တစ်ပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်

 

ရန်ကုန်  အောက်တိုဘာ  ၂၇


ယခုသီတင်းပတ်အတွင်း ကြက်သွန်နီနှင့် ငရုတ်ပွဈေးနှုန်းများ စံချိန်တင် မြင့်တက်ကာ စားအုန်းဆီဈေး အကျကြမ်းလာခဲ့သည်။ ကောက်ညှင်း ဆန်ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ဆန်ချောဈေးနှုန်းများ တည်ငြိမ်လျက် ရှိသည်။ အာလူးဈေးနှုန်းကျဆင်းလာပြီး မတ်ပဲဈေးလည်း အကျဘက် ဦးတည်လျက်ရှိသည်။

 


ဆန်


ဖျာပုံကောက်ညှင်းဆန်(သစ်) ၁၀၂ ပေါင်လျှင် ကျပ် ၇၈၀၀၀ နှုန်း မြင့်တက်လာပြီး ဘိုကလေး၊ မော်လမြိုင်ကျွန်း ကောက်ညှင်းတစ်အိတ် ကျပ်၇၀၀၀၀၊ ကြိတ်ဟောင်းတစ်အိတ် ကျပ် ၆၅၀၀၀ ရှိလာသည်။ ပြည်ပပို့ဆန်ကွဲတစ်အိတ်ကျပ် ၃၉၀၀၀ ဝန်းကျင်၊ ဆန်ကြမ်း (သစ်) ကျပ် ၄၀၅၀၀၊ သီးထပ်ဆန်ကြမ်း(ဟောင်း) ကျပ် ၄၄၀၀၀၊ ရက် ၉၀ ဆန်ကြမ်း (ရှယ်) ကျပ် ၄၆၀၀၀၊ ပေါ်ကျွဲ ကျပ် ၄၈၀၀၀၊ ဖျာပုံပေါ်ဆန်း ကျပ် ၅၉၀၀၀၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း ကျပ် ၆၁၀၀၀၊ ရွှေဘိုပေါ်ဆန်း ၉၁၀၀၀ ကျပ်နှုန်း ရှိနေသည်။

 


စားအုန်းဆီ


စားအုန်းဆီရည်ညွှန်းဈေးမှာ တစ်ပိဿာ  ၄၁၇၅   ကျပ်ဖြစ်ပြီး ပြင်ပဆီဈေးကွက်၌ အောက်တိုဘာ ၂၂ ရက်တွင် တစ်ပိဿာကျပ် ၇၀၀၀၊ အောက်တိုဘာ ၂၆ ရက်တွင် တစ်ပိဿာကျပ် ၆၃၀၀ ရှိနေသည်။

 


ပဲအမျိုးမျိုး


အောက်တိုဘာ ၂၆ ရက်တွင် မတ်ပဲ(FAQ/RC) တစ်တန်ကျပ် ၁၇၆၀၀၀၀၊ (SQ/RC) တစ်တန်ကျပ် ၂၀၈၅၀၀၀၊ ပဲစင်းငုံနီ(Red/RC)တစ်တန် ကျပ် ၁၉၈၀၀၀၀ နှုန်း ရှိသည်။ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၄၁၈၀-၄၃၀၀ နှုန်းရှိသည်။

 


ကြက်သွန်နီ


ဗီယက်နမ်သို့ ကြက်သွန်နီတင်ပို့မည့်သတင်းကြောင့် ထွက်ရှိရာ အရပ်များ၌ ဈေးနှုန်းမြင့်တက်လာခဲ့သည်။ အောက်တိုဘာ ၂၅ ရက်က ဘုရင့်နောင်တွင် ကြက်သွန်အဝင် ပိဿာ ၁၈၀၀၀၀ ရှိသော်လည်း  တစ်ပိဿာဈေးနှုန်း ကျပ် ၂၀၀၀  ဖြစ်လာခဲ့သည်။ အောက်တိုဘာ ၂၆ ရက်တွင် ဈေးထပ်မံမြင့်တက်လာခဲ့ပြီး ဆိပ်ဖြူ လက်ကား တစ်ပိဿာ ကျပ် ၄၀၀၀၊ မြင်းခြံကံဆင့် တစ်ပိဿာကျပ် ၄၃၀၀ ဖြင့် အမြင့်ဈေး စံချိန်တင်ခဲ့သည်။ တရုတ်ကြက်သွန်မှာမူ တစ်ပိဿာ ၂၂၀၀ ကျပ်နှုန်း ရှိသည်။

 


ကြက်သွန်ဖြူ/အာလူး/ငရုတ်


ကြူကုတ် ကြက်သွန်ဖြူ တစ်ပိဿာ  ၃၅၂၅ ကျပ်နှုန်းမှ အောက်တိုဘာ ၂၆ ရက်တွင် ၃၈၀၀ နှုန်း ဖြစ်လာခဲ့သည်။ ရှမ်းအောင်ပန်းကြက်သွန်ဖြူမှာ တစ်ပိဿာကျပ် ၄၀၀၀ နှုန်းရှိသည်။ တရုတ်အာလူးမှာ ဈေးနှုန်းမပြောင်းလဲဘဲ လက်ကား တစ်ပိဿာကျပ် ၂၁၅၀ နှုန်းသာ ရှိနေသည်။ ရှမ်းအောင်ပန်း အာလူးမှာ လက်ကား တစ်ပိဿာကျပ် ၁၅၀၀ မှ ၁၉၀၀နှုန်း ရှိသည်။ မိုးထောင်ငရုတ်တစ်ပိဿာကျပ် ၁၅၀၀၀ ဝန်းကျင်၊ ပန်းရဲနှင့် မြားနီ အအေးခန်းထုတ် ငရုတ်ရှည်တစ်ပိဿာ ကျပ် ၂၀၀၀၀ ဝန်းကျင်၊ စိမ်းစား ငရုတ်ပွ၊ ဇီးငရုတ်ပွ တစ်ပိဿာကျပ် ၂၀၀၀၀ ဝန်းကျင်၊ ရှမ်း ငရုတ်ရှည် အသစ် တစ်ပိဿာ ကျပ် ၁၇၅၀၀၊ ရှမ်းမိုးထောင်အသစ် ကျပ် ၁၅၅၀၀ ရှိသည်။ သုံးနှစ်ကျော်မဝင်ဘဲ ယခုနှစ်မှ ဝင်ရောက်လာသည့် အိန္ဒိယ ငရုတ်ရှည်မှာ တစ်ပိဿာ ကျပ် ၁၈၅၀၀ နှုန်းရှိသည်။


 ခင်နိုင်အောင်