
နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်သို့ မိုးကြက်သွန်နီအသစ်၊ နွေကြက်သွန်အဟောင်းနှင့် တရုတ်ကြက်သွန်များ ဝင်ရောက်ထားသည်။ ကြူကုတ်ကြက်သွန်ဖြူ ဈေးနှုန်းမြင့်တက်စပြုလာပြီး ငရုတ်၊ ကုလားပဲခြမ်းနှင့် မတ်ပဲများ ဈေးကျလာသည်။
ကြက်သွန်နီ
နိုဝင်ဘာ ၃၀ ရက်က ဘုရင့်နောင်သို့ ကြက်သွန်နီပိဿာချိန် ၉၀၀၀၀ ဝင်ရောက်သော်လည်း ဈေးနှုန်းကျဆင်းခြင်းမရှိသေးပေ။ ယခုရက်ပိုင်း မိုးကြက်သွန်နီအသစ် တစ်ပိဿာဈေးများမှာ မြင်းခြံလတ်ချော ကျပ် ၂၆၀၀၊ လတ်သန့် ကျပ် ၃၃၀၀၊ လတ်ကြီး ကျပ် ၃၇၀၀ နှုန်းရှိသည်။ မြစ်သားအသစ်မှာ လတ်ချော ကျပ် ၃၅၀၀၊ ကြား ကျပ် ၃၉၀၀၊ ရှယ် ကျပ် ၄၄၀၀ နှုန်းရှိသည်။ ဆိပ်ဖြူ နွေကြက်သွန်နီများမှာ ကျပ် ၃၅၀၀-၄၂၀၀-၄၃၀၀-၄၅၀၀ ဈေးရှိပြီး မြင်းခြံ နွေကြက်သွန်နီအဟောင်းက ကျပ် ၃၉၀၀-၄၄၀၀-၄၆၀၀-၄၉၀၀ နှုန်းရှိသည်။ တရုတ်ကြက်သွန်နီအလုံးကြီး အနီ ကျပ် ၁၇၀၀၊ နီညို ကျပ် ၂၂၀၀ ရှိသည်။
စားအုန်းဆီ
နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ရန်ကုန်အထိုင် လက်ကား ရည်ညွှန်းဈေးအရ စားအုန်းဆီတစ်ပိဿာ ၄၄၂၅ ကျပ်ဖြစ်သည်။ ရည်ညွှန်းဈေး လက်ကားတစ်ပိဿာလျှင် ၄၅ ကျပ် ဈေးတက်လာချိန် ပြင်ပဆီဈေးကွက်၌ နိုဝင်ဘာ ၂၈ ရက် ဆီသိုလှောင်ကန်တင် စာရွက်ဈေး အရ တစ်ပိဿာ ကျပ် ၅၄၅၀ သာရှိရာ ပြင်ပဈေးသည် ရည်ညွှန်းဈေးထက် တစ်ပိဿာလျှင် ၁၀၂၅ ကျပ်သာ ပိုများလျက်ရှိသည်။ နိုဝင်ဘာ ၃၀ ရက်တွင် ဈေးနှုန်းအနည်းငယ် ပြန်တက်လာရာ အလှယ်ဈေး တစ်ပိဿာ ကျပ် ၅၆၀၀ နှုန်းရှိသည်။
ဆန်
ယခုအပတ် နယ်စုံမှ ကောက်ညှင်းဆန်များ အဝင်များ၍ ဈေးကျလာ သည်။ နိုဝင်ဘာ ၃၀ ရက်တွင် ဖျာပုံကောက်ညှင်းရှယ် တစ်အိတ် ကျပ် ၉၅၀၀၀၊ ပုသိမ်ကောက်ညှင်းဆန်တစ်အိတ် ကျပ် ၉၀၀၀၀ နှုန်းသာရှိသည်။
မိုးဆန်ကြမ်း အသစ်တစ်အိတ် ကျပ် ၄၃၀၀၀၊ သီးထပ်ဆန်ကြမ်း အဟောင်း တစ်အိတ် ကျပ် ၄၆၀၀၀၊ ရက် ၉၀ ဆန်ကြမ်း အဟောင်း ကျပ် ၄၉၀၀၀၊ ပေါ်ကျွဲ ကျပ် ၅၀၅၀၀၊ ပေါ်ဆန်းရင်အသစ် ကျပ် ၅၇၀၀၀ မှ ၆၂၀၀၀၊ ဖျာပုံပေါ်ဆန်းအဟောင်း ကျပ် ၆၃၀၀၀၊ ပုသိမ်/မြောင်းမြ ပေါ်ဆန်းအဟောင်း ကျပ် ၆၇၀၀၀၊ ရွှေဘိုပေါ်ဆန်းအဟောင်း ကျပ် ၈၅၀၀၀ မှ ၉၄၀၀၀ နှုန်းရှိသည်။
ပဲအမျိုးမျိုး
နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲ(FAQ/RC) တစ်တန် ကျပ် ၁၈၉၀၀၀၀၊ (SQ)တစ်တန် ကျပ် ၁၉၃၅၀၀၀၊ ပဲစင်းငုံနီ (Red/FAQ) တစ်တန် ကျပ် ၁၉၀၀၀၀၀ ရှိသည်။ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ကျပ် ၃၉၅၀ မှ ၄၁၅၀ အထိရှိပြီး ခရမ်းရွှေဝါပဲတီစိမ်း(ထိပ်စ)မှာ တစ်ပိဿာ ကျပ် ၂၉၁၅-၃၀၀၀ နှုန်း ရှိသည်။
ကြက်သွန်ဖြူ
နိုဝင်ဘာ ၃၀ ရက်တွင် ကြူကုတ်ကြက်သွန်ဖြူလက်ကား တစ်ပိဿာ လျှင် ၃၃၇၅ ကျပ်နှုန်းသို့ ဈေးနှုန်းအနည်းငယ်မြင့်တက်စပြုလာသည်။ ရှမ်းကြက်သွန်ဖြူမှာ သက်တမ်းရင့်လာ၍ အပိန်အရှုံ့ များလာသည်။ ဈေးနှုန်းမှာ အရွယ်အစားနှင့် အရည်အသွေးအလိုက် တစ်ပိဿာလျှင် အနိမ့်ဆုံး ကျပ် ၂၅၀၀ မှ အမြင့်ဆုံး ကျပ် ၄၂၀၀ နှုန်းအထိရှိသည်။ ၂၀၂၃ နှစ်ဆန်းပိုင်းလများတွင် ရှမ်းကြက်သွန်ဖြူအသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်နိုင်သည်။
ငရုတ်
ဈေးမြင့်ခဲ့သော ငရုတ်ဈေးနှုန်းများ ကျဆင်းနေသည်။ မြားနီငရုတ်ရှည် အသစ်များ ဈေးကွက်သို့ တစ်ပိဿာ ကျပ် ၂၀၀၀၀ နှုန်းဖြင့် စတင် ဝင်ရောက်လာသည်။ နယ်စုံ မိုးထောင်ငရုတ် လက်ကားတစ်ပိဿာလျှင် ကျပ် ၁၃၀၀၀-၁၃၅၀၀၊ ရှမ်းစကဘူးဆို့ငရုတ် ကျပ် ၁၇၀၀၀၊ ရှမ်းငရုတ်ရှည် ကျပ် ၁၅၅၀၀ နှင့် ရှမ်းမိုးထောင်ငရုတ် ကျပ် ၁၃၅၀၀ နှုန်းရှိသည်။ ဆင်ဖြူ ကျွန်းငရုတ်ပွအသစ် တစ်ပိဿာလျှင် ကျပ် ၂၉၀၀၀ နှင့် အအေးခန်းထုတ် မြစ်ဝငရုတ်ပွ တစ်ပိဿာလျှင် ကျပ် ၃၁၀၀၀ နှုန်းရှိနေသည်။
အောင်ခင်နိုင်