
ရန်ကုန် ဇူလိုင် ၂၈
ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ သုံးရက် ဆက်တိုက်မြင့်တက်ခဲ့သည်။ ငရုတ်နှင့် ဆန်ဈေးများလည်း အနည်းငယ် မြင့်တက်လာခဲ့ပြီး မတ်ပဲဈေးနှုန်း ကျဆင်းကာ ပဲစင်းငုံဈေးများ အနည်းငယ်မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရသည်။
ဆန်
နယ်လက်ကျန်နည်းလာခြင်း၊ အသစ်ထွက်ပေါ် ရန် နှစ်ဝက်ခန့်အချိန်လိုခြင်းတို့ကြောင့် ရွှေဘို ပေါ်ဆန်းဈေးနှုန်း ထပ်မံမြင့်တက်လာရာ ဇူလိုင် ၂၇ ရက်တွင် ထိပ်စတစ်အိတ်လျှင် ကျပ် ၇၈၀၀၀ အထိ ဈေးမြင့်တက်လာသည်။ မြစ်ဝကျွန်းပေါ်ဒေသ ထွက် ပေါ်ဆန်းဆန်ချောများမှာ ဈေးနှုန်းမတက် သေးသော်လည်း လာမည့်ရက်များအတွင်း ဈေး အနည်းငယ်တက်ရန် အလားအလာရှိနေသည်ဟု ရန်ကုန်ဆန်ဈေးကွက်မှ သိရသည်။ ဆန်ကြမ်း အသစ်ထွက်ပေါ်ရန် နှစ်လဝန်းကျင်သာလိုသည့် အတွက် ဆန်ကြမ်းဈေးနှုန်းများ မပြောင်းလဲဘဲ ရှိနေသည်။ ဆန်ကြမ်းဈေးနှုန်းများမှာ ဇူလိုင် ၂၇ ရက်တွင် ပုသိမ်-မြောင်းမြ ပေါ်ဆန်း တစ်အိတ် လျှင် ကျပ် ၅၃၀၀၀-၅၅၀၀၀၊ ဖျာပုံ ကျပ် ၅၂၀၀၀၊ ပေါ်ကျွဲ ကျပ် ၄၂၀၀၀၊ ရက် ၉၀ ဆန်ကြမ်းရှယ် ကျပ် ၃၅၀၀၀-၃၇၀၀၀၊ သီးထပ်ရှယ် ကျပ် ၃၂၅၀၀ နှုန်း အသီးသီးရှိနေသည်။
ကြက်သွန်နီ/ကြက်သွန်ဖြူ
ဇူလိုင် ၂၅၊ ၂၆ နှင့် ၂၇ ရက်တွင် ကြက်သွန်နီ အရွယ်စုံ တစ်ပိဿာလျှင် ကျပ် ၅၀ စီ သုံးရက် ဆက်တိုက် ဈေးမြင့်လာခဲ့သည်။ ဇူလိုင် ၂၇ ရက် တွင်မူ ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီ ပိဿာချိန် ၁၈၀၀၀၀ ဝင်ရောက်လာပြီး ဆိပ်ဖြူလက်ကား တစ်ပိဿာ ကျပ် ၁၄၀၀-၁၇၀၀-၁၉၀၀-၂၀၀၀၊ မုံရွာ ကျပ် ၁၅၀၀-၁၈၅၀-၂၀၀၀-၂၁၀၀ နှုန်း အသီးသီး ရှိလာသည်။ ကြက်သွန်နီထွက်ရှိရာ နယ်များ ဖြစ်သော ဆိပ်ဖြူတွင် ဇူလိုင် ၂၆ ရက် အမြင့်ဆုံးဈေး တစ်ပိဿာ ကျပ် ၁၆၅၀ နှုန်း၊ ပခုက္ကူတွင် အမြင့် ဆုံးဈေး ကျပ် ၁၆၅၀ နှုန်း ရှိခဲ့သည်။
ရှမ်းကြက်သွန်ဖြူ(အောင်ပန်း)မှာ လက်ကား တစ်ပိဿာ ကျပ် ၂၀၀၀-၂၆၀၀-၃၂၀၀-၃၇၀၀ နှုန်း၊ ကြူကုတ် ကြက်သွန်ဖြူ ကျပ် ၃၂၀၀ နှုန်း ရှိသည်။
စားအုန်းဆီ
ဇူလိုင် ၂၅ ရက်မှ ၃၁ရက်အထိ ရန်ကုန်အထိုင် ရည်ညွှန်းလက်ကားဈေး စားအုန်းဆီတစ်ပိဿာ ကျပ် ၃၆၆၅ ဖြစ်သော်လည်း ရန်ကုန်ပြင်ပ ဆီ ဈေးကွက်အတွင်း လက်ကား အလှယ်ပီပါဈေး တစ်ပိဿာ ကျပ် ၈၄၀၀ နှုန်းရှိသည်။
မတ်ပဲနှင့် ပဲစင်းငုံနီ
ဇူလိုင် ၂၇ ရက်တွင် ပဲတစ်တန်ဈေးနှုန်းများ မှာ မတ်ပဲ FAQ/RC ကျပ် ၁၆၄၃၀၀၀၊ SQ/RC ကျပ် ၁၈၈၅၀၀၀၊ ပဲစင်းငုံနီ Red/RC ကျပ် ၁၄၉၅၀၀၀ နှုန်း ရှိသည်ဟု သိရသည်။ ဇူလိုင် ၂ ၇ ရက်တွင် မတ်ပဲနှစ်မျိုး ကုန်သေတ္တာ ၂၀ (တန်ချိန် ၄၈၀၀) အရောင်းအဝယ်ဖြစ်သည်ဟု သိရသည်။ ဇူလိုင် ၂၀ ရက်တွင် မတ်ပဲ FAQ/RC တစ်တန် ကျပ် ၁၆၇၀၀၀၀ နှုန်းရှိခဲ့ရာမှ ဈေးကျလာသည်။ ပဲစင်းငုံ နီမှာမူ ယင်းရက်တွင် တစ်တန် ကျပ် ၁၄၉၀၀၀၀ နှုန်း ရှိခဲ့ရာမှ ယခု ဈေးအနည်းငယ်တက်လာ သည်။
အောင်ခင်နိုင်