
ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အတွင်း ရန်ကုန်ဘုရင့်နောင် ကုန်စည်ဈေးကွက်တွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စားအုန်းဆီနှင့် ငရုတ်များ ဈေးကျလာသည်။ တရုတ်အာလူးအဝင်နည်း၍ ဈေးအနည်းငယ်တက်လာသည်။
ဆန်
ဖေဖော်ဝါရီ ၁ ရက်တွင် သီးထပ်ဆန်ကြမ်းအသစ်တစ်အိတ် ကျပ် ၄၈၀၀၀၊ ငစိန်ဆန်အသစ် ကျပ် ၄၆၀၀၀၊ ပေါ်ကျွဲဆန်အသစ် ကျပ် ၅၄၀၀၀၊ ဖျာပုံပေါ်ဆန်းဆန်သစ် ကျပ် ၆၂၀၀၀-၆၅၀၀၀၊ မြောင်းမြ-ပုသိမ်ပေါ်ဆန်း အသစ် ကျပ် ၇၀၀၀၀-၇၂၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်အသစ် ကျပ် ၇၆၀၀၀-၈၈၀၀၀ ကျပ်နှုန်းရှိသည်။ ပေါ်ဆန်းဆန်အဟောင်းဈေးမှာ မြောင်းမြ-ပုသိမ် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀-၇၇၀၀၀၊ ရွှေဘိုပေါ်ဆန်း ကျပ် ၁၀၀၀၀၀-၁၀၇၀၀၀ နှုန်း ရှိသည်။
စားအုန်းဆီ
ဇန်နဝါရီ ၁၆ရက်မှဖေဖော်ဝါရီ ၅ ရက်အထိ ရက်သတ္တ သုံးပတ်အတွင်း ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေး စားအုန်းဆီတစ်ပိဿာဈေးနှုန်း မှာ ကျပ် ၄၄၄၀/၄၄၃၀ နှုန်းဖြင့် အပြောင်းအလဲနည်းသော်လည်း ရန်ကုန် ပြင်ပဆီဈေးကွက်တွင် အတက်အကျကြမ်းနေသည်။ ဇန်နဝါရီ ၂၀ ရက် က ပြည်ပမှ ဆီတန်ချိန် ၉၀၀၀၊ ၂၇ ရက်က တန်ချိန် ၆၃၀၀ နှင့် ဖေဖော်ဝါရီ ၁ ရက်တွင် တန်ချိန် ၄၃၀၀ စုစုပေါင်းတန်ချိန် နှစ်သောင်း ဝန်းကျင် ရက်သတ္တနှစ်ပတ်အတွင်း ရန်ကုန်သို့ဝင်ရောက်ခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်က ဘုရင့်နောင်စျေးကွက်တွင် အလှယ်ဈေး တစ်ပိဿာ ကျပ် ၆၂၅၀ ရှိသည်ဟု သိရသည်။
ပဲ
ဖေဖော်ဝါရီ ၁ ရက်တွင် မတ်ပဲ (RC) တစ်တန် ကျပ် ၁၇၆၂၀၀၀၊ (SQ/RC) တစ်တန် ကျပ် ၁၉၇၇၅၀၀၊ ပဲစင်းငုံနီ (Red/RC) တစ်တန် ကျပ် ၁၉ သိန်း၊ ပဲတီစိမ်း ခရမ်းရွှေဝါ ထိပ်စတစ်ပိဿာ ကျပ် ၂၈၀၀-၂၉၂၀၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၄၀၀၀-၄၃၀၀ နှုန်း ရှိသည်။
ကြက်သွန်နီ
ရန်ကုန်စျေးကွက်သို့ ဇန်နဝါရီ ၃၀ မှ ဖေဖော်ဝါရီ ၁ ရက်အတွင်း နယ်စုံ မှ ကြက်သွန်နီပိဿာချိန် ၆၃၀၀၀၀ ဝင်ရောက်ပြီး ဈေးနှုန်းများကျလာ သည်။ ဖေဖော်ဝါရီ ၁ ရက် ကြက်သွန်နီတစ်ပိဿာ လက်ကားဈေးနှုန်း များမှာ ဆိပ်ဖြူ ကျပ် ၁၅၀၀-၁၆၀၀၊ မြင်းခြံ ကျပ် ၁၅၀၀-၁၆၀၀၊ မြစ်သား ၁၉၀၀-၂၂၅၀ နှုန်းရှိသည်။ နယ်ဈေးကွက်များဖြစ်သော ပခုက္ကူကုန်စည်ဒိုင်၊ မန္တလေးစျေးကွက်၊ မြင်းခြံစျေးကွက်တို့တွင်လည်း ကြက်သွန်နီများ ဈေးကွက်များသို့ ဝင်ရောက်မှုများပြီး ဝယ်လိုအား နည်းနေသဖြင့် ရက်ပိုင်းအတွင်း နယ်ဈေးကွက်တွင် ကြက်သွန်နီဈေး ကျပ် ၁၀၀၀ အောက်သို့ ကျနိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။
ကြက်သွန်ဖြူ
ရှမ်းအောင်ပန်းကြက်သွန်ဖြူမှာ ဈေးနှုန်းအမြင့်တွင်ရှိနေသော်လည်းကြူကုတ်ကြက်သွန်ဖြူမှာမူ ဈေးကျနေဆဲဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက်တွင် ရှမ်းကြက်သွန်ဖြူလက်ကား တစ်ပိဿာ ကျပ် ၅၁၀၀-၅၈၀၀-၆၁၀၀ - ၆၃၀၀၊ ကြူကုတ်ကြက်သွန်ဖြူ ၃၅၇၅ ကျပ်နှုန်း ရှိနေသည်။
အောင်ခင်နိုင်