
ကဘူးလ် သြဂုတ် ၁၁
တာလီဘန်သောင်းကျန်းသူများက အစိုးရတပ်ဖွဲ့ဝင်များကို ဆက်လက်ထိုးစစ်ဆင်နွှဲလျက်ရှိချိန်တွင် အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ်မြို့တော်များကို ပိုမိုထိန်းချုပ်လာနိုင်ပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။
တာလီဘန်များက တရုတ်နိုင်ငံနှင့်ထိစပ်လျက် ရှိသော မြောက်ပိုင်း ဘာဒက်ခ်ရှန်ပြည်နယ် မြို့တော် သည် ၎င်းတို့လက်အောက် ကျရောက်သွားပြီ ဖြစ်ကြောင်း သြဂုတ် ၁၁ ရက်က ကြေညာလိုက် သည်။
ထို့ပြင် သြဂုတ် ၁၀ ရက်က ဘာဂလန်ပြည်နယ် မြို့တော်ကို သိမ်းယူခဲ့ကြောင်း တာလီဘန်များက ပြောသည်။ အဆိုပါပြည်နယ်မြို့တော်ရှိ အဓိက လမ်းမကြီးသည် မြို့တော်ကဘူးလ်နှင့် မြောက်ပိုင်း မြို့တော် မာဇာရီရှာရစ်ဖ်နှင့် ဆက်သွယ်ထားသည်။
ယခုအချိန်အထိ တာလီဘန်များသည် ပြည်နယ် ကိုးခုကို သိမ်းယူထားကြောင်း သိရသည်။
သြဂုတ်လမကုန်မီ အမေရိကန်တပ်ဖွဲ့များ နိုင်ငံတွင်းမှ အပြီးပိုင် ပြန်လည်ဆုတ်ခွာခြင်းမပြုခင် နိုင်ငံတွင်းရှိ လုံခြုံရေးအခြေအနေမှာ ဆက်လက် ပျက်စီးလာမည့်သဘောရှိသည်။
သြဂုတ် ၁၁ ရက်က အာဖဂန်ငြိမ်းချမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာတွေ့ဆုံမှုကို ကာတာမြို့တော် ဒိုဟာ၌ ပြုလုပ်ခဲ့သည်။
အမေရိကန်၊ တရုတ်၊ ပါကစ္စတန်နှင့် အာဖဂန် နစ္စတန်နှင့်ထိစပ်လျက်ရှိသော တခြားနိုင်ငံများမှ ကိုယ်စားလှယ်များ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် လမ်းပြ မြေပုံကို ဆွေးနွေးခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ ကို ရံဖန်ရံခါ ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။
စစ်ပွဲများရပ်ဆိုင်းပြီး နိုင်ငံရေးအဖြေရှာရန်နှင့် နှစ်ဖက်စလုံးကို ညှိနှိုင်းရေးဆွေးနွေးပွဲစားပွဲပေါ်သို့ အရောက်ပို့ဆောင်နိုင်မည်ဟု ဆွေးနွေးဖက်နိုင်ငံ များက ယုံကြည်ထားသည်။
အင်န်အိတ်ချ်ကေ