TikTok တွင် အသက် ၁၃ နှစ်အောက်ကလေးများ အသုံးမပြုနိုင်ရန် စိစစ်ဖော်ထုတ်၍ ဆိုင်းငံ့မည်

 

ရန်ကုန်   ဧပြီ   ၁၀


ဗီဒီယိုအတိုအထွာများ ဖန်တီးမျှဝေနိုင်သော ဆိုရှယ် နက်ဝပ်တစ်ခုဖြစ်ပြီး  မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ တစ်ဝန်းရှိ လူဦးရေ သန်းရာနှင့်ချီ၍ အသုံးပြုလျက်ရှိ သော TikTok တွင် အသက် ၁၃ နှစ်အောက်အရွယ်များ အသုံးပြုနေသည်များကို စိစစ်ဖော်ထုတ်၍ ထို account များကို ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း  TikTok  က သတင်းထုတ်ပြန်ထားသည်။

 


TikTok  အသုံးပြုသူများ  ဘေးကင်းလုံခြုံရေး ဆိုင်ရာ သတ်မှတ်ချက်များတွင် အသက်ပြည့်သူများ သာ TikTok အကောင့်ရှိစေရန် ဗျူဟာများနှင့် နည်း ပညာများကို   ဒီဇိုင်းရေးဆွဲခြင်းတို့လည်း   ပါဝင်ရာ TikTok သည် အသက် ၁၃ နှစ်နှင့်အထက်ရှိသူများသာ အသုံးပြုနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်စေရန်နှင့် မှားယွင်းအကောင့်ဖွင့်ထားသူများကို ခွဲခြားသတ်မှတ် ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ 

 


TikTok သည် App Store တွင် အသက် ၁၂ နှစ် နှင့်အထက် အဆင့်သတ်မှတ်ချက်ရှိသလို  အကောင့် အသစ် ဖွင့်လိုသူများသည်  မွေးသက္ကရာဇ်ကိုဖြည့်မှသာ အကောင့်သစ်ဖွင့်နိုင်မည်ဖြစ်ပြီး  အနိမ့်ဆုံးအသက် အရွယ်  သတ်မှတ်ချက်နှင့်မကိုက်ညီဘဲ  တစ်ကြိမ် အကောင့်ဖွင့်ခဲ့ပါက ထိုသူအား ကွဲပြားခြားနားသော မွေးသက္ကရာဇ်ကိုသုံး၍  အကောင့်တစ်ခု  ပြန်လည် ဖန်တီးခြင်းကို    တားမြစ်ထားမည်ဖြစ်ကြောင်း၊ ထို့ပြင်  မသင်္ကာဖွယ်ရှိသည့် အသက်မပြည့်သေး သော အကောင့်ပိုင်ရှင်များကို ဖော်ထုတ်ဖယ်ရှားရန် အတွက်  အသက် ၁၃ နှစ်အောက် ကလေးတစ်ဦးက အကောင့်တစ်ခုကို အသုံးပြုနေနိုင်သည့် လက္ခဏာ များကို TikTok ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ စိစစ်ရေးအဖွဲ့များအနေဖြင့် သတိပြုနိုင်ရန် လေ့ကျင့် ပေးထားကြောင်း၊     အသက်မပြည့်သေးသည့် အကောင့်များကို   စိစစ်ဖော်ထုတ်နိုင်ရန်  အခြား အချက်အလက်များဖြစ်သည့် Keywords စကားလုံး များနှင့် App အတွင်း အစီရင်ခံစာများကိုလည်း အသုံးပြုကြောင်း၊  အကောင့်တစ်ခုကို အသက်မပြည့် သေးသူက အသုံးပြုနေသည်ဟု  လုံခြုံရေးအဖွဲ့က တွေ့ရှိပါက ထိုအကောင့်ကို ဆိုင်းငံ့သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 


TikTok   တွင်  ဆယ်ကျော်သက်အရွယ်များ ဖြစ်သည့် ၁၃ မှ ၁၇ နှစ်အရွယ် အသုံးပြုသူများအတွက် ဘေးကင်းပြီး အသက်အရွယ်အလိုက် သင့်လျော် သောအတွေ့အကြုံကို   ရရှိနိုင်ရန်  ထိရောက်သော နည်းပညာများနှင့် မူဝါဒများကိုလည်း ပြုလုပ်ထား ကြောင်း၊  ဆယ်ကျော်သက်လူငယ်များ TikTok ကို စတင်အသုံးပြုပါက တိုက်ရိုက်စာတိုပေးပို့ခြင်းကဲ့သို့သော ဝန်ဆောင်မှုအချို့ကို သုံးခွင့်ကန့်သတ်ထား ကြောင်း၊  အသက် ၁၃ မှ ၁၅ နှစ်အရွယ် အသုံးပြုသူ များ၏ အကောင့်များကို Private အကောင့်အဖြစ် အလိုအလျောက်   သတ်မှတ်ကြောင်း၊    ထို့ပြင် မိဘများ ဒစ်ဂျစ်တယ်လုံခြုံရေးနှင့်ပတ်သက်၍ ပိုမို သိရှိနားလည်စေရန်  ထောက်ပံ့ပေးနိုင်မည့်  Family Pairing   ဝန်ဆောင်မှုကိုလည်း  မိတ်ဆက်ထားပြီး ဖြစ်ကြောင်း      မြန်မာဘာသာဖြင့်ထုတ်ပြန်သည့် TikTok ၏ သတင်းခန်းဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။ 


ကိုစိုး