
စက်တင်ဘာ ၁ ရက်မှ ၇ ရက်အတွင်း ရန်ကုန် ကုန်စည်ဈေးကွက်တွင် စားအုန်းဆီအထိုင် ရည်ညွှန်းဈေး တက်လာသော်လည်း ပြင်ပဆီ ဈေးကွက် လက်ငင်းအလှယ် လက်ကားဈေးမှာ အကျကြမ်းလာသည်။ ကြက်သွန်နီနှင့် ကြူကုတ် ကြက်သွန်ဖြူများလည်း ဈေးပြန်လည် ကျဆင်း လာသည်။ ရှမ်းအာလူး အဝင်နည်းပြီး တရုတ် အာလူးများသာ အဝင်များသလို ဈေးတက် လာသည်။ ငရုတ်၊ ထန်းလျက်နှင့် မန်ကျည်းတို့လည်း ဈေးမြင့်လာသည်။
ဆန်
၂၀၂၂ မိုးစိုက် မိုးစပါးကြမ်းအသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်စပြုလာသည့်အတွက် ယခုအပတ်အတွင်း ဆန်ဈေးနှုန်းများသည် ဈေးနှုန်းအမြင့်တွင် ငြိမ်နေဆဲဖြစ်သည်။ စက်တင်ဘာ ၇ ရက် ရန်ကုန်ဆန်ဈေးကွက်တွင် ပေါ်ဆန်း ဆန်ချော လက်ကားတစ်အိတ် ဈေးနှုန်း များမှာ ရွှေဘို ကျပ် ၈၅၀၀၀-၉၁၀၀၀၊ ပုသိမ် မြောင်းမြ ကျပ် ၆၈၀၀၀-၇၀၀၀၀၊ ဖျာပုံ ကျပ် ၆၅၀၀၀-၆၈၀၀၀၊ ပေါ်ကျွဲ ကျပ် ၅၂၀၀၀-၅၄၀၀၀ ဖြစ်ပြီး ဆန်ကြမ်း ဈေးနှုန်းများမှာ ရက် ၉၀ ရှယ် ကျပ် ၄၉၀၀၀-၅၀၀၀၀၊ သီးထပ် ကျပ် ၄၂၀၀၀-၄၃၀၀၀ နှုန်း ရှိနေသည်။
စားအုန်းဆီ
စက်တင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ ရန်ကုန် အထိုင် လက်ကားရည်ညွှန်းဈေး စားအုန်းဆီ တစ်ပိဿာ ကျပ် ၅၂၂၀ ရှိလာရာ ယခင်အပတ်ထက် တစ်ပိဿာလျှင် ကျပ် ၃၁၀ ဈေးတက်လာသည်။ သို့သော် ရန်ကုန်ပြင်ပဆီဈေးကွက်တွင် လက်ကား အလှယ် လက်ငင်းကန်ဆီပီပါဈေးမှာ စက်တင် ဘာ ၁ ရက်က တစ်ပိဿာ ကျပ် ၉၇၀၀ နှုန်းရှိရာမှ ၇ ရက်တွင် ကျပ် ၉၁၀၀/၉၂၀၀ နှုန်းသို့ အကျကြမ်း လာသည်။ သို့သော် ပုံးဆီများ အရောင်းအဝယ် များနေ၍ ကန်ဆီဈေးကျနေသော်လည်း ဝယ်လို အားထက် ရောင်းလိုအားက များနေသည်ဟု ညောင်ပင်လေးဈေးမှ သိရသည်။ ဘုရင့်နောင်တွင်မူ ဝယ်အားရှိသလောက် ဝယ်မရဟု ကုန်ပို့အဝယ်တော် တစ်ဦးက ဆိုသည်။
ကြက်သွန်နီ/ ကြက်သွန်ဖြူ
စက်တင်ဘာ ၂ ရက်တွင် ပြည်တွင်းကြက်သွန် ဈေးကွက်၏ အမြင့်ဆုံးဈေးနှုန်းအဖြစ် ဆိပ်ဖြူ ကျပ် ၂၇၅၀- ၃၆၀၀ နှုန်းနှင့် မုံရွာ ကျပ် ၃၀၀၀- ၃၈၅၀ နှုန်းဖြင့် စံချိန်သစ်တင်ခဲ့သည်။ သို့သော် ကြက်သွန် ပိဿာချိန်နှစ်သိန်းဝန်းကျင် ဝင်ရောက် လာသော စက်တင်ဘာ ၅ ရက်တွင် တစ်ပိဿာလျှင် ကျပ် ၁၅၀ မှ ၃၀၀ အထိ ဈေးလျော့လာရာ စက်တင်ဘာ ၇ ရက်တွင် ဆိပ်ဖြူကြက်သွန်နီ လက်ကား တစ်ပိဿာလျှင် ကျပ် ၂၇၅၀- ၃၅၀၀ နှင့် မုံရွာကြက်သွန်နီ ကျပ် ၃၀၀၀-၃၇၀၀ ခန့် ရှိသည်။
ရှမ်းအောင်ပန်းကြက်သွန်ဖြူ လက်ကား တစ်ပိဿာလျှင် ကျပ် ၂၈၀၀- ၄၂၀၀ နှုန်းရှိပြီး ကြူကုတ်ကြက်သွန်ဖြူမှာ စက်တင်ဘာ ၂ ရက်က တစ်ပိဿာ ကျပ် ၄၉၀၀ နှုန်းရှိခဲ့ရာမှ စက်တင်ဘာ ၇ ရက်တွင် ကျပ် ၄၂၀၀ နှုန်းသို့ ဈေးကျ လာသည်။
အာလူး
ရှမ်းအာလူး အနည်းငယ်သာဝင်ပြီး တရုတ် အာလူးများသာ အဝင်များသလို ဈေးလည်းတက်လာ သည်။ ယခင်ရက်များတွင် တရုတ်အာလူး လက်ကားတစ်ပိဿာ ကျပ် ၁၉၅၀-၂၀၀၀ ရှိရာမှ စက်တင်ဘာ ၇ ရက်တွင် ကျပ် ၂၁၀၀-၂၁၅၀ နှုန်းသို့ ဈေးနှုန်းမြင့်တက်လာသည်။ ရှမ်းအောင်ပန်း အာလူးမှာ အမျိုးအစားအလိုက် တစ်ပိဿာလျှင် ကျပ် ၁၃၅၀ မှ ၂၁၅၀ နှုန်းရှိသည်။
မတ်ပဲနှင့် ပဲစင်းငုံနီ
စက်တင်ဘာ ၇ ရက် ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲ FAQ/RC တစ်တန် ကျပ် ၁၉၉၀၀၀၀၊ SQ/RC တစ်တန်ကျပ် ၂၃၀၀၀၀၀၊ ပဲစင်းငုံနီ Red/RC တစ်တန် ကျပ် ၂၀၇၅၀၀၀ နှုန်း အသီးသီး ရှိသည်။
ကိုရိုး