တစ်ပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်

 

ရန်ကုန်  နိုဝင်ဘာ   ၁၀


ယခုသီတင်းပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်၌ ကြက်သွန်နီ ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး တရုတ်အာလူးနှင့် သကြားဈေးတို့လည်း မြင့်တက်လာသည်။ 

 


ဆန်


ကောက်ညှင်းဆန် ဖျာပုံတစ်အိတ်(ရှယ်)  ငွေကျပ် ၉၀၀၀ နှုန်းသို့ ဈေးနှုန်းမြင့်တက်လာသည်။ ယခင်အပတ်တွင် ကျပ် ၈၄၀၀၀ သာရှိသည်။ စပါးကြမ်းအသစ်ဈေး   အနည်းငယ်တက်လာပြီး   ဆန်ကွဲဆန်ကြမ်း အသစ်နှင့်အဟောင်း ဈေးတက်လာသည်။ နိုဝင်ဘာ ၉ ရက်တွင် ဆန်ကွဲ တစ်အိတ်ကျပ် ၃၉၀၀၀၊ မိုးဆန်ကြမ်းအသစ်  (မနောသုခ)တစ်အိတ် ကျပ် ၄၃၀၀၀- ၄၃၅၀၀၊ သီးထပ်ဆန်ကြမ်း အဟောင်းတစ်အိတ် ကျပ် ၄၄၀၀၀- ၄၅၀၀၀၊ ရက် ၉၀  ဆန်ကြမ်းအဟောင်းကျပ်  ၄၇၀၀၀-၄၈၀၀၀၊ ပေါ်ကျွဲတစ်အိတ်ကျပ် ၄၉၀၀၀၊ ဖျာပုံပေါ်ဆန်း ကျပ် ၅၇၀၀၀-၆၀၀၀၀၊ မြောင်းမြ/ ပုသိမ်ပေါ်ဆန်းတစ်အိတ် ကျပ် ၆၀၀၀၀-၆၅၀၀၀၊ ‌ရွှေဘို ပေါ်ဆန်းတစ်အိတ် ကျပ် ၈၅၀၀၀-၉၃၀၀၀နှုန်း အသီးသီးရှိသည်။

 


စားအုန်းဆီ


ရန်ကုန်အထိုင်   လက်ကားရည်ညွှန်းစျေးမှာ စားအုန်းဆီတစ်ပိဿာကျပ် ၄၃၃ဝ   ဖြစ်ရာ ယခင်အပတ်ထက် တစ်ပိဿာလျှင်  လက်ကားရည်ညွှန်း ဈေး ၁၀၅ ကျပ် ဈေးနှုန်းမြင့်တက်လာသည်။ နိုဝင်ဘာ ၉ ရက် အလှယ် လက်ကားလက်ငင်းစားအုန်းဆီတစ်ပိဿာကျပ်  ၆၃၀၀ ဝန်းကျင်ရှိသည်။ ယင်း ဈေးနှုန်းဝန်းကျင်ဖြင့်     ရက်အတန်ကြာ   ဈေးနှုန်းတည်ငြိမ်နေ သည်။

 


ကြက်သွန်နီ


တန်ဆောင်တိုင်ရုံးပိတ်ရက်အလွန်ကာလ    နိုဝင်ဘာ ၈ ရက်တွင် ကြက်သွန်နီပိဿာချိန် တစ်သိန်းခွဲဝင်ရောက်လာခဲ့သော်လည်း ဈေးနှုန်း မြင့်တက်ခဲ့ရာ ကြက်သွန်လောကအတွင်း  စံချိန်တင်အမြင့်ဆုံးဈေးနှုန်း အဖြစ် မြင်းခြံကံဆင့်   ကြက်သွန်နီတစ်ပိဿာ  အမြင့်ဆုံးဈေးကျပ် ၄၅၀၀ ရှိလာသည်။ ဆိပ်ဖြူလက်ကားမှာ အမြင့်ဆုံးတစ်ပိဿာကျပ် ၄၁၀၀ နှင့် တရုတ်ကြက်သွန် တစ်ပိဿာကျပ် ၃၀၀၀ ရှိသည်။ နိုဝင်ဘာ ၉ ရက်တွင် ကြက်သွန်နီပိဿာချိန်တစ်သိန်း ဝင်ရောက်ခဲ့သော်လည်း ဈေးနှုန်းမြင့်တက်လျက်ရှိကာ ဆိပ်ဖြူကြက်သွန်နီ လက်ကားတစ်ပိဿာ ကျပ် ၃၃၀၀-၃၈၀၀-၄၀၀၀-၄၁၀၀၊ မြင်းခြံကံဆင့်ကျပ် ၃၇၀၀-၄၁၀၀-၄၃၀၀-၄၆၀၀ နှုန်းရှိသည်။  မြင်းခြံကုန်စည်ဒိုင်၌ လက်ကားတစ်ပိဿာ  အမြင့်ဆုံးဈေးကျပ် ၂၈၅၀ နှုန်းရှိနေသည်။

 


ကြက်သွန်ဖြူ/ အာလူး/ငရုတ်


နိုဝင်ဘာ ၉ ရက်တွင် ကြူကုတ်ကြက်သွန်ဖြူ လက်ကားတစ်ပိဿာ ကျပ် ၃၅၀၀၊ ရှမ်းအောင်ပန်း ကြက်သွန်ဖြူ ကျပ် ၃၀၀၀-၃၆၀၀-၃၈၀၀-၄၁၀၀ နှုန်းရှိသည်။ 

 


တရုတ်အာလူး လက်ကားတစ်ပိဿာကျပ် ၂၂၀၀- ၂၂၅၀ ရှိပြီး ရှမ်းအောင်ပန်းအာလူး အဝင်မရှိ၍ ဈေးနှုန်းမဖွင့်ပါ။ 
နယ်စုံ    မိုးထောင်ငရုတ်လက်ကားတစ်ပိဿာ ကျပ်   ၁၆၀၀၀၊ ရှမ်းမိုးထောင်အသစ် ကျပ် ၁၆၅၀၀၊ ရှမ်းငရုတ်ရှည်အသစ် ကျပ် ၁၇၃၀၀၊ မြားနီအအေးခန်းထုတ် ငရုတ်ရှည် ကျပ် ၂၀၀၀၀ နှုန်းရှိသည်။   ရှမ်းဘူးဆို့ ငရုတ်ပွလက်ကားတစ်ပိဿာ ကျပ် ၂၀၅၀၀၊ ဆီးငရုတ်ပွ ကျပ် ၂၂၃၀၀၊ ဆင်ဖြူကျွန်း ငရုတ်ပွအအေးခန်းထုတ် ကျပ်၂၈၀၀၀၊ မြစ်ဝငရုတ်ပွ အအေးခန်းထုတ် ကျပ် ၃၀၀၀၀နှုန်း အသီးသီး ရှိနေသည်။

 


ပဲအမျိုးမျိုး


နိုဝင်ဘာ ၈ ရက်တွင် မတ်ပဲတစ်တန်ကျပ် ၁၈ သိန်း အထက်သို့ ပြန်လည်စျေးမြင့်တက်လာပြီး နိုဝင်ဘာ ၉ ရက်တွင် ကျပ် ၁၈ သိန်း အောက် စျေးပြန်ကျလာသည်။ ယင်းနေ့တွင် မတ်ပဲ (FAQ/RC )တစ်တန် ကျပ် ၁၇၉၀၀၀၀ ၊ SQ/RC တစ်တန်ကျပ် ၂၁၁၅၀၀၀ ၊ ပဲစင်းငုံ (Red/RC) တစ်တန်ကျပ် ၁၉၂၅၀၀၀ နှုန်းရှိသည်။ ကုလားပဲခြမ်းတစ်ပိဿာ ကျပ် ၄၁၀၀-၄၃၀၀ နှုန်းရှိသည်။                    

          
  အောင်ခင်နိုင်