တစ်ပတ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်း

 

ရန်ကုန် မေ ၁၉
ယခုသီတင်းပတ်အတွင်း  ဆန်ဈေးနှုန်းများတည်ငြိမ်လျက်ရှိပြီး  အရောင်းအဝယ်  အနည်းငယ်ကျဆင်း လျက်ရှိသည်။ ဆီထွက်သီးနှံများ ပြည်ပတင်ပို့မှု ဆိုင်းငံ့ထားခြင်းကြောင့် မြေပဲ၊ နှမ်း စသည့် ဆီထွက် သီးနှံဈေးနှုန်းများ အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရှိရသည်။

 

ဆန်
ပေါ်ဆန်းမွှေးဆန်(ရှယ်)   ၂၄    ပြည်အိတ် တစ်အိတ်လျှင်  ကျပ် ၄၈၅၀၀ မှ ၄၉၅၀၀၊ ပေါ်ဆန်း ရိုးရိုးတစ်အိတ် ကျပ် ၄၇၅၀၀ မှ ၄၉၀၀၀၊ ရက် ၉၀ တစ်အိတ်လျှင် ကျပ် ၃၃၀၀၀၊ သီးထပ်ရှယ်တစ်အိတ် ကျပ် ၃၀၀၀၀ နှုန်းဖြင့်   အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း  မြန်မာနိုင်ငံ  ဆန်စပါးကုန်သည်များ အသင်းမှ သိရသည်။
ပဲမျိုးစုံ
မတ်ပဲတစ်တန်လျှင် ကျပ် ၁၄၁၅၀၀၀ ဖြင့် ဈေးမြင့်တက်လျက်ရှိပြီး   ပဲစင်းငုံ တစ်တန် ကျပ် ၁၃၄၂၀၀၀၊ ပဲတီစိမ်း တစ်တန် ကျပ် ၁၂၉၈၃၀၀၊ ပဲပုပ် တစ်တန် ကျပ် ၁၇၃၆၁၀၀၊ ပြောင်းဆန် တစ်တန် ကျပ် ၆၄၃၀၀၀၊ ကုလားပဲဖြူ လုံးကြီး တစ်တန် ကျပ် ၁၅၈၃၀၀၀ စသည်ဖြင့် ပေါက်ဈေး ရှိကြောင်း  ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်းများအရ သိရသည်။ တစ်ပတ်အတွင်း ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2022 Crop) ကွန်တိန်နာ အလုံး ၃၀(တန်ချိန် ၇၂၀) နှင့် မတ်ပဲ SQ/RC (2022 Crop) ကွန်တိန်နာ ငါးလုံး(တန်ချိန် ၁၂၀) ဝင်ရောက်ခဲ့ ကြောင်း သိရသည်။
ကြက်သွန်နီနှင့်စားဖိုဆောင်သီးနှံ
ကြက်သွန်နီမှာ အရောင်းအဝယ်ပုံမှန်သာရှိပြီး ဈေးနှုန်း   အနည်းငယ်ကျဆင်းလျက်ရှိသည်။ တစ်ပတ်အတွင်း  ကုန်စည်ဒိုင်သို့  ကြက်သွန်နီ ကားအစီးရေ ၁၂၈ စီး (ပိဿာချိန် ၇၆၈၀၀၀ ခန့်) ဝင်ရောက်ခဲ့သည်။   တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ မှ ၇၇၅ အထိ ဈေးနှုန်းရှိပြီး ကြက်သွန်ဖြူ  (ကြူကုတ်) တစ်ပိဿာ ငွေကျပ် ၃၁၀၀ ဝန်းကျင်၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာ ငွေကျပ် ၃၃၀၀ နှုန်းဖြင့် အရောင်းအဝယ်ပုံမှန်ရှိကြောင်း သိရ သည်။  ချင်း တစ်ပိဿာ ကျပ် ၄၀၀၀၊   နနွင်း တစ်ပိဿာ ကျပ် ၅၀၀၀ နှုန်း၊ ငရုတ်ပု တစ်ပိဿာ  ကျပ် ၈၀၀၀ မှ ၉၀၀၀၊ ငရုတ်ရှည်တစ်ပိဿာ ကျပ် ၅၆၀၀ စသည်ဖြင့်  ဈေးနှုန်းတည်ငြိမ်လျက် ရှိသည်။ မန်ကျည်းသီးဈေးနှုန်းများ မြင့်တက်လာ ခဲ့ပြီး မန်ကျည်းပွင့်ကပ်(သစ်) တစ်ပိဿာ ကျပ် ၂၂၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၃၂၀၀ ရှိလာ ခဲ့သဖြင့် ငွေကျပ် ၁၀၀မှ ၃၀၀ အထိ ဈေးမြင့်တက် လျက်ရှိသည်။ အာလူးဈေးနှုန်းများ တည်ငြိမ်လျက် ရှိပြီး ကုန်စည်ဒိုင်အတွင်းသို့ အာလူးကားအစီးရေ ၃၈ စီး(ပိဿာချိန် ၂၂၈၀၀၀ ခန့်) ဝင်ရောက်လာ ခဲ့ကာ ဈေးနှုန်းများမှာ တစ်ပိဿာ ငွေကျပ် ၁၅၀၀ ဝန်းကျင်ရှိသည်။
စားသုံးဆီ
စားသုံးဆီဈေးကွက်အတွင်း       မြေပဲဆီ  တစ်ပိဿာ ကျပ် ၉၅၀၀ ၊ နှမ်းဆီ တစ်ပိဿာ ကျပ် ၉၅၀၀၊ စားအုန်းဆီ တစ်ပိဿာ ကျပ် ၆၃၀၀ နှုန်း ရှိကြောင်း  ကုန်သွယ်မှုဗဟိုဌာန  ရန်ကုန်မှ  သိရ သည်။                                                 ကိုရိုး