
ရန်ကုန် ဩဂုတ် ၁၁
ယခုတစ်ပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်၌ ငရုတ်နှင့် မတ်ပဲ၊ ပဲစင်းငုံတို့ ဈေးအတက်ကြမ်းလာခဲ့ပြီး အာလူးနှင့် ကြက်သွန်နီ တို့မှာလည်း နေ့စဉ်အတက်ပြလာသည်။ ဆန်ချောဈေးနှုန်းမှာ အမြင့် တွင် တန့်နေခဲ့ပြီး စားသုံးဆီများ အဝယ်လိုက်လာကြောင်း သိရသည်။
ဆန်
ဆန်ဈေးနှုန်းများ အမြင့်ပိုင်းတွင် တည်ငြိမ်လျက်ရှိသည်ကို မြင်တွေ့ရသည်။ ဩဂုတ် ၁၀ ရက် ပေါ်ဆန်း တစ်အိတ်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၈၀၀၀၀-၈၈၀၀၀၊ ပုသိမ်/မြောင်းမြ တစ်အိတ် ကျပ် ၆၁၀၀၀-၆၅၀၀၀၊ ဖျာပုံတစ်အိတ် ကျပ် ၅၉၀၀၀-၆၃၀၀၀ ဖြစ်ပြီး ဈေးငြိမ်လျက်ရှိသည်။ ပေါ်ကျွဲတစ်အိတ်လျှင် ကျပ် ၄၃၀၀၀-၄၆၀၀၀၊ ရက် ၉၀ ဆန်ကြမ်း တစ်အိတ်လျှင် ကျပ် ၃၉၀၀၀-၄၃၀၀၀၊ သီးထပ်ဆန်ကြမ်းတစ်အိတ် ကျပ် ၃၅၀၀၀ အသီးသီးရှိနေသည်။
မတ်ပဲနှင့် ပဲစင်းငုံ
ဩဂုတ် ၁၀ ရက်တွင် မတ်ပဲ FAQ/RC တစ်တန် ကျပ် ၁၇၉၂၀၀၀၊ ပဲစင်းငုံနီ Red/RC တစ်တန်ကျပ် ၁၈၉၅၀၀၀ စသည်ဖြင့် ဈေးနှုန်းများ သတ်မှတ် ရောင်းချနေသည်ကို မြင်တွေ့ရသည်။ ဈေးကွက်အတွင်း ဩဂုတ် ၅ ရက်နှင့် ဩဂုတ် ၁၀ ရက်ကြားတွင် မတ်ပဲ တစ်တန်လျှင် ကျပ် ၁၂၄၅၀၀ နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၂၈၂၅၀၀ ဈေးတက်လာခဲ့ခြင်း ဖြစ်သည်။
ကြက်သွန်နီ
ဩဂုတ်ပထမပတ်အတွင်း ဘုရင့်နောင်သို့ ကြက်သွန်နီ အဝင် နည်းသော်လည်း ဈေးနှုန်းမတက်ဘဲ လက်ငုတ်သာ ရှိခဲ့သည်။ ဩဂုတ် ၈ ရက် ဖွင့်ရက်တွင်မူ တစ်ပိဿာ ကျပ် ၁၀၀ ဈေးတက်လာပြီး ဩဂုတ် ၉ ရက်တွင် တစ်ပိဿာ ကျပ် ၂၃၀၀ နှုန်းအထိ ဈေးမြင့်လာသည်။ ဩဂုတ် ၁၀ ရက် ဈေးနှုန်းများအရ လက်ကားတစ်ပိဿာ ဈေးနှုန်းများမှာ ဆိပ်ဖြူကြက်သွန် တစ်ပိဿာ ကျပ် ၁၅၅၀-၁၉၅၀-၂၁၀၀-၂၁၅၀၊ မြင်းခြံကြက်သွန် တစ်ပိဿာ ကျပ် ၁၇၀၀-၂၁၀၀-၂၂၀၀-၂၃၀၀၊ မုံရွာ ကြက်သွန် တစ်ပိဿာ ကျပ် ၁၇၀၀-၂၁၀၀-၂၂၀၀-၂၃၀၀ နှုန်းရှိသည်။ နယ်ကုန်စည်ဒိုင် တစ်ပိဿာအမြင့်ဆုံးဈေးနှုန်းများမှာ ဆိပ်ဖြူကျပ် ၁၈၅၀၊ ပခုက္ကူ ကျပ်၂၀၀၀၊ မြင်းခြံ ကျပ် ၂၀၀၀ နှုန်းရှိကြောင်း သိရသည်။
ကြက်သွန်ဖြူ/အာလူး/ငရုတ်
ရှမ်းအောင်ပန်းကြက်သွန်ဖြူ လက်ကားတစ်ပိဿာ ကျပ် ၂၁၀၀-၂၇၅၀-၃၁၅၀-၃၇၀၀ နှုန်းရှိသော်လည်း ကြူကုတ် တစ်ပိဿာ ကျပ် ၃၃၀၀-၃၃၅၀ နှုန်းသာရှိသည်။ အာလူးမှာ ဈေးနှုန်းအမြင့်တွင် ဆက်လက်ရှိနေပြီး ဩဂုတ် ၁၀ ရက် ဈေးနှုန်းများတွင် ရှမ်းအာလူး လက်ကား တစ်ပိဿာ ကျပ် ၁၂၅၀-၁၅၀၀-၁၉၅၀-၁၉၅၀ နှုန်း၊ တရုတ် အာလူးတစ်ပိဿာ ကျပ် ၂၀၅၀-၂၁၀၀ နှုန်းရှိနေသည်။
ငရုတ်ဈေးနှုန်းသည် ဩဂုတ်လဆန်းပိုင်းတွင် ပဲဈေးနှုန်းကဲ့သို့ ဩဂုတ် ၉ ရက်အထိ နေ့စဉ်နီးပါး ထူးခြားစွာ မြင့်တက်နေသည်။ ယင်း နေ့တွင် မိုးထောင်ငရုတ် အအေးခန်းထုတ် လက်ကားတစ်ပိဿာ ကျပ် ၁၈၅၀၀-၁၉၀၀၀၊ စိမ်းစားပွ ကျပ် ၁၆၅၀၀-၁၇၀၀၀၊ ဆင်ဖြူကျွန်းပွ အအေးခန်းထုတ် တစ်ပိဿာ ကျပ် ၁၆၅၀၀၊ မြစ်ဝပွ တစ်ပိဿာ ကျပ် ၁၆၅၀၀-၁၇၀၀၀၊ နယ်သာလန် ငရုတ်ရှည် တစ်ပိဿာ ကျပ် ၁၅၅၀၀ နှုန်းရှိသည်။
စားအုန်းဆီ
ဩဂုတ် ၈ ရက်မှ ၁၄ ရက်အတွင်း ရန်ကုန်အထိုင် လက်ကား ရည်ညွှန်းဈေး စားအုန်းဆီ တစ်ပိဿာဈေးနှုန်း ၃၅၂၅ ကျပ်ဖြင့် ဈေးနှုန်း မပြောင်းသကဲ့သို့ ရန်ကုန်ပြင်ပဆီဈေးကွက်တွင်လည်း လက်ငင်း အလှယ် လက်ကားပီပါဈေး တစ်ပိဿာ ကျပ် ၈၅၀၀ ဝန်းကျင် ဈေး မပြောင်းလဲကြောင်း သိရသည်။ ပြင်ပဆီဈေးကွက်အတွင်း ကန်ဆီ ဝယ်လိုအားများနေသော်လည်း ရောင်းသူနည်းလျက်ရှိသည်။ ၁၈ လီတာပုံးဝါ ဆီတစ်ပုံး (ဆီသား ၁၀ ပိဿာ)လျှင် ကျပ် ၈၈၀၀၀ နှုန်း ရှိလာသည်။ ပုံးခွံဖိုးနုတ်လျှင် ဆီတစ်ပုံး ကျပ် ၈၆၀၀၀ ရှိသည်။
အောင်ခင်နိုင်