တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း  (၆)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့် မိန့်ခွန်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့် မိန့်ခွန်း

 

(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)
(၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက်)


ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-


ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များအကြား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက်ချုပ်ဆိုသော တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်  (NCA) ချုပ်ဆိုခဲ့တဲ့ (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ ယခင်က NCA ချုပ်ဆိုခြင်း နှစ်ပတ်လည်အခမ်းအနားတွေကို နေပြည်တော်မှာ လူချင်းတွေ့ဆုံကာ ကျင်းပပြုလုပ်ခဲ့ပြီး (၅)နှစ်မြောက် နှစ်ပတ်လည်နေ့ကိုတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့အတွက်  သဝဏ်လွှာပေးပို့ခြင်းနဲ့ Online မှ မိန့်ခွန်းပြောကြားခြင်းပဲ ပြုလုပ်ခဲ့ရပါတယ်။  


ယနေ့ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးခြင်း (၆)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်း အနားမှာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး  စိတ်၏ချမ်းသာခြင်း၊  ကိုယ်၏ကျန်းမာ ခြင်းနဲ့ပြည့်စုံပြီး နိုင်ငံအကျိုး၊ ပြည်ထောင်စုအကျိုး နဲ့ ပြည်သူပြည်သားအားလုံး လိုလားတောင့်တနေ ကြသော ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိ စေရန်အတွက်      ဆတက်ထမ်းပိုး     တိုးတက် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။


ကြီးမားကျယ်ပြန့်လှတဲ့ လုပ်ငန်းစဉ်ကြီး


ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတာ  သမိုင်းနဲ့ချီပြီး ကြီးမားကျယ်ပြန့်လှတဲ့ လုပ်ငန်းစဉ်ကြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အဆက်ဆက်နဲ့ တပ်မတော်အနေနဲ့ လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ များ ချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းတွေ     အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။    လွတ်လပ်ရေးရယူခဲ့မှုအပေါ် သဘောထားကွဲလွဲမှုကြောင့် ဗကပတွေတောခိုပြီး တစ်လကျော်အကြာမှာပဲ  သခင်နုက  ကွန်မြူနစ် တွေနဲ့ ငြိမ်းချမ်း မှုရရှိစေရေး လက်ဝဲညီညွတ်ရေးမူ ၁၅ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။  မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊  လွတ်လပ်ရေး ရပြီးစကာလမှာ လွတ်လပ်ရေးကို ကြိုးပမ်းခဲ့ကြတဲ့ အင်အားစုတော်တော်များများဟာ လက်ဝဲယိမ်း သူတွေများပါတယ်။ ဒါ့ကြောင့် ဒီအဖွဲ့တွေကြား မတူတာတွေကို  ဘေးဖယ်၊  တူညီတဲ့ကိစ္စတွေကို စုပေါင်းပြီး  ပြည်တွင်းညီညွတ်မှုရစေဖို့၊   ဒီကမှ တစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးရစေဖို့ ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။  ကွန်မြူနစ်၊  ဆိုရှယ်လစ်နဲ့ ပြည်သူ့ရဲဘော်တို့က   ကိုယ့်အဖွဲ့ကိုယ်ဖျက်ပြီး တစ်ပါတီတည်းအဖြစ် ပူးပေါင်းပါဝင်ကြိုးပမ်းကြဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။ ဖဆပလ အစိုးရအနေနဲ့ ကွန်မြူနစ်တွေနဲ့ တိုက်ခိုက်နေတဲ့ စစ်ကိုရပ်စဲပြီး လက်ဝဲညီညွတ်ရေးအတွက် ဇူလိုင် လမှာ လက်ဝဲစည်းရုံးရေးကောင်စီကို တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ဥက္ကဋ္ဌအဖြစ်ပါဝင် တဲ့  အဖွဲ့ဝင် ၂၁  ဦးနဲ့  ဆောင်ရွက်စေပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ မအောင်မြင်ရတဲ့အကြောင်း များစွာရှိပါတယ်။ အဲ့ဒီထဲကအချက်တစ်ချက်ကို ပြောလိုပါတယ်။ ဒီလက်ဝဲညီညွတ်ရေးမူ ၁၅ ချက် လည်း ထုတ်ပြန်ရော အင်္ဂလန်နဲ့အမေရိကန်က မြန်မာပြည်ကြီးနီသွားပြီလို့    ရေးသားတာတွေ၊ စောင့်ကြည့်ရဦးမယ်လို့ ဟိန်းဟောက်တာတွေ လုပ်လာကြပါတယ်။ အချင်းချင်းကကွဲ၊ လွတ်လပ် ရေးရပြီးစ အင်အားကလည်း နည်းနေတော့ အစိုးရ အနေနဲ့ ဦးတင်ထွဋ်ကို လန်ဒန်အထိစေလွှတ်ပြီး ရှင်းပြရတဲ့ အဆင့်ထိရောက်ခဲ့ပါတယ်။ ဒါနဲ့ လက်ဝဲ ညီညွတ်ရေးမူထဲက  “ မက်စ်ဝါဒ လေ့လာရေးအဖွဲ့ ဖွဲ့ရန် ” ဆိုတဲ့ အချက် ၁ ချက်ကိုဖြုတ်ပြီး ၁၄ ချက် ဖြစ်လာရပါတယ်။     ဒီနေရာမှာပြောချင်တာက “အနောက်နိုင်ငံအချို့အနေနဲ့     မြန်မာနိုင်ငံမှာ မြန်မာပြည်သူလူထုအကျိုးကို     ဖော်ဆောင်ပေး နိုင်မယ့်အစိုးရ၊ မြန်မာ့ငြိမ်းချမ်းရေးကို ဖော်ဆောင် ပေးနိုင်မယ့် အစိုးရဆိုတာမျိုးထက် သူတို့ကြိုးကိုင်ခြယ်လှယ်လို့ရမယ့်  အစိုးရမျိုးတက်လာတာ၊ ရှိနေ တာကိုပဲလိုချင်တာ” ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ၊ တပ်မတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၁၉၄၈- ၁၉၄၉ ခုနှစ်မှာ KNUနဲ့ စတင် ဆွေးနွေးခဲ့ပါ တယ်။  ၁၉၆၀   ပြည့်နှစ်မှာ     ကေအင်န်ယူနဲ့   ထပ်ဆွေးနွေးခဲ့ပါတယ်။    တော်လှန်ရေးကောင်စီ တက်လာပြီးနောက်ပိုင်း   ၁၉၆၃ ခုနှစ်၊  ဇွန်လမှာ   “ပြည်တွင်းငြိမ်းချမ်းရေးအတွက်    တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသို့ တော်လှန်ရေး ကောင်စီ၏    ကမ်းလှမ်းချက်”ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာပဲ ဗကပနဲ့ ၇ ကြိမ် ဆွေးနွေးခဲ့ပါတယ်။ KIA ၊ KIO တို့ နဲ့ ၃ ကြိမ် ဆွေးနွေးခဲ့ပါတယ်။ KNU ၊ MNSP ၊ KNPP သုံးပါတီနဲ့၊ ၎င်းတို့ပါဝင်တဲ့   မဒညတ အဖွဲ့တွေကို ၅ ကြိမ်ခန့် ဆွေးနွေးခဲ့ပါတယ်။ ဒီထဲက စောဟန်တာသာမွှေး ဦးဆောင်တဲ့ ကရင်တော်လှန် ရေးကောင်စီ(KRC)တစ်ဖွဲ့တည်းနဲ့သာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။ လမ်းစဉ်ပါတီ ခေတ် ၁၉၈၀-၁၉၈၁ ခုနှစ်ထဲမှာ KIA နဲ့ ၁၀ ကြိမ်၊ ဗကပနဲ့ ၂ ကြိမ် ဆွေးနွေးခဲ့ပါတယ်။ 


ကွဲပြားတဲ့အယူအဆတွေ တွေ့ရ


တော်လှန်ရေးကောင်စီအနေနဲ့   ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ရာမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့သာ       မဟုတ်ဘဲ          နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ အကြံဉာဏ်ကိုရယူပြီး နိုင်ငံရေး၊ စီးပွားရေး၊    လူမှုရေးနဲ့  တိုင်းရင်းသားလူမျိုးစုများ အရေး စတဲ့   နိုင်ငံနဲ့လူမျိုးအကျိုးစီးပွားဖြစ်ထွန်းစေမယ့်ကိစ္စတွေကို  ဆောင်ရွက်နိုင်ဖို့   ရည်မှန်းပြီး  “ ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့ ” ကို ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ  ၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ စည်းစည်းလုံးလုံးညီညီညာညာနဲ့ တိုင်းပြုပြည်ပြု ကိစ္စတွေ  ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။  ပြည်တွင်း ညီညွတ်ရေးအဖွဲ့မှာ အဖွဲ့ဝင် ၃၃ ဦး ပါဝင်ခဲ့ပါတယ်။ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေထဲက     ဦးနု   (ဝန်ကြီးချုပ် ဟောင်း)၊ ဦးကျော်ငြိမ်း၊ ဝိဓူရ   သခင်  ချစ်မောင်၊ ဦးဗဆွေ၊ မန်းဝင်းမောင်၊ ဒူဝါဇော်လွန်း၊ ဗိုလ်မှူး အောင်၊ ဗိုလ်မင်းခေါင်တို့  ပါဝင်ခဲ့ကြပါတယ်။  အဲဒီ ၃၃ ဦးစာရင်းကိုလေ့လာကြည့်ရင် တည်မြဲ(ဖဆပလ)၊ သန့်ရှင်း(ဖဆပလ)နဲ့ ပမညတ  စတဲ့ နိုင်ငံရေးအဖွဲ့ မျိုးစုံက ပုဂ္ဂိုလ်တွေပါဝင်သလို တိုင်းရင်းသားမျိုးစုံပါဝင်ခဲ့ပါတယ်။ ဒီအကြံပေးအဖွဲ့အနေနဲ့ အကြံပြုခဲ့ ရာမှာ  အုပ်စု  ၄ စုခန့်  ကွဲပြားခဲ့ပါတယ်။  အမျိုးမျိုး ကွဲပြားတဲ့အယူအဆတွေ တွေ့ရပါတယ်။ ဒီနေရာမှာ ပြောလိုတာကတော့  အမျိုးသားရင်ကြားစေ့ရေး ဆိုတဲ့ အယူအဆနဲ့ လုပ်ဆောင်ချက်ဟာ အခုမှ ရှိတာမဟုတ်ပါဘူး။  ရှိခဲ့၊   လုပ်ခဲ့ကြပါတယ်။ ဘာကြောင့် အောင်မြင်မှုမရသလဲဆိုတာ    သမိုင်း မှာ  ရှာဖတ်ကြည့်စေလိုပါတယ်။


၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ တပ်မတော် အစိုးလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၂၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး ပြီး    ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့ပါတယ်။  ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း     ပါတီစုံဒီမိုကရေစီခေတ် မှာ  တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်   (NCA)လမ်းကြောင်းကို ဖော်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ NCA လက်မှတ်ရေး ထိုးတဲ့ EAO အဖွဲ့ ၈ ဖွဲ့၊ ၂၀၁၈ ခုနှစ်မှာ လက်မှတ် ရေးထိုးတဲ့အဖွဲ့ ၂ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်း ရေးတည်ဆောက်နိုင်ခဲ့ပါတယ်။ NCA လက်မှတ် ရေးထိုးခဲ့တဲ့ အဖွဲ့အများစု ဟာ    တပ်မတော်အစိုးရ လက်ထက်ကတည်းက    ငြိမ်းချမ်းရေးအတွက်        အပစ်အခတ်ရပ်စဲရေး  သဘောတူညီချက်များ    လက်မှတ်ရေးထိုးခြင်း      စတဲ့ကိစ္စရပ်များကို            ဆောင်ရွက်ခဲ့ကြတဲ့  အဖွဲ့များဖြစ်ပါတယ်။ ဒီနေရာ မှာ ၂၀၁၅ ခုနှစ် (NCA လက်မှတ်ရေးထိုးခါနီး)မှာ EAO များကို “NCA စာချုပ်မှာ   အလျင်စလို  လက်မှတ်မထိုးကြဖို့” ဆိုတဲ့ သတင်းစကားပျံ့လွင့် လာမှုကိုလည်း      သတိရစေလိုပါတယ်။


တပ်မတော်အနေနဲ့  တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအားလုံး  NCA  လမ်းကြောင်းမှာ လျှောက်လှမ်းနိုင်ဖို့ အမြဲတိုက်တွန်း နှိုးဆော်ခဲ့ပါ တယ်။   ငြိမ်းချမ်းရေးလိုချင်ရင်    တပ်မတော်က  တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးဖို့ ဆိုတဲ့ သဘောထား၊ အယူအဆတွေကို ပြောလာခဲ့ပါ တယ်။ တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး ဒီနေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့      ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ပေါင်း  အကြိမ် ၂၀ ပြုလုပ်ခဲ့ပြီး  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခဲ့ပါတယ်။ အခုလည်း (၇၅)နှစ်ပြည့်     စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ     တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက်  မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌    နိုင်ငံတော် ကာကွယ်ရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်တွေ အပြင် နိုင်ငံတော်အစိုးရရဲ့ လုံခြုံရေးနဲ့အုပ်ချုပ်ရေးယန္တရားတွေကို    နှောင့်ယှက်ထိပါး   တိုက်ခိုက် ချိန်မှအပ  တပ်မတော်ရဲ့စစ်ရေးဆိုင်ရာ    လှုပ်ရှားမှု တွေကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ   ထပ်မံ တိုးမြှင့် ရပ်စဲပေးခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ဒီမိုကရေစီနဲ့       ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံထားပြီး ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာက တစ်ဒေသနဲ့  တစ်ဒေသ၊    လူမျိုးစုတစ်ခုနဲ့တစ်ခု မတူညီတဲ့   အခွင့်အရေးတွေ မဟုတ်ဘဲ      တူညီတဲ့စနစ်နဲ့ ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။


ကျွန်တော့်အနေနဲ့ “ မိမိတို့အနေနဲ့ နိုင်ငံတော် တည်ဆောက်ရာမှာ အချက် ၂ ချက်ကို အဓိက ထား၍      အလေးထားဆောင်ရွက်လျက်ရှိပြီး  ပထမအချက် အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ  ပါတီစုံဒီမိုကရေစီစနစ်  ခိုင်ခိုင်မာမာ တည်ဆောက် ရေးကို  နိုင်ငံရေးရည်မှန်းချက်ထားပြီး လုပ်ဆောင် လျက်ရှိကြောင်း၊ ဒုတိယအချက်အနေနဲ့ တိုင်းပြည် သာယာဝပြောရေးနဲ့ စားရေရိက္ခာပေါများရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့ပါတယ်။  


ဒါ  ကျွန်တော်တို့အစိုးရ   ဆက်လက်ဆောင်ရွက် သွားမယ့်   ဦးစားပေးနိုင်ငံရေးမူဝါဒပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုဟာ   အပြန်အလှန်  ဆက်စပ် လျက်ရှိပါတယ်။     တိုင်းပြည်သာယာဝပြောရေးအတွက် ဆောင်ရွက် တဲ့အခါ  ကျွန်တော်တို့ နိုင်ငံ မှာ အဓိကလိုအပ်ချက် ကတော့ ငြိမ်းချမ်းရေးပါပဲ။ 


နိုင်ငံရဲ့စိန်ရတုလွတ်လပ်ရေးနေ့ 


၂၀၂၂ ခုနှစ်၊  ဖေဖော်ဝါရီလ  ၁၂ ရက်နေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့   (၇၅)နှစ်ပြည့်    စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပါတယ်။ အလားတူ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့ဟာ   ကျွန်တော်တို့နိုင်ငံ ရဲ့    စိန်ရတုလွတ်လပ်ရေးနေ့    ဖြစ်ပါတယ်။   တိုင်းပြည် တစ်ပြည်အတွက်  အရေးကြီးတဲ့  သမိုင်း ဖြစ်စဉ် ဖြစ်ရပ်၊ နေ့ရက်ကြီး ၂ ခု စိန်ရတုတိုင်ခဲ့ ပါပြီ။  မြန်မာနိုင်ငံရဲ့     လူဦးရေသက်တမ်းစံနှုန်းနဲ့  တွက်ချက်ရင်    လူတစ်ယောက်ရဲ့   သက်တမ်း တစ်ခုစာလောက်ရှိပါပြီ။ “အတိတ်ကိုမသိလျှင် ထပ်ကျော့အမှားတွေ     ကျူးလွန်နိုင်တယ်။  အလားတူ   အတိတ်ကိုအစွဲ သန်လွန်းလျှင်လည်း    အနာဂတ်လမ်းပျောက်နိုင်တယ်”ဆိုတဲ့ စကား ရပ်ကို  သတိချပ်ဖို့ ကျွန်တော်ပြောလိုပါတယ်။      နိုင်ငံတော်အစိုးရအနေနဲ့ ကျရောက်လာတော့မယ့် စိန်ရတု ပြည်ထောင်စုနေ့၊ စိန်ရတု လွတ်လပ်ရေး နေ့တွေ မတိုင်မီမှာ (တစ်) ပြည်ထောင်စုစိတ်ဓာတ်    ရှင်သန်ခိုင်မာစေရေး လုပ်ငန်းစဉ်(နှစ်)       ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြက် ရေးအတွက်   လုပ်ဆောင်မယ့်   လုပ်ငန်းရပ်များ ချမှတ်ခြင်း၊ တိုင်းရင်းသားများပါဝင်တဲ့ ဖော်ဆောင် ရေးအဖွဲ့များ    ဖွဲ့စည်းခြင်းနဲ့   လက်တွေ့လုပ်ငန်းရပ် များဆောင်ရွက်ခြင်းဆိုတဲ့   အဆင့် ၃   ဆင့်ကို နိုင်ငံတော်အစိုးရအနေနဲ့ အဆင့်လိုက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒီကိစ္စတွေအတွက် တိုင်းရင်း သားပြည်သူလူထုနဲ့ ပါဝင်ပတ်သက်ရမယ့် အစုအဖွဲ့ များအားလုံးထံမှ    အကြံပြုချက်များရယူခြင်း၊ အသိပေးခြင်းနဲ့  ပညာပေးခြင်းတွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို    လက်တွေ့ ကျကျ  တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရာမှာ-
    

(၁)    သက်ဆိုင်ရာတိုင်းရင်းသားများ၊ သက်ဆိုင် သူများ    ကိုယ်တိုင်ပါဝင်ပြီး   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ  အကျိုးဆောင်နိုင်ရေးနဲ့ မြှင့်တင်ရေး ဆောင်ရွက်ခြင်း။


    (၂)    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း   ချမ်းရေးဖော်ဆောင်မှု      ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်၊     တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်များ   တိုက် ရိုက် ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်   မြှင့်တင်ရေးအဖွဲ့များနှင့်  ဆွေးနွေး ခြင်း။
  

 (၃)    NCA         လက်မှတ်ရေးထိုးထားသော  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့်    ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊  NCA   လက်မှတ်မထိုး ရသေးသည့်     တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကို NCA လက်မှတ်ရေးထိုး နိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက် ခိုက်မှု  လျော့နည်းလာစေရေး၊  နှစ်ဖက် သဘောတူညီချက်များရရှိရေး      စတဲ့  လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားလိုပါတယ်။


ဒီနေရာမှာ    အချို့သော    တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့  လက်ရှိ  အစိုးရဟာ   ရွေးကောက်ခံအစိုးရမဟုတ်လို့ တွေ့ဆုံဆွေးနွေးစရာမလိုဘူးဆိုတဲ့ အယူအဆတွေ၊ ငြိမ်းချမ်းရေးကို အပြည့်အဝ အကောင်အထည် ဖော်ပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အယူအဆတွေနဲ့ ပတ်သက်ပြီး  စိတ်ကူးယဉ်မဆန်ဘဲ   လက်တွေ့ ကျကျ     သုံးသပ်ဖို့လိုပါတယ်။   ၁၉၈၈   ခုနှစ် နောက်ပိုင်း    တပ်မတော်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး       တည်ဆောက်မှုလုပ်ငန်းစဉ် ဘယ်လောက်အောင်မြင်ခဲ့တယ်၊    ဘယ်လောက် ပစ်ခတ်တိုက်ခိုက်မှုလျော့နည်းခဲ့တယ်၊ တိုင်းရင်း သား    နယ်မြေတွေမှာ   ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဘယ်လောက်တည်ဆောက်နိုင်ခဲ့တယ်၊      အဲဒီ အဖွဲ့ထဲက အများစုကပဲ NCA လက်မှတ်ရေးထိုး နိုင်ခဲ့တယ်ဆိုတာ     လက်တွေ့ပဲ   ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့       ငြိမ်းချမ်းရေးဆွေးနွေးမှု ညီလာခံ၊ NCA နှစ်ပတ်လည်နေ့တွေမှာ ငြိမ်းချမ်း ရေးကို   တကယ်လိုလားရင်   ရိုးသားတဲ့စိတ်ရှိဖို့၊ ငြိမ်းချမ်းရေးထက် အရေးကြီးတာ  ဘာမှမရှိဘူး ဆိုတဲ့ ခံယူချက်ရှိဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါ တယ်။ အစိုးရတွေဘယ်လောက်ပဲပြောင်းပြောင်း ကျွန်တော်တို့နိုင်ငံသည် ပြည်ထောင်စုမြန်မာနိုင်ငံ ပဲဖြစ်ပါတယ်။ အစိုးရဆိုတာထက် ကျွန်တော်တို့ အားလုံး ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံ အပေါ် သစ္စာရှိဖို့၊ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် ရိုးသားစစ်မှန်တဲ့ စိတ်ရင်းစေတနာနဲ့ ဆောင်ရွက်ဖို့ ဟာ အဓိကဖြစ်ပါတယ်။ ဒါ့ကြောင့် NCA လက်မှတ် ရေးထိုးပြီး     တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေနဲ့ NCA စာချုပ်ကို ပိုမိုခိုင်မာ အောင်၊    NCA    လက်မှတ်မရေးထိုးရသေးတဲ့  တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်းများ အနေနဲ့လည်း လက်ရှိအခြေအနေထက်  ပိုမိုတဲ့  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့      ငြိမ်းချမ်းရေး အဆင့်တစ်ဆင့်ကို  တက်လှမ်းနိုင်အောင်၊  ၎င်းမှ NCA စာချုပ်ထဲမှာ ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် စိန်ရတု ပြည်ထောင်စုနေ့ သန္နိဋ္ဌာန်ဖြင့် တိုက်တွန်း လိုပါတယ်။


ငြိမ်းချမ်းရေးကမ်းလှမ်းမှုများပြုလုပ်


ကျွန်တော်တို့ ပြည်ထောင်စုသမ္မတနိုင်ငံတော် ကို ၂၀၁၁  ခုနှစ်မှာ   ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းပြီးနောက်     ပထမအစိုးရကာလမှာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင်တည်ဆောက်ရေးမှာ    အရေးပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စတင်နိုင်ဖို့ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှာ   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၈)ဖွဲ့နဲ့ (၄)နှစ်ကျော် ကြာ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်   ၂၀၁၅     ခုနှစ်၊ အောက်တိုဘာလ   ၁၅ ရက်မှာတော့   အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့ တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့  လက်မှတ်ရေးထိုးနိုင်ခဲ့ တဲ့အတွက် လက်ရှိအချိန်ထိ NCA လက်မှတ်ရေး ထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ရှိပြီဖြစ်ပါတယ်။ ဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအကျိုး ဆောင်များရဲ့ အဲဒီတုန်းကရှိခဲ့တဲ့ ငြိမ်းချမ်းရေး အတွက်  ကြိုးပမ်းမှု၊ စိတ်ဓာတ်နဲ့လုပ်ရပ်တွေကို ထပ်လောင်းအသိအမှတ်ပြု ဂုဏ်ယူပါတယ်။


အားလုံးပိုင်ဆိုင်တဲ့စာချုပ်


NCA စာချုပ်ဟာ     တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းကရေးဆွဲထားတာ    မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လိုလားချက်တွေ၊ ကနဦး အဆိုပြုချက်တွေအပေါ် မူတည်ပြီး အစိုးရ၊ လွှတ်တော်၊  တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အသေးစိတ်အကျေအလည်   အကြိမ်ကြိမ်  ဆွေးနွေးညှိနှိုင်းသဘောတူရေးဆွဲထားတဲ့ စာချုပ် ဖြစ်တဲ့အတွက် အားလုံးပိုင်ဆိုင်တဲ့ စာချုပ်လည်း ဖြစ်ပါတယ်။  ပြည်သူတစ်ရပ်လုံးရဲ့   ထောက်ခံ အားပေးမှုကိုလည်းရရှိခဲ့တဲ့အပြင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ဂုဏ်ယူလေးစားမှုကို  ရရှိနိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။ ဒါကြောင့် NCA စာချုပ်ဟာ ကျွန်တော် တို့အတွက်     အစဉ်အမြဲအလေးထားရမယ့် မေ့ဖျောက်ပစ်လို့မရတဲ့  စာချုပ်ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 


NCA  စာချုပ်ကို   ချုပ်ဆိုပြီးနောက်   NCA စာချုပ်ပါအချက်အလက်များအတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို   စဉ်ဆက်မပြတ်    အခက်အခဲ အမျိုးမျိုးကြားမှ မလျော့သောဇွဲဖြင့်  ဆက်လက် လုပ်ဆောင်နိုင်ခဲ့ကြလို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၅ ကြိမ်ထိ ကျင်းပနိုင်ခဲ့ပြီး သဘောတူညီ ချက် (၃၇)ချက်ပါရှိတဲ့ ပြည်ထောင်စု  သဘောတူ စာချုပ် အစိတ်အပိုင်း(၁)၊ သဘောတူညီချက်(၁၄)ချက်ပါဝင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၂)နဲ့ သဘောတူညီချက် (၂၁)ချက် ပါဝင်တဲ့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ် အပိုင်း(၃)တို့ကို ချုပ်ဆိုနိုင်ခဲ့ပြီး စုစုပေါင်းသဘောတူညီ ချက်(၇၂)ချက် ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီဆွေးနွေးချက်၊ သဘောတူညီချက်တွေဟာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်     အဖွဲ့အစည်းတွေ အားလုံးရည်မှန်းထားတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ် စနစ်ကို အခြေခံတဲ့  ပြည်ထောင်စုတည်ဆောက် နိုင်ရေးကို    ဦးတည်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ ဒီမိုကရေစီနဲ့  ဖက်ဒရယ်စနစ်ကို   အခြေခံတဲ့ ပြည်ထောင်စုကို အဆင့်လိုက်၊ အပိုင်းလိုက် ညှိနှိုင်း ဆောင်ရွက်သွားကြမယ်လို့ သဘောတူညီခဲ့ကြပြီး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်  နှောင်းပိုင်းကစတင် ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကို အကြောင်းပြုပြီး   ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မပြုလုပ်နိုင်ခဲ့သော်လည်း     ယခုအခါကာလမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း လျော့ကျလာခဲ့ပြီဖြစ်လို့ အားလုံးရည်မှန်းထားတဲ့ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို    အခြေခံတဲ့    ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ဖို့    လမ်းကြောင်းမပျောက်ဘဲ ခိုင်မာတဲ့ သန္နိဋ္ဌာန်ဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး ပွဲ လမ်းကြောင်းတွေကနေ သဘောတူညီချက်တွေ ရရှိပြီး ရည်မှန်းချက်ရောက်တဲ့အထိ ဆက်လက် လျှောက်လှမ်းသွားကြရမှာဖြစ်ကြောင်း တိုက်တွန်း ပြောကြားလိုပါတယ်။


လူနည်းစုဆန္ဒကိုအလေးထား


မိမိတို့အားလုံးလက်ခံထားတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ   တိုင်းဒေသကြီး /ပြည်နယ် အားလုံးမှ  တိုင်းရင်းသားအားလုံးသည်   တူညီတဲ့ ဖက်ဒရယ်အခွင့်အရေးများ  အကုန်ရရှိရမှာဖြစ် ပါတယ်။ ဒီမိုကရေစီနှင့်ပတ်သက်၍ အများဆန္ဒ အတိုင်း   ဆောင်ရွက်နေသလို   လူနည်းစုဆန္ဒကို လည်း အလေးထားရန် လိုအပ်ပါတယ်။ မိမိဆန္ဒနဲ့ မကိုက်ညီတာနဲ့ ရန်သူလို့သဘောထားပြီး  ခွဲခြား ဆက်ဆံမှုများ၊ လူမှုဆက်ဆံရေးအရ ပြစ်ဒဏ်ခတ် ပြီး လူ့အသိုက်အဝန်းမှ ဖယ်ကြဉ်ထားခြင်းမျိုးဟာ ကျေးပိုင်ကျွန်ပိုင်ခေတ်က လူတန်းစားခွဲခြားသည့် အတွေးအခေါ်များဖြစ်ပြီး ဒီမိုကရေစီနဲ့ကိုက်ညီမှု မရှိတာကို  တွေ့ရပါတယ်။  တိုင်းပြည်တစ်ခုတွင် ဒီမိုကရေစီ       ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင်  နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုရှိရမှာဖြစ်ပြီး လုံခြုံ ရေးလည်း တည်ငြိမ်အေးချမ်းရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ လက်ရှိဖြစ်ပွားနေသောကိစ္စရပ်များ ဟာ ဒီမိုကရေစီမရင့်ကျက်သေးသဖြင့် ဖြစ်ပေါ်လာ သည့်ကိစ္စရပ်များဖြစ်ကြောင်း   သတိပြုစေလိုပါ တယ်။ 


ဖက်ဒရယ်စနစ်နဲ့ပတ်သက်၍   မိမိတို့လိုရာကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုပြီး ပြောဆိုနေကြသော် လည်းအနှစ်သာရမှာ ပေါင်းစည်းခြင်းနှင့်   သဟဇာတ ဖြစ်မှုပင်     ဖြစ်ပါတယ်။    မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊  ပြည်နယ်များ၊  လူမျိုးများ၊ လူမျိုးစုများကို စုစည်းထားရာမှ အာဏာ (၃)ရပ်ကို ခွဲဝေကျင့်သုံးခြင်းပင် ဖြစ်ပါတယ်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး မည်သို့ပင် အယူဝါဒ အမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနဲ့သဟဇာတဖြစ်မယ့်စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။  မိမိတို့အနေနဲ့  ပြည်ထောင်စု သမ္မတ         မြန်မာနိုင်ငံတော်တွင်းနေထိုင်ကြတဲ့   ညီအစ်ကိုမောင်နှမများအားလုံး        အတူတကွ ငြိမ်းချမ်းသာယာစွာ   အတူယှဉ်တွဲ   နေထိုင်ကြမယ် ဆိုတဲ့    အခြေခံစိတ်ဓာတ်နဲ့   ဒီမိုကရေစီနဲ့   ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှု တွေကို   ဆွေးနွေးပွဲများမှတစ်ဆင့်     အကျေ အလည်ညှိနှိုင်း  ဖြေရှင်းသွားကြရမှာ ဖြစ်ပါတယ်။ 


တိုင်းရင်းသားညီနောင်များ ခင်ဗျား-


ယနေ့ကာလဟာ ၂၀၂၀ ပြည့်နှစ်ရွေးကောက် ပွဲမှာ NLD ပါတီရဲ့ မဲမသမာမှုတွေအပေါ် တပ်မတော် နဲ့ နိုင်ငံရေးပါတီတွေက ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ အကြိမ်ကြိမ် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)အရ   နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ပြီး      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အနေနဲ့  ဦးဆောင်နေတဲ့ကာလဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံ တော်ကို    တာဝန်ယူပြီးသည့်     အချိန်မှစပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ ဦးတည်ချက် (၉)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာမှာ ထာဝရငြိမ်းချမ်း ရေးရရှိရေးအတွက်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘော တူညီချက်များအတိုင်း   အလေးထားလုပ်ဆောင် လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို  ပြင်ဆင်ဖွဲ့စည်းပေးပြီး  ဖေဖော်ဝါရီ လ ၁၇ ရက်နေ့မှာ အမျိုးသားစည်းလုံးညီညွတ်ရေး နဲ့       ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့   ညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိကာလမှာ  ညှိနှိုင်းရေး ကော်မတီအနေနဲ့ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊     လက်မှတ် မရေးထိုးရသေးသော  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီတို့ကို စုစုပေါင်း (၂၁)ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ      ရပ်တန့်မှုမရှိအောင်   အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိ ပါတယ်။ 


တရားဥပဒေ စိုးမိုးရေးကိုထိခိုက်စေ


နိုင်ငံတော်အစိုးရအနေဖြင့်     ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသော် လည်း မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွားကိုမလိုလားသော နိုင်ငံကို ဖျက်လိုဖျက်ဆီးလုပ်လိုသည့်  ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ မီဒီယာများနဲ့ အာဏာကို အကြမ်းဖက်နည်းနဲ့ ရယူလိုသူတွေဖြစ်တဲ့ NLD ပါတီဝင်အစွန်းရောက်များ၊ NUG၊ CRPH နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများရဲ့ အကြမ်း ဖက်လုပ်ရပ်များကြောင့် နိုင်ငံတော်ရဲ့ဒေသအချို့မှာ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့    တရားဥပဒေ စိုးမိုးရေးကိုထိခိုက်စေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအတွက် အတိုင်းအတာတစ်ခုအထိ  အဟန့် အတား ဖြစ်ပေါ်စေလျက်ရှိနေတာကိုလည်း တွေ့ရှိ ရမှာ  ဖြစ်ပါတယ်။ 


NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ဟာလည်း ပြည်တွင်း / ပြည်ပ အဖွဲ့အစည်းအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းမှ  သွေဖည် လုပ်ဆောင်လိုတဲ့  သဘောထားဆောင်ရွက်ချက် များ တွေ့ရှိလာရသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်မှုပျက်ပြားစေမယ့် မလုပ်သင့်မလုပ်ထိုက် တဲ့ လုပ်ရပ်များလုပ်ဆောင်ပြီး နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်း များနဲ့   ပါဝင်ပတ်သက်မှုတွေ   ရှိနေတာလည်း တွေ့ရပါတယ်။ သို့ပေမယ်လို့ နိုင်ငံတော်အစိုးရ အနေနဲ့ကတော့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မထိခိုက်အောင်  သဘောထားကြီးစွာနဲ့ တတ်နိုင် သမျှ   ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်  အစမှာပြောခဲ့သလို   NCA  ဟာ ကျွန်တော်တို့ အားလုံး အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်း၍ ခက်ခက်ခဲခဲအဖြေရှာပြီးမှ နှစ်ပေါင်း (၇၀) ကျော် ကာလမှာ   ပထမဆုံးရလာခဲ့တဲ့   ငြိမ်းချမ်းရေး လမ်းစဖြစ်ပါတယ်။     အကြမ်းဖက်လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ၊       ပြည်တွင်းပြည်ပ ပယောဂများ၊ မီဒီယာများ၏  သွေးထိုးလှုံ့ဆော်မှုများ ကြောင့် NCA ဆိုတဲ့   ငြိမ်းချမ်းရေးလမ်းကြောင်း ပျောက်ပျက်မသွားဖို့ အထူးသတိပြုစေလိုကြောင်း ပြောကြားလိုပါတယ်။


မိမိတို့အစိုးရအနေနဲ့  စစ်မှန်ပြီး  စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်        ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု     တည်ဆောက်နိုင်ရေးတို့အတွက် နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည် ဖော်      ဆောင်ရွက်လျက်ရှိပါတယ်။     ဒီကိစ္စကို ကျွန်တော်တို့အစိုးရက ခိုင်ခိုင်မာမာ အာမခံပါတယ်။ ဒါကြောင့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေနဲ့  နိုင်ငံတော်က  ချမှတ်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်များနဲ့ လက်ရှိပကတိအခြေအနေမှန်များ ကို မှန်ကန်စွာ သိရှိနားလည်ပြီး အချို့မီဒီယာများရဲ့ မဟုတ်မမှန်သတင်းများကို စိစစ်စဉ်းစားချင့်ချိန် နိုင်ဖို့နဲ့ မိမိတို့ လျှောက်လှမ်းနေသော ငြိမ်းချမ်းရေး လမ်းကြောင်းကို ထိခိုက်စေမယ့် အပြုအမူများကို ရှောင်ရှားကြဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြား လိုပါတယ်။ NCA ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ ယုံယုံကြည်ကြည်နဲ့    ခိုင်မာစွာ    ဆက်လက် လျှောက်လှမ်းခြင်းဟာ နိုင်ငံတော်အစိုးရက လက်ရှိ ဦးတည်သွားနေသော လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို  သတ်မှတ်ချိန်အတွင်း     ကျင်းပနိုင်ခြင်းအားဖြင့် ပြည်သူကရွေးချယ်ပေးတဲ့   ဒီမိုကရေစီအစိုးရသစ် တစ်ရပ် ပေါ်ပေါက်လာရေးကို   အားပေးကူညီရာ ရောက်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ 


တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-


လက်ရှိအခြေအနေမှာ တစ်ကမ္ဘာလုံး ကိုဗစ်-  ၁၉ ကပ်ရောဂါကို ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှစ၍ ယခုအထိ      ခံစားနေရတဲ့ကာလ     ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      အနေဖြင့် “ပြည်သူလူထု၏အသက်ထက်      အရေးကြီးတာ ဘာမျှမရှိ ”ဟူသော   မူဝါဒနဲ့   တစ်နိုင်ငံလုံး၊ ပြည်သူလူထု တစ်ရပ်လုံးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းစဉ်များကို   ရှိသမျှ ခွန်အား၊   စွမ်းအားဖြင့် အစွမ်းကုန်ကြိုးပမ်း အားထုတ်လျက်ရှိပါတယ်။       ထိုသို့ဆောင်ရွက်ရာ တွင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  “ ပြည်ထောင်စုအတွင်း နေထိုင်ကြသောတိုင်းရင်း သားများ ဆိုတာထက် လူမျိုးဘာသာမရွေး လူသား အားလုံးကို ကျန်းမာရေးစောင့်ရှောက်မှု တန်းတူ အခွင့်အရေး ခံစားခွင့်ရရှိစေရမယ်” ဆိုတဲ့မူဝါဒနှင့် အညီ NCA လက်မှတ်ရေးထိုးထားတဲ့  တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့တွေသာမက       NCA လက်မှတ် မရေးထိုးရသေးတဲ့     တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အားလုံးနဲ့   နယ်စပ်ဒေသနေ   ပြည်သူ လူထုများ၊   တိုက်ပွဲရှောင်စခန်းရှိ    ပြည်သူများ အားလုံးအတွက်ပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေး   ဆောင်ရွက်လျက်ရှိပါတယ်။ အချို့      တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အတွက် ဦးစားပေးအရေအတွက်အလိုက် စတင် ထိုးနှံပြီးဖြစ်ကြောင်းနဲ့ ကျန်းမာရေး အသိအမြင်နဲ့ သာရှုမြင်ပြီး  ကာကွယ်ဆေးများ  အချိန်မီထိုးနှံ နိုင်ရေး ညှိနှိုင်းရေးကော်မတီနဲ့ ပေါင်းစပ်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း   အသိပေး   ပြောကြား လိုပါတယ်။ 


တွေ့ဆုံဆွေးနွေးရေး


ကျွန်တော်တို့အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်း ရေးရရှိရေးအတွက်   NCA   စာချုပ်ပါအတိုင်း ဆက်လက်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့  တွေ့ဆုံဆွေးနွေးရေးအတွက်     အမြဲတံခါးဖွင့်လှစ် ထားရှိကြောင်း   အတိအလင်း   ကြေညာထားပြီး ဖြစ်ပါတယ်။ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ တာဝန်ကို    ရယူထားချိန်ဖြစ်လို့   ငြိမ်းချမ်းရေး ဆွေးနွေးမှုများ    အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုလွှတ်တော်တွင်    အတည်ပြုသည့် အဆင့်မှအပ      ကျန်သည့်    အစိတ်အပိုင်းများ ဆောင်ရွက်၍ရနိုင်ကြောင်း ပြောကြားလိုပါတယ်။ လက်ရှိနိုင်ငံရေး     တွေ့ဆုံဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ရွေးကောက်ခံအစိုးရ၊ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များမရှိသည့်အတွက် ကြောင့် ဆောင်ရွက်၍မရနိုင်ဟု ထင်မြင်ယူဆဖွယ် ဖြစ်သော်လည်း ရွေးကောက်ပွဲ ထပ်မံကျင်းပပြီးစီး ပါက  နိုင်ငံရေးပါတီများမှ  ကိုယ်စားလှယ်များ ကသာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် များ၊   အစိုးရအဖွဲ့ဝင်များဖြစ်လာမှာ  ဖြစ်သည့် အတွက် ယခုကာလတွင် မိမိတို့အနေဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများနဲ့     ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို   သက်ဆိုင်သူများနဲ့   စဉ်ဆက်မပြတ် ဆောင်ရွက်နေခြင်းအားဖြင့် ပိုမိုခရီးရောက်စေမည် ဖြစ်ပါတယ်။ 


မိမိတို့နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူအားလုံး အလိုချင်ဆုံး၊ အတောင့်တဆုံးဆန္ဒ ဖြစ်တဲ့ နောင်လာမယ့်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းတဲ့ အမွေကောင်းတစ်ခု ချန်ထားခဲ့ရန် လိုအပ်တဲ့အတွက်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန်မဆွဲဘဲ ဖြစ်နိုင်သမျှ မြန်မြန်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ သဘာဝသယံဇာတများ ပေါကြွယ်ဝတဲ့ မိမိတို့နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး  အမြန်ရရှိလေ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လေဖြစ်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ နှင့် တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးကို အလေးအနက်ထား အကောင်အထည်ဖော်နေချိန် ဖြစ်လို့ ယနေ့အချိန်ကာလဟာ NCA လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရော၊ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များရော တိုင်းပြည်အကျိုး စီးပွား၊ ပြည်သူပြည်သားများ အားလုံးရဲ့ အကျိုး စီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းရန်အတွက် အကောင်းဆုံးအချိန်ဖြစ် ကြောင်း ပြောကြားလိုပါတယ်။ 

 


နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့-


    ဆရာဇော်ဂျီရဲ့ ကဗျာလေးတစ်ပိုဒ်နဲ့ပဲ အဆုံး သတ်လိုပါတယ်။ အဲဒါကတော့
“ ထလော့မြန်မာ၊ မြန်မာထလော့ - အားမပျော့ နှင့်၊ မလျှော့လုံ့လ - သူကစ၍ ငါကအားလုံး - လက်ရုံးမြားမြောင်၊          ဉာဏ်မြားမြောင်နှင့် - စွမ်းဆောင်ကြလေ၊    ဆောင်ကြလေလော့ - ဤမြေဤရွာ၊   ဘယ်သူ့ရွာလဲ -  ဤယာစပါး၊ ဘယ်သူ့စပါးလဲ - ထားလော့တာဝန်၊    ပွန်လော့ လုပ်ငန်း - ဉာဏ်ရှေ့ပန်း၍ - တစ်စိတ်တစ်ဝမ်းညီစေ သတည်း  ”


ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့အားလုံး တစ်စိတ်တစ်ဝမ်း ညီညွတ်ကြပါစို့ ခင်ဗျား။ 
အားလုံးကိုကျေးဇူးတင်ပါတယ်။