
သတင်း-ကိုကိုဇော်၊ ကျော်စိုးဝင်း၊ ဓာတ်ပုံ-ဇော်မင်းလတ်
မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ သဘင်ပညာရှင် အဘိုးအဘွားများနှင့် တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင်များအား ဩဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာ ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် မြန်မာနိုင်ငံသဘင် အစည်းအရုံးမှ သဘင်ပညာရှင်များနှင့် တာဝန်ရှိသူများ၏ စကားသံများကို တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါသည်။
ဦးကျော်သူရ
(ဌာနမှူး၊ စီမံ/ဘဏ္ဍာ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်)
သဘင်ပညာရှင်တွေကို ကာကွယ်ဆေးထိုး ပေးတာကတော့ ရန်ကုန်နဲ့ မန္တလေး တစ်ပြိုင်တည်း ထိုးပေးတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရန်ကုန် မှာ အယောက် ၁၀၀၊ မန္တလေးမှာ အယောက် ၁၀၀ ထိုး ဖြစ်ပါတယ်။ မထိုးရသေးတဲ့သူတွေရှိ သေးရင်လည်း အနုပညာဦးစီးဌာနကို တင်ပြပြီး တော့ ဆက်လက်ထိုးနှံနိုင်ဖို့ ဆောင်ရွက်မှာပါ။ ကာကွယ်ဆေး မထိုးထားတဲ့သူနဲ့ ထိုးထားတဲ့သူ တော်တော်လေးကို သိသာပါတယ်။ ဆေးရုံဆေးခန်း တွေမှာ ရောက်နေတဲ့သူတွေကို ကြည့်လိုက်ရင် ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေ အဖြစ်များတာ တွေ့ရပါတယ်။ ရောဂါဆိုးဆိုးရွားရွား ဖြစ်တဲ့သူ တွေကလည်း ကာကွယ်ဆေးမထိုးထားတဲ့ သူတွေ ဖြစ်တာများပါတယ်။ ကာကွယ်ဆေးထိုးထားခြင်း အားဖြင့် ရောဂါကူးစက်မှုနည်းတာကို တွေ့ရပြီး ရောဂါကူးစက်ရင်တောင် အပြင်းအထန် မခံစားရ တာကို တွေ့ရပါတယ်။ ဒီကနေ့မှာ မထိုးလိုက်ရရင် လည်း ကျွန်တော့်အနေနဲ့ အနုပညာဦးစီးဌာနကို တင်ပြပြီး ဆေးထိုးနှံရေးအတွက် ဆောင်ရွက်ပေး သွားမှာပါ။
ဒေါက်တာတင်တင်ဆွေ
(လက်ထောက်ညွှန်ကြားရေးမှူး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန)
မြန်မာနိုင်ငံ သဘင်အစည်းအရုံးက သဘင် ပညာရှင်အဘိုးအဘွားတွေနဲ့ တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင်တွေကို အခုလို တစ်စုတစ်စည်းတည်း ကာကွယ်ဆေးထိုးပေးရတဲ့အတွက် ကျွန်မတို့ဘက် က များစွာအဆင်ပြေပါတယ်။ အခု သဘင်ပညာရှင် လူဦးရေ တစ်ရာလို့ ပြောထားပေမယ့် ကျွန်မတို့မှာ ကာကွယ်ဆေးအလုံးရေ တစ်ရာ့နှစ်ဆယ်ပါလာပြီး ထိုးနှံလိုသူအားလုံးကို ထိုးနှံပေးသွားပါမယ်။ အခု ထိုးနှံပေးတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ဟာ ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပါး ပါတယ်။ နှစ်ကြိမ် ကာကွယ်ဆေးထိုးလိုက်ရင်တော့ ရောဂါကို ၈၅ ရာခိုင်နှုန်းလောက် ကာကွယ်ပေး ပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးလည်း ထိုးထား မယ်၊ စည်းကမ်းချက်တွေကိုလည်း လိုက်နာမယ် ဆိုရင် တော့ ရောဂါကူးစက်ခြင်းက ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးထားရင် ရောဂါကူးစက် လာခဲ့ရင်တောင်မှ ရောဂါဆိုးဆိုးရွားရွား မခံစား ရပါဘူး။ ရောဂါကာကွယ်ဆေးကို ပြည်သူ တော်တော်များများ ထိုးနှံနေကြပါတယ်။ လာရောက်ထိုးနှံသူတွေကို အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းနဲ့အခြား ရောဂါတွေ ရှိ မရှိ မေးမြန်းပြီးမှ ဆေးထိုးနှံပေးပါတယ်။ ကျွန်မတို့ ဒဂုံမြို့သစ်တောင်ပိုင်းကို တိုင်းကျန်းမာရေးဦးစီး ဌာနက ဆေးတွေ နေ့စဉ်ထုတ်ပေးလျက်ရှိပါတယ်။ တောင်ဒဂုံမြို့နယ်မှာ ရပ်ကွက်နဲ့ စက်ရုံတွေရှိပြီး ဆေးအဖွဲ့ကိုလည်း နှစ်ဖွဲ့ခွဲပြီး နေ့စဉ်ထိုးနှံပေးနေ ပါတယ်။ ရပ်ကွက်အနေနဲ့ ပြည်သူတစ်သောင်းကျော် လောက် ထိုးပြီးပါပြီ။ စက်ရုံတွေအနေနဲ့ တော်တော် များများ ထိုးပြီးသွားပါပြီ။
ဦးအောင်တင်ဝင်း
(နာယက၊ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်း အရုံး)
ဘဘကို အခြားလူတွေက အခု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးဖို့ကို မထိုးဖို့ပြောကြတယ်။ ကာကွယ်ဆေးထိုးပြီးရင်လည်း သေကြတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ဘဘကတော့ တစ်ကမ္ဘာ လုံးက ပြည်သူတွေတောင် ကာကွယ်ဆေး ထိုးနေ ကြတာ ငါလည်းရောဂါကာကွယ်တဲ့ ပြည်သူတစ်ဦး အနေနဲ့ ထိုးရမယ်လို့ ဆန္ဒဖြစ်ပြီး လာရောက် ထိုးနှံခြင်း ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်သူတွေ ထိုးနှံ ထားကြဖို့ အကြိမ်ကြိမ် နှိုးဆော်ပေးနေတယ်။ ကာကွယ်ဆေးထိုးထားခြင်းကြောင့် ပြင်ပရောဂါ တွေကို ကာကွယ်ရာ ရောက်ပါတယ်။ အနည်းဆုံး ၈၅ ရာခိုင်နှုန်းလောက် ကာကွယ်တယ်လို့ သိရ တယ်။ ဘဘရဲ့ ပြည်တွင်း ပြည်ပမှာရှိတဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တပည့်တွေကလည်း ဘဘကို ကာကွယ်ဆေး သွားရောက်ထိုးနှံဖို့ တိုက်တွန်း ကြတယ်။
ဦးရဲဒွေး (ရုပ်သေးပညာရှင်)
ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက်ကြီး သူရော ငယ်သူတွေပါမကျန် ထိုးနှံသင့်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်။ ကာကွယ်ဆေးထိုးပြီးရင် လည်း ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း၊ ၆ ပေအကွာ နေထိုင်ခြင်းစတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ သတိပြုနေထိုင်ပြီး လိုက်နာဆောင်ရွက်စေလိုပါတယ်။
ဦးလှစိုး
(အတွင်းရေးမှူး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် သဘင်ပညာရှင်များအစည်းအရုံး)
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အနေနဲ့ အခုတတိယလှိုင်းမှာ ပြည်သူတွေ တော်တော်များများ အသက်တွေ ဆုံးရှုံးခဲ့ကြတာ တွေကို တွေ့မြင်ခဲ့ရပါတယ်။ အခုဆို ပြည်သူ တော်တော်များများက ကာကွယ်ဆေး ထိုးနှံနေ ကြတဲ့အတွက် ရရှိလာတဲ့ အခွင့်အရေးကို လက်လွှတ်မခံချင်ဘဲ အခုလိုလာရောက် ပါဝင် ထိုးနှံခြင်းဖြစ်ပါတယ်။ အားလုံး ကာကွယ်ဆေးထိုးနှံ ပြီးရင် ကိုဗစ်-၁၉ ကူးစက်နိုင်မှု ကင်းစင်တဲ့ ပတ်ဝန်းကျင်အဖြစ် နေ့စဉ်ဆောင်ရွက်ဖွယ် ကိစ္စ တွေမှာ စိတ်ချယုံကြည်စွာနဲ့ လုပ်ကိုင်ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့ သက်ဆိုင်ရာ စုရပ်တွေမှာ ကာကွယ်ဆေး ထိုးကြပါစို့လို့ ပြည်သူတွေကို မေတ္တာရပ်ခံတိုက်တွန်းပါတယ်။
ဦးကျော်ဝင်းမြင့် (စိန်မုန့်လုံး- ဆိုင်း)
ကျွန်တော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို စိတ်ဆန္ဒအရ တော်တော်ကိုထိုးချင်ပါ တယ်။ ကာကွယ်ဆေးထိုးခြင်းဟာ ကိုယ့်ကိုယ် ကိုယ် လုံခြုံတယ်လို့ ထင်မြင်ယူဆမိပါတယ်။ လာရောက် ထိုးနှံပေးကြတဲ့ ဆရာဝန်/ဆရာမ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုကာကွယ် ဆေးထိုးပြီး နောက်လမှာ ဒုတိယအကြိမ် ထိုးနှံရ မယ်လို့ သိရပါတယ်။ ကာကွယ်ဆေးကို ပြည်သူ အားလုံး ထိုးသင့်တယ်လို့ အကြံပြုပါတယ်။ အခု ကာကွယ်ဆေးထိုး ပြီးရင်လည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် တွေကိုလည်း လိုက်နာသွားမှာပါ။
ဒေါ်အောင်ညွန့်စိန် (ဇာတ်မင်းသမီးကြီး)
အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနေတယ်၊ အမေ့ကို ဆေးထိုးချင်ရင် လာထိုးဖို့ ဖိတ်ခေါ်တဲ့ အတွက် အမေ ဝမ်းသာသွားတယ်။ အရင်ကဆိုရင် အမေက ဆေးထိုးရမှာဆို သိပ်ကြောက်တယ်၊ အခုတော့ ဆေးထိုးရမှာ မကြောက်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပေးတဲ့ ဆေးဖြစ်ပြီး မိသားစုတစ်စုလုံးနဲ့ ပြည်သူတွေ ရောဂါကူးစက် မှု အန္တရာယ်ကင်းဝေးစေတဲ့ ကာကွယ်ဆေး ဖြစ်လို့ အမေလာရောက်ထိုးနှံခြင်း ဖြစ်ပါတယ်။
အခု ဆေးထိုးပြီးတော့လည်း ဘာမှ မခံစား ရပါဘူး။ ပြည်သူအားလုံး နေထိုင်ကောင်းကြဖို့ ဒီကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးကြပါလို့ ပြည်သူအားလုံး ကို တိုက်တွန်းချင်ပါတယ်။
ကိုထက်ကို (ဇာတ်မင်းသား၊ မဟာရန်ကုန် ဇာတ်သဘင်)
ကိုဗစ်-၁၉ ရောဂါ အပြင်းအထန် ဖြစ်ပွားနေတဲ့ အချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို အရေး အကြီးဆုံး သော့ချက်အဖြစ် တစ်ခုတည်းသော ကာကွယ်ဆေး ဖြစ်ပါတယ်။ ဗိုင်းရပ်စ်တွေက ခန္ဓာကိုယ်မှာဝင်ပြီး ပွားများလာရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တွေက ပြန်လည်တုံ့ပြန်ပေးပါတယ်။ ကာကွယ်ဆေးထိုးနှံထားရင် ကာကွယ်ဆေးအပေါ် မူတည်ပြီး ရောဂါကူးစက်မှုကို ၈၅ ရာခိုင်နှုန်း အကာ အကွယ်ပေးနိုင်တဲ့အတွက် အခုလို လာရောက်ထိုးနှံ ခြင်းဖြစ်ပြီး ပြည်သူအားလုံးလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးကြပါလို့ မေတ္တာ ရပ်ခံပါတယ်။
မချမ်းချမ်းမိုး (ခေါင်းဆောင်မင်းသမီး၊ မဟာ ရန်ကုန်ဇာတ်သဘင်)
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရင် ရောဂါခံစားရမှုကို ၈၅ ရာခိုင်နှုန်းကျော် ကာကွယ် ပေးနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးနှံဖို့ အဓိကကျပါတယ်။ ကာကွယ်ဆေးထိုးနှံထားရင် ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ ဗိုင်းရပ်စ်တွေကို တားဆီးလိုက်တဲ့အတွက် ရောဂါကြောင့် သေဆုံးမှု နှုန်းလည်း ကျဆင်းသွားစေပါတယ်။ ကာကွယ် ဆေးထိုးထားရင် မတော်တဆ ပိုးဝင်လာရင် တောင်မှ အများကြီးပွားလို့မရတော့ သူ့မိသားစု၊ ကိုယ့်မိသားစု၊ သူနဲ့ထိတွေ့တဲ့သူတွေကိုလည်း ကူးစက်ဖို့ အခွင့်အလမ်း နည်းသွားပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားရင် တစ်ဦးက တစ်ဦးကို ရောဂါကူးစက်မှုနှုန်း လျော့ကျ စေတဲ့အတွက် အခုလို ကာကွယ်ဆေးထိုးနှံရခြင်း ဖြစ်ပါတယ်။