တွဲလက်ခိုင်မာ ပြည်သာယာ

Type
၅

 

 

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုဂုဏ်ပြုဆောင်းပါး

 

မြင့်မောင်စိုး
 

ယနေ့ကမ္ဘာပေါ်ရှိ  နိုင်ငံအသီးသီးတို့တွင် လူမျိုးတစ်မျိုး သို့မဟုတ် ထိုထက်ပို၍ လူမျိုးများစုပေါင်းနေထိုင်ကြလေ့ရှိပါသည်။ လူမျိုးများစုစည်းဖြစ်ပေါ်လာပုံလေ့လာကြည့်လျှင် တူရာလူမျိုးမိသားစု(Family)များ စုပေါင်းလိုက်သောအခါ ဆွေမျိုး (Clan)များဖြစ်လာသည်။ တူရာဆွေမျိုးစုများ စုပေါင်းနေထိုင်ရာတွင် လူမျိုးနွယ်စု (Tribe) ဟူ၍ဖြစ်ထွန်းလာသည်။ လူမျိုးနွယ်စုများ  ကျယ်ပြန့်စွာစုပေါင်းနေထိုင်ကြသောအခါ ဓလေ့၊ ယဉ်ကျေးမှု၊ ဘာသာစကား တူညီမှုအပေါ်အခြေခံပြီး လူမျိုးစု (Nationalty)များဖြစ်လာသည်။ ယင်းသို့သော လူမျိုးစုများ၊ လူမျိုးနွယ်စုများ၊ လူမျိုးမိသားစုများ စိတ်တူကိုယ်တူ အေးအတူ ပူအမျှ စုပေါင်းနေထိုင်လာသောအခါ လူမျိုး (Nation)ဟူ၍ ဖြစ်လာသည်။

 


လူမျိုးနှင့်ပတ်သက်၍ အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၂၀  ရက်က     ရွှေတိဂုံစေတီအလယ်ပစ္စယံတွင်  ကျင်းပသည့်      ဖဆပလညီလာခံကြီး၌     ဤသို့ မှတ်ချက်ပြုပြောကြားခဲ့လေသည်။

 


“လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခအတူခံစားကြရ၍ နီးနီးစပ်စပ်   အကျိုးချင်းထပ်ပြီးလျှင်   နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထား ရှိသူတို့ကို  တစ်ခုတည်းပေါင်း၍  ခေါ်ဝေါ်ခြင်းသာ ဖြစ်သည်။    အမျိုးအနွယ်၊  ကိုးကွယ်သည့် ဘာသာ တရား၊  ပြောဆိုသည့်ဘာသာစကားတို့ကို  အရေး ထားရမည်ဖြစ်သော်လည်း  စင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူဆိုးဖက်  ပူးပေါင်းလျက်နေလိုသော အစဉ်အလာဆန္ဒပေါ်တွင်  ဝံသာနုရက္ခိတတရား သည် တည်နေပေ၏”။

 


အေးအတူ ပူအမျှ စုပေါင်းနေထိုင်


မြန်မာ့မြေ၊  မြန်မာ့ရေပေါ်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဟူသော အဓိက လူမျိုးစု  ရှစ်မျိုးအပါအဝင်  တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးတို့သည် ရှေးပဝေသဏီကပင် အေးအတူ ပူအမျှ စုပေါင်းနေထိုင်လာခဲ့ကြသည်။ ဤသို့မျိုးနွယ် စုအလိုက်       စုပေါင်းနေထိုင်ကြခြင်းကပင် ပြည်ထောင်စု သို့မဟုတ် ပြည်ထောင်စုနိုင်ငံအဖြစ်သို့    ရောက်ရှိပေါ်ပေါက်လာခဲ့ရခြင်းပင် ဖြစ်ပါသည်။

 


“ကျွန်မ အမေက  ပအိုဝ်း၊  အဖေက ကရင်၊ ယူ ထားတဲ့အမျိုးသားက  ပုဂံသား၊  မွေးလာတဲ့ကလေး က ကရင်၊ ဗမာ၊ ရှမ်း ဆိုတော့ ပြည်ထောင်စုမိသားစု ပေါ့”။  တစ်ခါက  တိုင်းရင်းသူတစ်ဦးက သူ့မျိုးရိုး ဇာတိနှင့်ပတ်သက်၍      ပြောပြခဲ့မှုကို     ယနေ့တိုင် ပြန်လည်မြင်ယောင်မိနေသည်။  လူမျိုးနှင့်ပတ်သက် ၍ လေးလေးနက်နက်စဉ်းစားကြည့်မိသည်။   ဤ အချက်ကိုထောက်ရှုခြင်းအားဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဟူ၍ လူမျိုးစု အရရှိကြသော်လည်း  နိုင်ငံနှင့်အဝန်း  ပျံ့နှံ့လျက်၊နေထိုင်လျက်ရှိကြသည်။ ဥပမာအားဖြင့် ရခိုင်ပြည် နယ်မှ    ရခိုင်လူမျိုးများသည်    ရန်ကုန်မြို့တွင် မြောက်မြားစွာ    ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။ မွန်လူမျိုး၊   ကရင်လူမျိုးတို့လည်း  ရန်ကုန်မြို့ကြီး တွင်   မြောက်မြားစွာတွေ့ရပေ၏။ တိုင်းရင်းသား အားလုံး အေးအတူပူအမျှ စုပေါင်းနေထိုင်ကြခြင်းပင်ဖြစ်သည်။

 


တစ်စိတ်တစ်ဝမ်းတည်းသော 
မြန်မာစိတ်ဓာတ်


အမှန်အားဖြင့်   ကျွန်တော်တို့တိုင်းရင်းသား အားလုံးသည် လူမျိုးအလိုက်ကွဲပြားမှုရှိသော်လည်း  နိုင်ငံနှင့် အဝန်းပျံ့နှံ့နေထိုင်ကြခြင်းကြောင့် စိတ် ဓာတ်မှာ   တစ်စိတ်တစ်ဝမ်းတည်းသော မြန်မာ စိတ်ဓာတ်ပင်ဖြစ်ပါသည်။  ထို့ကြောင့်  ကျွန်တော် တို့ တိုင်းရင်းသားအားလုံးသည်  မြန်မာပင်ဖြစ်သည်။ ငါတို့အားလုံးသည်     မြန်မာဟူသောစိတ်ဓာတ်၊ မြန်မာဟူသော    ဇာတိသွေးဇာတိမာန်တို့နှင့်အတူ ရှေးအစဉ်အဆက်ကတည်းက   အမျိုးသားရေး  ထက်သန်သော  လူမျိုးပင်ဖြစ်သည်။ မြန်မာ့သွေး မြန်မာ့စိတ်ဓာတ်သည်  စည်းလုံးညီညွတ်မှု၊ ရိုင်းပင်း ကူညီမှု၊   ရဲရင့်သတ္တိပြည့်ဝမှုတို့နှင့်အတူ  အစဉ် ထာဝရရှင်သန် နိုးကြားလျက်ရှိပါသည်။

 


မြန်မာဟူသော အဓိပ္ပာယ်


မြန်မာဆိုသောအဓိပ္ပာယ်က   ပြည့်စုံလွန်းလှ သည်။   စစ်ချီတက်သည့်အခါ၊   အရေးကြုံသည့်အခါ ဉာဏ်ပညာနှင့်ကြံစည်တတ်ပြီး  သတ္တိနှင့်ပြည့်စုံခြင်း ဆိုသည့်  “မြန် ” ဟူသောအဓိပ္ပာယ်ကို“မာ” ဆိုသည့် ထက်သန်သော ဆန္ဒ၊ မလျှော့သောဝီရိယ၊ ဇာတိသွေး ဇာတိမာန်  ခက်ထန်မာကြောသော  အဓိပ္ပာယ်များ ဖြင့်   ပေါင်းစပ်လိုက်သည့်အခါ  ဂုဏ်ထူးဝိသေသ ထူးခြားသည့်  “မြန်မာ”  ဟူသော  အဓိပ္ပာယ်သည် ပေါ်လွင်ထင်ရှားလာသည်။  မြန်မာဟူသည်  တိုင်း ရင်းသားလူမျိုးအားလုံးကို ကိုယ်စားပြုပြီး ရှေးပဝေ သဏီကတည်းကပင်    ဂုဏ်ရောင်ထွန်းပြောင် ဘုန်းမီးနေလ တောက်ပခဲ့သော အမျိုးကို ကိုယ်စား ပြုခြင်းဖြစ်သည်။

 


ထို့ကြောင့်ပင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်း သားညီအစ်ကိုအပေါင်းတို့သည်   အရေးကြုံလျှင် သွေးဆုံသည်၊  အရေးကြီးလျှင်သွေးနီးသည်ဟူသောစကားအတိုင်း   သူ့ကျွန်ဘဝမှ    လွတ်မြောက်ရေး ကြိုးပမ်းရာတွင် ဝိုင်းဝန်းတိုက်ပွဲဝင်ခဲ့ကြသည်။ ညီညွတ်သောစိတ်ဓာတ်၊ ပေါင်းစည်းသော အင်အား ဖြင့် လွတ်လပ်ရေးကို အရယူခဲ့ကြသည်။ မည်သို့ပင် နယ်ချဲ့တို့ကသွေးခွဲစေကာမူ သွေးမကွဲဘဲ ပြည်မနှင့် တောင်တန်း၊ တောင်တန်းနှင့်ပြည်မတစ်သွေးတည်း တစ်သားတည်းဖြစ်ကြောင်း ပင်လုံမြေကို သက်သေ ပြု၍ သစ္စာပြုခဲ့ကြသည်။

 


အမြဲစည်းလုံးမည်


မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး တို့သည်  မရှိအတူ၊  ရှိအတူ၊  အေးအတူပူအမျှ ဥမကွဲသိုက်မပျက် လက်တွဲနေထိုင်လာခဲ့ကြသည်။ တိုင်းတစ်ပါးကျူးကျော်မှုနှင့်  လွတ်လပ်ရေးတိုက်ပွဲ များတွင်  သွေးချင်းသားချင်း  တိုင်းရင်းသားတို့လက်တွဲ၊ အင်္ဂလိပ်နယ်ချဲ့သွေးခွဲမှုအကြားမှာပင်   တိုင်းရင်း သားစုံ  မကွဲမပြား တစ်စည်းတစ်လုံးတစ်စုတစ်ပေါင်း  လွတ်လပ်ရေးအရယူရန်     ပင်လုံစာချုပ်ကြီးကို   တိုင်းရင်းသားညီအစ်ကိုအပေါင်းက      စုပေါင်း လက်မှတ်ရေးထိုးခဲ့ကြသည်။     ထိုနေ့သည်ကား ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂  ရက်နေ့ပင်ဖြစ်သည်။ မြန်မာတစ်မျိုးသားလုံး၏    စည်းလုံးညီညွတ်မှု စွမ်းပကားကို  ကမ္ဘာကို  အတိအလင်း  ထုတ်ဖော် ပြသလိုက်ခြင်းပင်ဖြစ်သည်။ ရေကိုသား၍ အကြား မထင်  ဆိုသောစကားအတိုင်း မည်သို့ပင်  သွေးခွဲ သပ်လျှိုစေကာမူ  အဆုံး၌   ညီညွတ်ခြင်းအားကို ပြသနိုင်ခဲ့သည်။  စည်းလုံးခြင်းကို ဖော်ထုတ်ခဲ့သည်။   ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်ဟူသောသန္နိဋ္ဌာန် ကို ပြတ်ပြတ်သားသား ပြဋ္ဌာန်းထားကြသည်။

 


ဤပင်လုံစာချုပ်   လက်မှတ်ရေးထိုးသော ဖေဖော်ဝါရီလ  ၁၂  ရက်နေ့ကို  ပြည်ထောင်စုနေ့ အဖြစ်သတ်မှတ်ကာ နှစ်စဉ် တိုင်းရင်းသားညီအစ်ကို များတွေ့ဆုံလျက် ပြည်ထောင်စုအရေးအရာများကို ဆွေးနွေးပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အားဖြည့်ခဲ့ကြသည်။ ယခု၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဆိုလျှင်       ပင်လုံမြေမှအစပြုခဲ့သည့် ပြည်ထောင်စုနေ့သည် နှစ်ပေါင်း ၇၅ နှစ်တင်းတင်း ပြည့်လေပြီ။ တစ်နည်းအားဖြင့် စိန်ရတုပြည်ထောင် စုနေ့ပင်ဖြစ်သည်။      တိုင်းရင်းသားအားလုံး၏ စုစည်းညီညွတ်မှုကို    ဖော်ထုတ်ပြသသည့်  ဤ ပြည်ထောင်စုနေ့   နေ့ထူးနေ့မြတ်ကြီးသည်ကား  ငွေရတုမှသည် ရွှေရတု၊  ရွှေရတုမှသည်  စိန်ရတု အထိတိုင်မက နှစ်ထောင်သောင်းချီ၍ အဓွန့်ရှည် တည်တံ့နေဦးမည်မှာ အသေအချာပင်ဖြစ်ပါသည်။

 


အနှစ်သာရနှင့်  အဓိပ္ပာယ်ပြည့်စုံစွာ


ထို့ကြောင့်လည်း  နိုင်ငံတော်အစိုးရအနေဖြင့် ယခုနှစ်  စိန်ရတုပြည်ထောင်စုနေ့ကို  တမူထူးခြားစွာ ဖြင့်  အနှစ်သာရနှင့်  အဓိပ္ပာယ်ပြည့်စုံစွာကျင်းပ နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြသည်။ ၂၀၂၂ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များကို ဤသို့ချမှတ် ထားပါသည်-


(၁)    ပြည်ထောင်စုမပြိုကွဲရေး၊    တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို  တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်း  ကာကွယ်စောင့်ရှောက် ရေး။


(၂)    စစ်မှန်သော   မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်     ထာဝစဉ်ရှင်သန် ထက်မြက်ရေး။


(၃)    တိုင်းရင်းသား   ညီအစ်ကို  မောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့်  ညီညွတ်သော စုစည်း အင်အားဖြင့်  နိုင်ငံတော်ကြီးထာဝရတည်တံ့ခိုင်မြဲအောင်    ဆက်လက်ကြိုးပမ်းတည် ဆောက်ရေး။


(၄)    စစ်မှန်၍     စည်းကမ်းပြည့်ဝသော    ပါတီစုံ ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး    ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်  ပြည်ထောင်စု တည်ဆောက်ရေး။


(၅)    ပြည်နယ်နှင့်       တိုင်းဒေသကြီးအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက် ပေးရေးနှင့် တိုင်းရင်းသားများ၏  ကျန်းမာရေး၊ ပညာရေး၊    အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်အောင် ဆောင်ရွက်ပေးရေး။

 


 ပြည်ထောင်စုစိတ်ဓာတ်


အထက်ပါစိန်ရတုပြည်ထောင်စုနေ့ အမျိုးသား ရေးဦးတည်ချက်များကို လေ့လာဆန်းစစ်ကြည့်မည် ဆိုလျှင်      ပြည်ထောင်စုတိုင်းရင်းသားအားလုံး အပေါ်တွင် နိုင်ငံတော်အစိုးရကထားရှိသည့် စိတ် ကောင်းစေတနာမှာ ပေါ်လွင်ထင်ရှားလှပေသည်။ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာအောင်လည်း ဘက် ပေါင်းစုံမှ ငွေအား၊ လူအားတတ်စွမ်းသရွေ့ ကြိုးပမ်း ဆောင်ရွက်နေသည်မှာလည်း   ပကတိအရှိတရား ပင်ဖြစ်ပါသည်။ အထူးသဖြင့် တိုင်းရင်းသားများ၏ နယ်စပ်ဒေသများ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်လမ်းပန်းဆက်သွယ်ရေးတို့ကို    တစ်နှစ်ထက် တစ်နှစ်  တိုးတက်ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ဤသို့   နယ်စပ်ဒေသများကို  အထူးအလေးထား ဖြည့်ဆည်းပေးနေရခြင်း၏ အကြောင်းဆက် အကျိုး ဆက်မှာလည်း  စစ်မှန်သော  မျိုးချစ်စိတ်ဓာတ်ဖြစ် သည့်    ပြည်ထောင်စုစိတ်ဓာတ်သည်   အရင်းခံဖြစ် ပါသည်။   စည်းလုံးညီညွတ်ရေး အားကောင်းလာ သည်နှင့်အမျှ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။   တစ်နည်းအားဖြင့်  ပြည်ထောင်စုကြီး အဓွန့်ရှည်ရေး  တွဲဆက်ထားသောလက်များ ခိုင်မာ သည်ထက်ခိုင်မာအောင်     ဆုပ်ကိုင်ထားကြခြင်း ဖြင့်     စည်ပင်မှု၊     ဖွံ့ဖြိုးတိုးတက်မှုတို့သည်လည်း တစ်နှစ်ထက်တစ်နှစ်     အားကောင်းလာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။         ။