တစ်ခဏ ဒုလ္လဘ ဘဝမှာ အကျိုးရှိစွာ ကျင့်ကြံပါ

Type
99

 

မောင်ယဉ်ဦး

 

မဟာသင်္ကြန်သည် မြန်မာလူမျိုးများ၏ ရေပက်ကစားကြသည့် ရေသဘင်ပွဲတော်တစ်ခုလည်း  ဖြစ်သည်။  ရေပက်ကစားခြင်းအား   မြန်မာလူမျိုးများသာမက မြန်မာနိုင်ငံအတွင်း နေထိုင်ကြသူများအားလုံး ပျော်ရွှင်နှစ်သက်စွာ ရေပက်ကစားကြသည်။

 

ရေပက်ကစားခြင်းနှင့်အတူ ကောင်းမှုကုသိုလ် များလည်း ပြုလေ့ရှိကြသည်။ စတုဒိသာကျွေးမွေး ခြင်း၊   သက်ကြီးဘိုးဘွားများအား    ခြေသည်း၊ လက်သည်း ညှပ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်းနှင့် အတူ စုပေါင်းကန်တော့ကြခြင်း၊  ဘုန်းတော်ကြီး ကျောင်းများသို့ ရေအလှူပေးခြင်းများသည် ရေပက် ကစားသည့်   အလေ့အထနှင့်အတူ  တွေ့မြင်ကြ ရသည့် ကောင်းမှုကုသိုလ်တော်များဖြစ်သည်။

 


 ဝိနည်းသိက္ခာပုဒ်များ စောင့်ထိန်းနိုင်ခြင်း
မရှိလျှင် ဆိုးကျိုးများ ရရှိတတ်


ထိုထက်ပို၍ နေရာဒေသအနှံ့  တွေ့မြင်ကြရ သည်မှာ  လူငယ်လူရွယ်များအား   ဘုန်းတော်ကြီး ကျောင်းများတွင်  တစ်ဦးချင်းစီဖြစ်စေ၊  စုပေါင်း၍ ဖြစ်စေ    ဒုလ္လဘဟုခေါ်သော   ရဟန်းဘောင်သို့ ဝင်ရောက်ကြခြင်းပင်ဖြစ်သည်။ လူငယ်လူရွယ်များ က ဒုလ္လဘရဟန်းဝတ်ကြပြီး    ရဟန်းခံရန် အသက် မပြည့်မီသူများသည် ဒုလ္လဘ သာမဏေဝတ်ကြသည် ကို  တွေ့မြင်ရသည်မှာ  ကောင်းမွန်သည့်လုပ်ရပ် ဖြစ်သည်။   ထိုသို့   ကောင်းမွန်မြင့်မြတ်သည့် သာမဏေ/ရဟန်းအဖြစ်သို့ ဒုလ္လဘအဖြစ် ဝင်ရောက် ခဲ့ကြသော်လည်း   စောင့်ထိန်းအပ်သည့်    ဝိနည်း သိက္ခာပုဒ်များအား    စောင့်ထိန်းနိုင်ခြင်းမရှိလျှင် ဆိုးကျိုးများရရှိတတ်သည်ကို သတိမူသင့်ပေသည်။

 


မိမိတို့ မိသားစုစားဝတ်နေရေးအတွက် လုပ်ငန်း ခွင်အသီးသီးတွင် လုပ်ကိုင်နေကြရသူ(အမျိုးသား)များသည် မဟာသင်္ကြန်ကာလတွင် မိမိတို့အလုပ်ခွင် မှ ခေတ္တခဏ ခွင့်ယူ၍ ရဟန်းဘဝသို့ ခေတ္တခဏ ဝင်ရောက်ကာ  ရခဲလှသည့်ရဟန်းအဖြစ် ခံယူခြင်း အား ဒုလ္လဘဟု ခေါ်ဆိုကြလေသည်။

 


လူ့ဘဝဟူသည်ကား လွန်စွာရနိုင်ခဲသည့်ဘဝ ဖြစ်သည်။ လူ့ဘဝအားရရှိရန်   လူ့ပြည်မှ   အပ် တစ်စင်းနှင့်ဗြဟ္မာ့ပြည်မှ အပ်တစ်စင်း ထိမိသည်မှ လွယ်ကောင်းလွယ်နိုင်သော်လည်း လူ့ဘဝကို  ရရှိ ရန်ကား  များစွာခက်ခဲသည်ဟု   ဆိုရိုးစကားရှိလေ သည်။
သို့ပါ၍ မနုဿတ္တဘာဝေါ ဒုလ္လဘောဟု ဆိုသည့် အတိုင်း လူ့ဘဝဟူသည် ရနိုင်ရန်ခက်ခဲသည့် ဒုလ္လဘ တရားငါးပါးတွင်  တစ်ပါးအပါအဝင်ဖြစ်သည်။

 


ဒုလ္လဘတရားငါးပါး


၁။    ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ
    (ဘုရားအဖြစ်ကို ရခဲခြင်း)
၂။    မနုဿတဘာဝ ဒုလ္လဘ
    (လူ့ဘဝ/လူအဖြစ်ကို ရခဲခြင်း)
၃။    သဒ္ဒါ သမ္ပတ္တိဒုလ္လဘ
    (ရတနာသုံးပါး၏  ဂုဏ်ကျေးဇူးနှင့်ကံ   ကံ၏ အကျိုးအား ယုံကြည်ခြင်းစိတ်ဓာတ်ကို ရခဲခြင်း)
၄။    ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ
    (ဘုရားသာသနာအတွင်း၌  ရှင်သာမဏေနှင့် ရဟန်းအဖြစ်ကို ရခဲ့ခြင်း)
၅။    သဒ္ဓမ္မသဝနအတိ ဒုလ္လဘ
    (သူတော်ကောင်းတို့၏ တရားစစ် တရားမှန်တို့ အား အလွန်ကြားနာရခဲခြင်း) ... တို့သည် ရခဲသည့် ဒုလ္လဘတရားများ ဖြစ်သည်။

 


စောင့်ထိန်း ကျင့်ကြံလိုက်နာရန်လို


ထိုသို့  ရခဲလှသည့်ဒုလ္လဘတရား  ငါးပါးတွင် ပါဝင်သည့်ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ (ဘုရားသာသနာ အတွင်း သာမဏေ၊ ရဟန်းအဖြစ်ကို ရခဲခြင်း) အဖြစ် သို့ ဝင်ရောက်မည်ဆိုပါက သာမဏေများစောင့်ထိန်း ကျင့်ကြံရမည့်   ပညတ်များ၊  ရဟန်းတော်များ စောင့်ထိန်းကျင့်ကြံရမည့်   ဝိနည်းသက္ခာတို့အား လိုက်နာရန် အထူးလိုအပ်ပေသည်။

 


လူ့ဘဝ  လူ့အဖြစ်တွင်   လွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်သော်လည်း သာမဏေဘဝ၊ ရဟန်းဘဝ အဖြစ်သို့   ဝင်ရောက်ပြီဆိုပါက   ဆိုင်ရာဆိုင်ရာ ဝိနည်းအတိုင်း လိုက်နာရပေမည်။ ရခဲလှသည့် လူ့ဘဝ ကို ရရှိခဲ့ပြီး  ထပ်မံ၍ ရခဲလှသည့်  သာမဏေဘဝ ရဟန်းဘဝအား  တစ်ခဏတာ  (ဒုလ္လဘ)ရယူမည် ဆိုပါက အကျိုးရှိအောင် ပြုမူနေထိုင်သင့်သည်။

 


သာမဏေဘဝ၊   ရဟန်းဘဝကို   ရရှိပြီးမှ သာမဏေဘဝ၊ ရဟန်းဘဝနှင့် မကိုက်ညီသည့် ပြုမူ ပြောဆိုနေထိုင်ခြင်းများအား ပြုမူပြောဆိုနေပါက သင်္ကန်းဝတ်ထားသော်လည်း  လူ့ဘဝ  လူ့အဖြစ် အတိုင်းပင် ရှိနေမည်ဖြစ်သည်။
ဒုလ္လဘရဟန်းဝတ်ခြင်းသည်  ကောင်းသော အလုပ်ဖြစ်သော်လည်း  အခန့်မသင့်လျှင် ပါရာဇိက ကျရသည့်အဖြစ်မျိုးသို့  ရောက်တတ်လေသည်။ ရဟန်းဘဝဟူသည်  ရဖို့ရန်ခက်သလို ထွက်ဖို့ရန် လည်း ခက်လေသည်။

 


ရဟန်းဘောင်သို့ ဝင်ရောက်ခြင်း


မြင့်မြတ်သည့် ရဟန်းအဖြစ်သို့ ဝင်ရောက်ပါက သိမ်ထဲဝင်ရောက်ကာ အနည်းဆုံး  ရဟန်းစစ်စစ် ငါးပါးပါရှိပြီး ဋ္ဌာန်ကရိုဏ်းမှန်စွာ ကမ္မဝါဖတ်ပြီးမှ ရဟန်းဘဝသို့ ရောက်ရှိသည်။
လူထွက်သည့်အခါ၌လည်း အဝတ်လဲရုံဖြင့် မပြီး သေး၊ သိက္ခာချပြီးမှ လူဝတ်လဲရသည်။ သိက္ခာချ သည့်အခါ သင်ပြပေးသည့်  ဆရာသည်  အလွန် အရေးကြီးသည်။ သိက္ခာမချတတ်လျှင် သိက္ခာမကျ၊ လူဝတ်လဲသော်လည်း ရဟန်းဘဝ၌တည်ရှိနေသေး သည် ဆိုသည်အား ဂရုပြုသင့်သည်။

 


သို့ဖြစ်၍ မဟာဂန္ဓာရုံဆရာတော်က အောက်ပါ အတိုင်း သတိပေးခဲ့လေသည်-


“ယခုခေတ်၌  ဇနီးရှိနေသော   ဒုလ္လဘရဟန်း တို့သည်  လူဝတ်လဲသောအခါ  ဆရာသမားတို့က ကျကျနန   သိက္ခာချ၍ မပေးလိုက်ကြဘဲ လူဝတ်လဲ ရုံမျှဖြင့် ကိစ္စပြီးသည်ဟု မှတ်ထင်ကာ သိက္ခာမချဘဲ သော်လည်းကောင်း၊ သိက္ခာချသော်လည်း အင်္ဂါ မညီ၍သော်လည်းကောင်း၊  လူဝတ်လဲ၍  အိမ်သို့ ပြန်သွားကြလေရာ ပါရာဇိကကျ၍ နေတတ်လေ သည်။ ပါရာဇိကကျလျှင်  နောက်ထပ်လည်း ဒုလ္လဘ ရဟန်းမပြုကောင်းတော့။ သာမဏေသာ ဝတ်ကောင်း တော့သည်။

 


ထို့ကြောင့် သိက္ခာချလိုသောအခါ သင်္ကန်းမလဲ သေးဘဲ တပည့်တော်ကို သာမဏေမှတ်ပါဟု ရဟန်း တစ်ပါးထံ ချရမည်။ဤသို့ ချလျှင်ပင် မိမိကိုယ်တိုင် လည်း   သာမဏေမှတ်၍   နားထောင်သူကလည်း သာမဏေဟု မှတ်လျှင်သိက္ခာကျပါပြီ။
ဒုလ္လဘဟုဆိုလျှင်   အချို့က   ခဏဝတ်သော ရဟန်း၊ သာမဏေများကိုသာ  ဆိုသည်ဟု  အထင် ရောက်တတ်ကြ၏။
အမှန်အားဖြင့်   ဒုလ္လဘဟူသည်   ရခဲခြင်း၊ ခက်ခက်ခဲခဲရရှိခြင်းဟု အဓိပ္ပာယ်ရ၏။ ခဲခဲယဉ်းယဉ်း ခက်ခက်ခဲခဲရရှိသည့်  ဘဝဖြစ်သဖြင့်   ရဟန်းဘဝ ရောက်ရှိလာကြသည့်သူများကို ဒုလ္လဘဟု ဆိုကြ ခြင်းဖြစ်၏။

 


ဒုလ္လဘ ဘဝ တွေ့မြင်နေကြရသည်များ


ယခုနောက်ပိုင်းတွင် ထိုသို့ခက်ခဲစွာရရှိလာသည့် ရဟန်းဘဝ   အနှစ်သာရပျောက်ကာ  အချို့သော ခဏဝတ်   ရဟန်းသာမဏေများသည်   သာသနာ့ ဘောင်တွင် သင်္ကန်းဝတ်၍ လုပ်ချင်သလို လုပ်နေ သည့်သဘော ဖြစ်နေသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိရ၏။ မနက်ပိုင်းသိမ်ဝင် ညနေပိုင်း လက်ဖက် ရည်ဆိုင်ထိုင်၊ ညစာစား၊ ဝိနည်းသိက္ခာကို ထင်သလို ကစားနေကြသလို ဖြစ်နေကြ၏။ အချို့သော ဒုလ္လဘ များသည် သာမဏေ/ရဟန်းဝတ်သည်မှာ ရက်ပိုင်း မျှသာဖြစ်သော်လည်း သာမဏေ/ရဟန်းအဖြစ်မှ  ပြန်လည်၍ ထွက်သွားသည့်အခါ အာပတ်များကား မရေမတွက်နိုင်အောင် ယူသွားသလို ဖြစ်နေကြ၏။

 


တစ်ခဏတာဆိုပြီး လျစ်လျူမရှုသင့်


အချို့သော   ဘုန်တော်ကြီးကျောင်းများသည် မိမိတို့၏ ကျောင်းတိုက်သို့ မဟာသင်္ကြန်ကာလတွင် ဒုလ္လဘအဖြစ်  လာရောက်၍   သာမဏေ/ရဟန်း ပြုကြသူများအား   ခဏတာပဲဟုဆိုကာ   ဝိနည်း သိက္ခာပုဒ်များနှင့်အညီ ပြုမူနေထိုင်ရန် ပြောဆိုဆုံးမ ခြင်း အားနည်းသည့်အတွက် တစ်ခဏဝတ် ဒုလ္လဘ ရဟန်း၊ သာမဏေအချို့သည် သာသနာတော်အပေါ် အလွယ်သဘောထားကြသည့်အတွက်   ဒုလ္လဘ၏ အနှစ်သာရ   ရှားသွားကြ၏။  အလိုလိုက်မှုများ၏ နောက်ကွယ်တွင် ထိုသို့ အလွယ်ဒုလ္လဘပြုသူများ ကပင်  ထိုကျောင်းနှင့်  ကျောင်းတိုက်ဆရာတော်၊ သံဃာတော်များအပေါ် အပြင်လောကတွင် အပြစ် များပင် ပြန်ဖော်လေ့ရှိတတ်ကြ၏။   နေချင်သလို နေခွင့်ပေးလိုက်ခြင်း၏    နောက်ဆက်တွဲအဖြစ် သာသနာတော်အပေါ်  တန်ဖိုးမထားတတ်သူများ၊ သာသနာတော်ကို  အထင်သေးသူများ ပိုမိုများပြား လာနိုင်ခြင်းပင် ဖြစ်၏။

 


အမှန်စစ်စစ် ဒုလ္လဘ အဖြစ်သိရှိရန်လို


သာသနာ့ဘောင်    ဝင်လာသည့်အခိုက်တွင် လွတ်လွတ်လပ်လပ်နေစေမည့်အစား   ကျင့်သင့် ကျင့်ထိုက်သည်များ၊ ပွားသင့်ပွားထိုက်သည်များကို စနစ်တကျ သင်ပေးသင့်လှ၏။ မလိုက်နာနိုင်၊ မကျင့် နိုင်ခြင်းသည် ထိုဒုလ္လဘ၏ သဒ္ဓါဝီရိယပေါ်မှာသာ မူတည်၏။   သာသနာတွင်    အလွယ်နေလို့မရ၊ သာသနာတွင်း  ရဟန်းဘဝသည်   ခက်ခဲလှသည့် သဘောသဘာဝကို   ခဏဝတ်ရဟန်းသာမဏေ များ   သိရှိသွားမှသာ   သာသနာတော်၏တန်ဖိုး၊   ရဟန်းဘဝ၏တန်ဖိုး၊      ကျောင်းတိုက်၏တန်ဖိုး၊ ဆရာတော်  သံဃာတော်များ၏    တန်ဖိုးလည်း ရှိနေမည် ဖြစ်၏။ အားနာလို့ လွတ်လပ်စွာ နေခွင့် ပေးလိုက်ခြင်းသည်   ခဏအခိုက်အတန့်   ကျေနပ် သွားဖွယ်ရှိသော်လည်း အိမ်ပြန်ရောက်သည့်အခါ အပြစ်များသာ ပြောဆိုကြဖွယ် ရှိနေပေ၏။ တန်ဖိုး သိမှ တန်ဖိုးရှိဟု ဆိုသကဲ့သို့ ဒုလ္လဘတန်ဖိုးကိုသိ၍ ထိုတန်ဖိုးကို  ရရှိအောင်    အသုံးချနိုင်မှသာလျှင် အမှန်စင်စစ် ဒုလ္လဘဖြစ်သည်ကို သိရှိစေရန် လိုအပ် လှပေ၏။

 


ဒုလ္လဘ ဘဝ အကျိုးရှိစွာ ဖြစ်စေလို


သို့ပါ၍ မဟာသင်္ကြန်ကာလတွင် ရခဲလှသည့် ဒုလ္လဘ ရဟန်း/သာမဏေများအနေဖြင့် များပြား လှသည့် စောင့်ထိန်းရမည့် ဝိနည်းသိက္ခာပုဒ်များအား အတတ်နိုင်ဆုံး စောင့်ထိန်းလိုက်နာ  ကျင့်သုံးကြ ခြင်းဖြင့်  တစ်ခဏတာ  ဒုလ္လဘ ရဟန်း/သာမဏေ ဘဝများအား အကျိုးရှိစွာပြုမူနေထိုင်ရင်း မိမိအား ရဟန်း/သာမဏေဘောင်သို့ သွတ်သွင်းပေးသူများ၊ ဥပဇ္စျာယ်ဆရာတော်များ၊ ရဟန်း/သာမဏေအဖြစ် သီတင်းသုံးရာကျောင်းတိုက်နှင့် မိမိတို့၏ ဘာသာ သာသနာတော်အား   အများပြစ်တင်ကဲ့ရဲ့ခြင်းမှ ကင်းစေရန်နှင့် တစ်ခဏ ဒုလ္လဘဘဝအား အကျိုးရှိစွာ လိုက်နာကျင့်ကြံ    စောင့်ထိန်းကြစေလိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။    ။