တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအား ပြန်လည်ဖိတ်ခေါ်ခြင်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် ၉ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့်    လူမှုရေးဦးတည်ချက်တစ်ရပ်ကို လည်း ထည့်သွင်းချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက် သစ်လူငယ်များ၏  ပညာရည်မြင့်မားရေးအတွက်  ပညာသင် အခွင့် အလမ်း  ပုံမှန်ပြန်လည်ရရှိစေရေးကို  အထူးအလေးထား  ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

 


မျိုးဆက်သစ်လူငယ်များ၏ ပညာရေးကို ရှေးရှု၍ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများကို ၁-၁၁-၂၀၂၁ ရက်နေ့တွင်လည်းကောင်း၊ အဆင့်မြင့်ပညာတက္ကသိုလ်/ ကောလိပ်များကို ၁၂-၅-၂၀၂၂ ရက်နေ့ တွင်လည်းကောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်  ပညာသင်နှစ်အတွက် အခြေခံပညာသင်ကျောင်း များကို  ၂-၆-၂၀၂၂  ရက်နေ့တွင်   ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ် ပါသည်။ 

 


အနာဂတ်၏  ခေါင်းဆောင်များ   ဖြစ်လာကြမည့်   မျိုးဆက်သစ် လူငယ်များ၏        ပညာရည်မြင့်မားရေးကို       ဆောင်ရွက်ရာတွင် အခြေခံပညာရေးသည်   များစွာအဓိကကျပါသည်။  အခြေခံပညာ သင်ကြားကြမည့် ကျောင်းသားလူငယ်များ ပညာရည်နို့ကို အပြည့်အဝ သောက်စို့နိုင်ရန်နှင့်  အရည်အသွေးပြည့်ဝပြီး ဆရာ၊ တပည့် အချိုး မျှတသည့် သင်ကြားမှုစနစ်ဖြစ်စေရန်အတွက် အတွေ့အကြုံရှိ ဆရာ/ဆရာမများ လိုအပ်ပါသည်။  ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့် လည်းကောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင်  ပါဝင်ခဲ့မိသောကြောင့် လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့်  တာဝန်မှ ကင်းကွာခဲ့ကြ သော  ပညာရေးဝန်ထမ်း   ဆရာ/ ဆရာမများ၊  ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့်     ဆရာ/  ဆရာမများအနေဖြင့်     နိုင်ငံသား မျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ ဟူသော နာသုံးနာကို    ရှေးရှု၍    သင်ကြားရေးတာဝန်များကို   ပြန်လည် ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏ သဘောဆန္ဒအလျောက် မိမိတို့ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့နယ် ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာ မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ သတ်မှတ်ပုံစံများ  ဖြည့်စွက်ရန်နှင့် အယူခံလွှာတင်သွင်းရန်တို့အတွက် ၃၁ - ၅ - ၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် ဖြစ်ပါသည်။

 


တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအနက် တာဝန်ထမ်းဆောင်ရန် အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက် နေသောဝန်ထမ်းများ၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးဆဲ ဝန်ထမ်းများ နှင့်    အယူခံတင်သွင်းသည့်  ဝန်ထမ်းများအား   တာဝန်ပျက်ကွက် ခဲ့သည့်ကာလများကို လစာမဲ့ခွင့်အဖြစ် သတ်မှတ်၍ ကြီးလေးသော ရာဇဝတ်မှုကျူးလွန်ထားသူများမှအပ တာဝန်ပြန်လည်ထမ်းဆောင် နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ် ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့