
ရန်ကုန် ဒီဇင်ဘာ ၂၂
ဒီဇင်ဘာ ၁၄ ရက်မှ ၂၁ ရက်အတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ် ၁၀၀၀၊ ဆင်ဖြူကျွန်းငရုတ်ပွ တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀ ခန့် ဈေးကျလာပြီး ကြူကုတ်၊ ရှမ်းကြက်သွန်ဖြူနှင့် ကုလားပဲခြမ်း ဈေးတက်လာသည်။ ရှမ်းကြက်သွန်ဖြူသည် ငါးနှစ်အတွင်း အမြင့်ဆုံးဈေးသို့မြင့်တက်လာခြင်းဖြစ်သည်။
ကြက်သွန်နီ
ဈေးနှုန်းအမြင့်ရနေ၍ မိုးကြက်သွန်နီများ ရန်ကုန်အပါအဝင် နယ် ဈေးကွက်များသို့ အလုံးအရင်းဖြင့်တင်ပို့လာကြသည်။ ဒီဇင်ဘာ ၂၁ ရက်တွင် ရန်ကုန်ဈေးကွက်သို့ မိုးကြက်သွန်နီပိဿာချိန် တစ်သိန်းခွဲ ဝင်ရောက်ပြီး ဈေးနှုန်းမှာ မြင်းခြံတစ်ပိဿာလျှင် ကျပ် ၁၇၀၀-၂၂၀၀-၂၄၀၀-၂၆၀၀၊ မြစ်သား ကျပ် ၂၃၀၀-၂၈၀၀-၂၉၀၀-၃၀၀၀ နှုန်း ရှိနေ သည်။
စားအုန်းဆီ
ဒီဇင်ဘာ ၁၉ရက်မှ၂၅ရက်အထိ ရန်ကုန်အထိုင်လက်ကားရည် ညွှန်းဈေးမှာ စားအုန်းဆီတစ်ပိဿာ ၄၄၁၅ ကျပ်ဖြစ်ရာ ယခုတစ်ပတ် တွင် ကျပ် ၁၀၀ ဈေးနှုန်းကျလာသည်။ ပြင်ပ ရန်ကုန်ဆီဈေးကွက်တွင် ဒီဇင်ဘာ ၂၁ ရက်က စာရွက်ဈေး တစ်ပိဿာ ကျပ် ၅၂၀၀ နှုန်းရှိပြီး အလှယ်လက်ငင်းဈေးသည်လည်း စာရွက်ဈေးနှင့် ဈေးတူရောင်းချသည်ဟု သိရသည်။
ဆန်
ဈေးမြင့်ခဲ့သော ကောက်ညှင်းဆန်ဈေးနှုန်းသည် နယ်စုံမှထွက်လာ၍ ဈေးကျလာသည်။ ကောက်ညှင်းအသွယ်တစ်အိတ်လျှင် ကျပ် ၈၅၀၀၀ နှုန်းသာရှိပြီး ကောက်ညှင်းဆန်အချို့မှာ ကျပ် ၈၀၀၀၀ နှုန်းသာရှိသည်။
ပြည်ပပို့ ဆန်ကွဲတစ်အိတ် ကျပ် ၃၈၅၀၀၊ မိုးဆန်ကြမ်းအသစ် တစ်အိတ်ကျပ် ၄၁၈၀၀ ရှိပြီး ဆန်ကြမ်းအဟောင်းတစ်အိတ်ဈေးမှာ သီးထပ် ကျပ် ၄၇၀၀၀၊ ရက် ၉၀ ရှယ် ကျပ် ၅၁၀၀၀၊ ဖျာပုံပေါ်ဆန်းဆန်သစ် ကျပ် ၆၅၀၀၀၊ ဆန်ဟောင်း ကျပ် ၇၂၀၀၀၊ ပုသိမ် / မြောင်းမြပေါ်ဆန်း ဆန်သစ် ကျပ် ၆၆၀၀၀/ ဆန်ဟောင်း ကျပ် ၇၄၀၀၀ ၊ ရွှေဘိုပေါ်ဆန်းဆန်သစ် ကျပ် ၇၃၀၀၀ နှင့် အဟောင်းကျပ် ၉၀၀၀၀-၉၈၀၀၀ နှုန်းရှိသည်။
ပဲအမျိုးမျိုး
ဒီဇင်ဘာ ၂၁ ရက်တွင် မတ်ပဲ (FAQ/RC)တစ်တန် ကျပ် ၁၇၆၀၀၀၀၊ (SQ/RC)တစ်တန် ကျပ် ၁၉၅၀၀၀၀၊ ပဲစင်းငုံနီ(Red/RC)တစ်တန် ကျပ် ၁၇၈၃၀၀၀ ရှိသည်။ ပဲတီစိမ်းခရမ်းရွှေဝါ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၂၈၃၀-၃၀၀၀ နှင့် ကုလားပဲခြမ်းတစ်ပိဿာ ကျပ် ၄၀၅၀ - ၄၂၅၀ နှုန်း ရှိလာသည်။
ကြက်သွန်ဖြူ
ရှမ်းနှင့် ကြူကုတ်ကြက်သွန်ဖြူများ ဈေးနှုန်းမြင့်တက်နေပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ရှမ်းအောင်ပန်းကြက်သွန်ဖြူ လက်ကားတစ်ပိဿာ ကျပ် ၃၇၀၀-၄၄၀၀-၄၇၀၀-၅၀၀၀ နှင့် ကြူကုတ်ကြက်သွန်ဖြူမှာ ကျပ် ၃၄၅၀ နှုန်း ရှိလာသည်။
အာလူး
ဒီဇင်ဘာ ၂၁ ရက်တွင် ရန်ကုန်အာလူးဈေးကွက်သို့ အာလူးပိဿာချိန် ၄၂၀၀၀ ဝင်ရောက်ခဲ့ပြီး တရုတ်အာလူးအဟောင်း သဲသီးတစ်ပိဿာ ကျပ် ၂၃၀၀၊ တရုတ်အာလူးအသစ်တစ်ပိဿာ ကျပ် ၁၇၀၀ နှင့် ရှမ်း အာလူး တစ်ပိဿာ ကျပ် ၁၇၀၀-၁၆၅၀-၁၆၅၀ -၂၁၀၀ နှုန်းရှိသည်။
ငရုတ်
ရှမ်းငရုတ်ရှည် ဈေးနှုန်းပြန်တက်လာရာ ဒီဇင်ဘာ ၂၀ ရက်တွင် ကျပ် ၁၈၀၀၀ နှုန်းရှိသည်။ စလင်းနယ်ထွက် ပန်းရဲငရုတ်ရှည် တစ်ပိဿာ ကျပ် ၁၈၀၀၀၊ သဲတောနယ်ထွက် ပန်းရဲငရုတ်ရှည် ကျပ် ၁၆၀၀၀ နှုန်း ရှိသည်။
ငရုတ်ဈေးကွက်တွင် အအေးခန်းထုတ် မြစ်ဝငရုတ်ပွများ တစ်ပိဿာ ကျပ် ၃၁၀၀၀ အထိ မြင့်တက်ခဲ့သော်လည်း ယခုရက်ပိုင်း လက်ကျန်မရှိ တော့၍ အသစ်ထွက်လာသောငရုတ်ပွအသစ်များ ဈေးနှုန်းချရောင်းဝယ် နေသည်ဟု သိရသည်။ ဆင်ဖြူကျွန်းငရုတ်ပွသည် ဒီဇင်ဘာ ၁၄ ရက်က တစ်ပိဿာ ကျပ် ၂၅၀၀၀ နှုန်းရှိရာမှ ၂၁ ရက်တွင် ကျပ် ၁၃၀၀၀ နှုန်း အထိ ဈေးနှုန်းအကျကြမ်းလာသည်။
အောင်ခင်နိုင်