
ကဘူးလ် စက်တင်ဘာ ၈
တာလီဘန်များက အမျိုးသမီးသို့မဟုတ် တခြားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ မပါဝင်သော အိမ်စောင့်အစိုးရအဖွဲ့ကို စက်တင်ဘာ ၇ ရက်က ကြေညာလိုက်ခြင်းက အနာဂတ်ဖွဲ့စည်းပုံအပေါ် စိုးရိမ်စိတ်များ ဖြစ်ပေါ်စေသည်။
အစိုးရသစ်ကို ယာယီဝန်ကြီးချုပ်အဖြစ် အမည် စာရင်းထွက်နေသော မူလာဟက်ဆန်အာခွန့်က ဦးဆောင်မည်ဖြစ်သည်။ ၎င်းသည် တာလီဘန် ထိပ်တန်းခေါင်းဆောင် မော်လဝီ ဟိုင်ဘာတူလာ အခွန်ဇာဒါနှင့် နီးစပ်သူဖြစ်သည်။
အမေရိကန်ပြည်ထောင်စုနှင့် ဦးဆောင်ဆွေးနွေး ခဲ့သူ မူလာအဗ္ဗဒူဂါနီဘာရာဒါကို ယာယီပထမအဆင့် ဒုတိယဝန်ကြီးချုပ်အဖြစ် ရွေးချယ်ထားသည်။
၎င်းတို့နှစ်ဦးစလုံးမှာ အမေရိကန်ပြည်ထောင်စု ၏ ၉/၁၁ တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သော အယ်လ် ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို ခိုလှုံခွင့် ပေးထားသော ယခင်တာလီဘန်အစိုးရ၏ အဆင့်မြင့် အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသည်။
ယခင်တာလီဘန်အစိုးရကို အမေရိကန်ဦးဆောင် သည့် စစ်ရေးလှုပ်ရှားမှုဖြင့် ဖြုတ်ချခဲ့သည်။
ဆီရာဂျုဒင်ဟက်ကာနီကို ယာယီပြည်ထဲရေး ဝန်ကြီးအဖြစ် ရွေးချယ်ထားသည်။ ၎င်းသည် ဟက်ကာနီကွန်ရက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ အဆိုပါကွန်ရက်ကို အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။ ထို့အပြင် ၎င်းသည် အက်ဖ်ဘီအိုင်၏ အလိုရှိဆုံး စာရင်းတွင် ပါဝင်သည်။
၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ တာလီဘန်များ၏ ယခင်စည်းမျဉ်းအရ အမျိုးသမီးများ အခွင့်အရေးကို ဖိနှိပ်ထားသော ဝန်ကြီးဌာနတစ်ခုကိုလည်း ယခင် အတိုင်း ပြန်လည်ဖွဲ့စည်းကြောင်း တာလီဘန်များ က ကြေညာခဲ့သည်။ လွန်ခဲ့သော နှစ် ၂၀ က ဖြုတ်ချ ခဲ့သော အကျင့်ကောင်းများ ပြန့်ပွားရေးနှင့် မကောင်း မှုများ ကာကွယ်ရေးဆိုင်ရာ ဝန်ကြီးဌာနကိုလည်း ထားရှိမည်ဖြစ်သည်။
၎င်းဝန်ကြီးဌာနက အမျိုးသမီးများကို ဖိနှိပ်ထား ပြီး ပြည်သူများ၏ဘဝများကိုလည်း တင်းကျပ်သည့် ကန့်သတ်ချက်များ ချမှတ်ထားကာ ရုပ်ရှင်နှင့် ဂီတကိုလည်း တားမြစ်ထားသည်။ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက်ပါက လူသိ ရှင်ကြား ပြင်းထန်သော ပြစ်ဒဏ်ချမှတ်မည်ဖြစ် ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများ က အဆိုပါဝန်ကြီးဌာနကို ယခင်တာလီဘန်အစိုးရ ၏ ကြမ်းတမ်းခက်ထန်သော သင်္ကေတအဖြစ် ပြင်းထန်စွာ ရှုတ်ချထားသည်။
အင်န်အိတ်ချ်ကေ