို အတုထုတ်လုပ်ရောင်းချမှုများ ၊ ဖမ်းဆီးရမိမှုများလည်း ရှိနေသည်။


ဆေးဝါးအတုလုပ်ငန်းများ၏   အဓိက  ပစ်မှတ်မှာ ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများနှင့်ဆင်းရဲမှု နိမ့်ကျနေသည့် နိုင်ငံများသာ ဖြစ်သည်။ လူတိုင်းသည် ကျန်းမာရေးကိစ္စနှင့် ပတ်သက်လာလျှင်   စစ်မှန်သည့် ဆေးဝါး ၊ အရည်အသွေး ကောင်းသည့်   ဆေးဝါးများကိုသာ  သုံးစွဲလိုစိတ်ရှိခဲ့ကြ သော်လည်း  ဆင်းရဲမှု နိမ့်ကျဆဲ  နိုင်ငံတစ်နိုင်ငံအတွက် ဝင်ငွေနှင့် ချင့်ချိန်၍ ဈေးသက်သာသည့် ဆေးဝါးများကိုသာ အားကိုးနေရဦးမည့် အခြေအနေမျိုးဖြစ်ရာ ဆေးဝါး အတုများကို  အမြစ်ပြတ်နှိမ်နင်းရေးမှာ လွယ်မယောင်နှင့် ခက်နေဦးမည့် အနေအထားဖြစ်နေသည်။


စံမမီခြင်းနှင့် ဆေးဝါးအတုပြဿနာ


ဝင်ငွေနည်း   သို့မဟုတ်  အလယ်၊ အလတ် ရှိသော နိုင်ငံများ၌ ဆေးပစ္စည်းထုတ်ကုန် ၁၀ မျိုးတွင် တစ်မျိုး သည် စံမမီဆေးဝါး သို့မဟုတ် ဆေးဝါးအတု ဖြစ်နေကြောင်း နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန် သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လေ့လာမှု အစီရင်ခံချက်အသစ်တစ်ရပ်က ဖော်ပြခဲ့သည်။ WHO သည်  ၂၀၁၃   ခုနှစ်မှစတင်ကာ ဆေးဝါးအတုများနှင့် စပ်လျဉ်း၍ လေ့လာစောင့်ကြည့်ခဲ့ရာ ပြဿနာရှိသော ဆေးဝါးအမျိုးပေါင်း ၁၅ဝဝ ခန့်ရရှိခဲ့ပြီး ယင်းဆေးဝါးများထဲတွင်  ငှက်ဖျားကာကွယ်ဆေးနှင့် ပဋိဇီဝဆေး အများဆုံးပါဝင်ကြောင်း၊  ယင်းဆေးဝါး အတု များကြောင့် လူများတွင် ဆေးမတိုးတော့သည့် ဆင့်ကဲ ရောဂါပိုးမွှားများနှင့် မျိုးရိုးဗီဇပြောင်းသွားသော ဖြစ်ရပ် များ ပေါ်ပေါက်လာနိုင်ကြောင်း၊ ယခုပြဿနာသည်  ဒေသ တစ်ခုတည်းနှင့်မဆိုင်ဘဲ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် ပြဿနာဖြစ်ကြောင်း ယင်းအစီရင်ခံစာက ဆိုထားသည်။


ဆေးဝါးအတုလုပ်ငန်းသည်   ကမ္ဘာတစ်ဝန်းလုံး၌ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည့် စီးပွားရေးလုပ်ငန်း တစ်ရပ် ဖြစ်နေသည်မှာ ကာလကြာမြင့်စွာကတည်းက ဖြစ်သည်။ ဆေးဝါးအတုပြုလုပ်သူများသည် ကမ္ဘာကျော် ဆေးဝါး ကုမ္ပဏီကြီးအချို့က  ထုတ်လုပ်သည့်  ဆေးဝါးများမှာ ဈေးနှုန်းကြီးမြင့်မှုအပေါ် အခွင့်ကောင်းယူကာ အတုပြုလုပ် ကြသကဲ့သို့ ဈေးမကြီးသော်လည်း အရောင်းသွက်သည့် ဆေးဝါးများကိုပါ  အတုပြုလုပ်လေ့ ရှိသည်။ ဂျီနီဗာအခြေ စိုက် ဆေးဝါးထုတ်လုပ်သူများအဖွဲ့ နိုင်ငံတကာ ဖက်ဒရေး ရှင်း၏ ခန့်မှန်းချက်အရ   တစ်နှစ်တာကာလအတွင်း ဆေးဝါးရောင်းရငွေသည်  အမေရိကန် ဒေါ်လာ ဘီလီယံ ၃ဝဝ ကျော်အထိရှိရာ ယင်းတို့အနက် ၂ ရာခိုင်နှုန်းမှာ ဆေးဝါးအတု   ရောင်းဝယ်ဖောက်ကားရာမှ    ရရှိသည့် ငွေများဖြစ်ကြောင်း   ဆိုထားသဖြင့်   ယင်းလုပ်ငန်း၏ အမြတ်အစွန်းကြီးမားမှုကို  သိသာနိုင်သည်။


ထိခိုက်လွယ် အသိုက်အဝန်းကို ဒုက္ခပေး


ဝင်ငွေနည်းသော၊ ဝင်ငွေ အလယ်၊  အလတ်ရှိသော နိုင်ငံများတွင်  ဆေးဘက်ဆိုင်ရာထုတ်ကုန် ၁၀ ခု၌ တစ်ခု သည် စံမမီ သို့မဟုတ် အတုဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) ၏ လေ့လာမှု အစီရင်ခံချက် တစ်ခုအရ သိရသည်။ ယင်းဆေးဝါးများသည် ရောဂါများကို မကာ ကွယ်၊     မကုသနိုင်ရုံသာမက   ရောဂါပြင်းထန်စေခြင်း  သို့မဟုတ်  အသက်သေဆုံးခြင်းပင်ဖြစ်နိုင်ကြောင်း  WHO အစီရင်ခံစာအရ သိရသည်။ စံမမီဆေးဝါး နှင့် ဆေးအတု များသည် အထူးသဖြင့် ထိခိုက်လွယ်ဆုံး လူ့အသိုင်းအဝိုင်း များကို  ထိခိုက်ကြောင်း  WHO  ညွှန်ကြားရေးမှူးချုပ် တက်ဒရော့အက်ဒဟာနွမ်ဂီဘရီယက်ဆုစ်က ပြောသည်။


ယင်းဆေးဝါးများတွင်   ငှက်ဖျားကာကွယ်ဆေးနှင့် ပဋိဇီဝဆေး   အများဆုံးပါဝင်ကြောင်း  သိရသည်။ စံမမီ ဆေးဝါးများအနက် ၄၂ ရာခိုင်နှုန်းသည်   အာဖရိကဒေသ မှလည်းကောင်း၊ ၂၁ ရာခိုင်နှုန်းသည်   အမေရိက ဒေသ မှလည်းကောင်း၊ နောက်ထပ် ၂၁ ရာခိုင်နှုန်းသည် ဥရောပ ဒေသမှလည်းကောင်း တွေ့ရှိကြောင်း WHO က ဆက်ပြော သည်။  သို့သော်    မှတ်တမ်းမကောက်ယူနိုင်ခဲ့သော အလားတူဖြစ်ရပ်များရှိကြောင်း  WHO က ဆက်ပြောသည်။ စံမမီသော သို့မဟုတ် ဆေးဝါးအတုများကြောင့် လူများ တွင် ဆေးမတိုးသော  ဆင့်ကဲရောဂါပိုးမွှားများနှင့်  မျိုး ပြောင်းသွားသော ဖြစ်ရပ်များဖြစ်ပေါ်နိုင်ကြောင်း သိရ သည်။ ဆေးဝါးများ၏ အာနိသင်ကို ခုခံတွန်းလှန်နိုင်သော ရောဂါပိုးများကြောင့် ရောဂါကုသပျောက်ကင်းရန် မဖြစ် နိုင်တော့သည်အထိ ဖြစ်လာနိုင်သည်။ ယခုပြဿနာ သည် ဒေသတစ်ခုတည်းနှင့်မဆိုင်ဘဲ တစ်ကမ္ဘာလုံးနှင့်ဆိုင်သော ပြဿနာဖြစ်ကြောင်း WHO က ပြောကြားသည်။


၂၀၁၇ ခုနှစ်အတွင်း   နိုင်ငံတကာရဲတပ်ဖွဲ့၊  မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊   အစားအသောက်နှင့်   ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနအပြင်   အခြားနှီးနွှယ်ဌာနများနှင့်ပူးပေါင်း၍ တရားမဝင်  ဆေးဝါး၊ စံမညီဆေးဝါးနှင့် ဆေးဝါးအတု၊ ဆေးဝါးတိုက်ဖျက်ရေးအစီအစဉ်ကို     မန္တလေးတိုင်း ဒေသကြီး၊   မကွေးတိုင်းဒေသကြီး၊  တနင်္သာရီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် ပြုလုပ်ခဲ့ရာ  ဖော်ပြပါ  တိုင်းဒေသကြီးနှင့်ပြည်နယ် ငါးခု၌ တရားဝင်မှတ်ပုံတင်မရှိဘဲ   ရောင်းချနေသော  ဆေးဝါး များနှင့်  သက်တမ်းလွန် ဆေးဝါးရောင်းချသည့် ဆေးဆိုင် ၁ဝဝ ကျော်တွေ့ရှိခဲ့ပြီး အရေးယူနိုင်ရန် စီစဉ်နေသည်ဟု အစားအသောက်နှင့်    ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  ဆေးဝါးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ သိင်္ဂီဇင်က ပြောသည်။


အသက်အန္တရာယ်ဖြစ်စေနိုင်


စံမမီဆေးဝါးအတုများ၏ ဆိုးကျိုးသည် ဆေးယဉ်ပါး မှု အထိဖြစ်နိုင်ပြီး   အချို့ဆေးများမှာ   လိုအပ်သည့် အချိန်အဆထက်ပိုခြင်း၊     လိုခြင်းများရှိပါက အသက် အန္တရာယ်ကိုပင် ဖြစ်စေနိုင်သည်။ ဆေးယဉ်ပါးဆိုသည်မှာ  ပဋိဇီဝဆေး ပိုးသတ်ဆေးတစ်မျိုးကို မလုံလောက်သော အချိန်အဆများနှင့်    သောက်မိသဖြင့်   ယခင်ပေးသည့် ဆေးနှင့်မတိုးတော့ဘဲ     ယင်းဆေးထက်    ပိုပြင်းသော ဆေးကို အသုံးပြုရခြင်း ဖြစ်သည်။ 


မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ကလည်း ယမန်နှစ် မေလအတွင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အကြောင်းကြားချက်အရ သြစတြေး လျ၊  လတ်ဗီးယား၊  ဆော်ဒီအာရေးဗီးယားနိုင်ငံတို့တွင် Defibrotide 200 mg vials (Anti-coagulant) အမည်ဖြင့် ဆေးဝါးအတုများတွေ့ရှိရကြောင်း၊   Defibrotide ဆေးဝါး သည် Stem Cell အစားထိုးကုသရာမှ အသည်းအတွင်းရှိ သွေးကြောများပျက်စီး၍  သွေးခဲများဖြင့်  ပိတ်ဆို့သည့် ရောဂါကုသရာတွင်  အသုံးပြုသည့်   ဆေးဝါးဖြစ်ကြောင်း၊ ယင်းဆေးဝါးကို   မြန်မာနိုင်ငံ၌   မှတ်ပုံတင်ရရှိထားခြင်း မရှိကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော ဝန်ထမ်းများနှင့် ပြည်သူလူထုများအကြားတွင် ယင်းဆေး ဝါးအတုဟု သံသယရှိပါက သို့မဟုတ်   ယင်းဆေးဝါးအတု အသုံးပြုမိ၍  ဆေး၏ ဘေးထွက်ဆိုးကျိုး    တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ  ကျန်းမာရေးဌာန /  ဆေးရုံ/  ဆေးခန်းမှတစ်ဆင့် FDA သို့ သတင်းပေးပို့ရန် ကြေညာထားကြောင်း   သိရသည်။


တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သော ပြဿနာ


ဆေးဝါးအတုများကြောင့် လူအများ၌ ဆေးမတိုးတော့ သည့်  ဆင့်ကဲရောဂါပိုးမွှားများနှင့်  မျိုးရိုးဗီဇပြောင်းသွား သောဖြစ်ရပ်များ  ပေါ်ပေါက်လာနိုင်သဖြင့် အဆိုပါကိစ္စ သည် ဒေသတစ်ခုတည်းနှင့် သာမကတော့ဘဲ တစ်ကမ္ဘာ လုံးနှင့် သက်ဆိုင်သည့်  ပြဿနာဖြစ်လာသည်။ ဆေးဝါး အတုနှင့် ဆေးပစ္စည်းအတုများသည် လူသားထု တစ်ရပ် လုံး၏ သားစဉ်မြေးဆက်အထိ   ဒုက္ခပေးနိုင်သည့်   အလွန် အန္တရာယ်များသော   ကိစ္စဖြစ်ရာ  မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ လုံးဝခွင့်မလွှတ်နိုင်သည့် လုပ်ရပ်မျိုး ဖြစ်သည်။ ကိုဗစ်ကပ်ရောဂါ  ကာကွယ်ဆေးအတုအပ နှင့်စပ်လျဉ်းသည့် အသိပညာပေးမှုများ လုပ်ဆောင်ခြင်း၊ ပြည်သူများအနေဖြင့်လည်း       လူမှုကွန်ရက်များ၊ အင်တာနက် စာမျက်နှာများနှင့် အွန်လိုင်းဈေးကွက်များ တွင် ကြေညာလေ့ရှိသော ကာကွယ်ဆေးများကို ဝယ်ယူ သုံးစွဲခြင်း မပြုရန်နှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနက တရားဝင်ထိုးနှံပေးမှုများကိုသာ စိတ်ရှည်စွာ စောင့်ဆိုင်း ခြင်းများကို လုပ်ဆောင်သင့်သည်။


တာဝန်ရှိသူများအနေဖြင့်        ဆေးဆိုင်များကို ရှောင်တခင်စစ်ဆေးပြီး ကာကွယ်ဆေးရောင်းချမှုဆိုင်ရာ တားမြစ်ချက်များကို   ဖောက်ဖျက်သည့်  ဆေးဆိုင်များ ရှိပါက ထိရောက်စွာ အရေးယူအပြစ်ပေးရန်  လိုအပ်သည်။ နိုင်ငံပိုင်ဆေးဝါးစက်ရုံများမှ  လူသုံးများသည့်  ဆေးဝါး အမည်သစ်များကို   တိုးချဲ့ထုတ်လုပ်ခြင်း၊   လက်လီ လက်ကားရောင်းချသည့် ဆေးဆိုင်များအား ရှောင်တခင် စစ်ဆေးခြင်း ၊ တားမြစ်ချက်များကို ဖောက်ဖျက်သည့် ဆေးဆိုင်များအား   ထိရောက်သည့်      ပြစ်ဒဏ်များ ချမှတ်ခြင်း၊ ပြည်သူများအနေဖြင့်လည်း တရားဝင်ရောင်း ချခွင့်    ဆေးဆိုင်များတွင်သာ     ဝယ်ယူသုံးစွဲခြင်းများ လုပ်ဆောင်နိုင်ပါက   ဆေးဝါးအတု   နှိမ်နင်းရေးကို အမြစ်ပြတ်သည်အထိ မကိုင်တွယ်နိုင်သေးသော်လည်း အတိုင်းအတာတစ်ခုအထိ     အကျိုးသက်ရောက်မှုရှိစေ မည်ဟု ယူဆပါကြောင်း  ရေးသားလိုက်ရပါသည်။      ။