တာချီလိတ်မြို့၌ မိုးများသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွား

 

တာချီလိတ်  ဩဂုတ်    ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ဩဂုတ် ၂၆ ရက် ညပိုင်းမှစ၍ မိုးများသည်းထန်စွာ ရွာသွန်းမှု နှင့် တောင်ကျရေများစီးဆင်းမှုကြောင့်  ယနေ့ နံနက် အစောပိုင်းမှစတင်ကာ     ဗိုလ်ချုပ်လမ်းမကြီးနှင့် မြေနိမ့်ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
တာချီလိတ်မြို့၌ ဩဂုတ် ၂၂ ရက်မှစ၍ တတိယ အကြိမ်   ရေကြီးရေလျှံမှုများ  ဖြစ်ပွားခဲ့ပြီး ဩဂုတ် ၂၄ ရက်၌  ရေများပြန်လည်ကျဆင်းကာ ဩဂုတ် ၂၆ ရက် ညပိုင်းမှစ၍    မိုးများသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ဗိုလ်ချုပ်လမ်းမကြီးနှင့် မြေနိမ့်ရပ်ကွက်များ၌   ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။   တာချီလိတ်မြို့၏   စိုးရိမ်ရေမှတ် သည် ၃၉၀ စင်တီမီတာဖြစ်ပြီး ပုန်းထွန်တိုင်းတာရေး စခန်းမှ ယနေ့ နံနက် ၉ နာရီခွဲ တိုင်းတာချက်များအရ မိုးရေချိန် ၁ ဒသမ ၂၈ လက်မနှင့်  မယ်ဆိုင်ချောင်း ရေမှတ် ၃၄၆ စင်တီမီတာသို့ ရောက်ရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ  ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့် ပြည်သူများအား     အရေးပေါ်ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးခြင်းနှင့် ထမင်းထုပ်၊ သောက်ရေသန့် ဘူးများဖြန့်ဝေရန်  တာချီလိတ်ခရိုင်နှင့်  မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့၏ ကြီးကြပ် မှုဖြင့်     ဌာနဆိုင်ရာတာဝန်ရှိသူများ၊   နယ်မြေခံ တပ်မတော်သားများ၊  လူမှုကူညီရေးအသင်းအဖွဲ့ များ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များကို   နယ်မြေအလိုက်   တာဝန်အသီးသီး   ခွဲဝေသတ်မှတ် ကာ   ကူညီကယ်ဆယ်ရေးလုပ်ငန်းများ  ဆောင်ရွက် လျက်ရှိသည်။       

ကျော်ဇေယျာလင်း (ပြန်/ဆက်)