
သိန်းညွန့်(P.Z.L)
သစ်တောသစ်ပင်များ ခြုံလွှမ်းလျက်ရှိ သော တောတောင်ဝန်းကျင် သည်ကား လူသားတို့အတွက် မြင်မြင်ရာသည် ရှင်းသန့်သောသဘာဝ အလှတရားကို ခံစားထိတွေ့မှုပေးစွမ်း နိုင်ပေသည်။
သဘာဝသံစဉ်တေးသွားများ
ယင်းကဲ့သို့ သဘာဝရှုခင်း၊ မြင်ကွင်း ပသာဒများအကြား တောတောင်တစ်လွှား ပျံသန်းမြူးတူးနေကြသော ကျေးငှက် သာရကာအဖြာဖြာတို့၏ နေထိုင် ကျက်စားမှုအဝဝသည်လည်း လူသားတို့ အတွက် အေးမြသော သဘာဝအထိ အတွေ့ကို ဖော်ဆောင်နိုင်ပါ၏။ အထူး သဖြင့် ၎င်းတို့၏အော်မြည်သံများသည် ကား သဘာဝသံစဉ်တေးသွားများသဖွယ် ထူးခြားဆန်းသစ်လှပါပေသည်။
ယင်းတို့၏ အော်မြည်ဟစ်ကြွေးသော သံနေသံထား၊ အလေ့အထများသည် လူသားတို့အတွက်မူ သာယာနာပျော်ဖွယ် ရာ တေးသီချင်းတစ်ပုဒ်အလား ခံစား နားသောတ ဆင်နိုင်ကြသည်။ ပမာအား ဖြင့် လူသားများနှင့် လက်ပွန်းတတီးဖြစ် နေသည့် ဥဩငှက်၏အော်မြည်သံသည် နွေဦးပေါက်ကာလ၏ သရုပ်သကန်ကို ဖော်ကျူးလေ့ရှိသည့်အသံအဖြစ် မှတ်ယူ ထားကြပြီးဖြစ်ချေသည်။
တတောက်တောက်ခေါက်
သို့ရာတွင် အခြားသောငှက်များကဲ့သို့ သာယာငြိမ့်ညောင်းသော သံစဉ်မဟုတ်ဘဲ သစ်ပင်၏ ပင်စည်ကို တတောက်တောက် ခေါက်သံနှင့် ရံဖန်ရံခါတွင် စူးရှသော အော်မြည်သံများကို ကြောက်လန့် တကြားဖြင့် ကြားရသည်မှာကား သာမန် ထက် ပိုမိုထူးခြားသော အခင်းအကျင်း တစ်ခုပင်ဖြစ်သည်။
ယင်းတို့သည်ကား သစ်ပင်ပင်စည်ကို နှုတ်သီးဖြင့် တတောက်တောက် စဉ်ဆက် မပြတ် ခေါက်တတ်ကြသော သစ်တောက် ငှက်တို့၏ သစ်ပင်အခေါက် အက်ကြောင်း များအကြား အင်းဆက်ပိုးမွှားများကို ရှာဖွေဖမ်းယူ စားသောက်လေ့ရှိကြသည့် အသံပင်ဖြစ်သည်။
မျိုးစိတ် ၁၈၃ မျိုး ရှိ
ကမ္ဘာတစ်လွှားတွင် သစ်တောက် ငှက်မျိုးစိတ် ၁၈၃ မျိုး ရှိသည့်အနက် အကြီးဆုံးသစ်တောက်ငှက် နှစ်မျိုးဖြစ် သော Imperial Woodpocker နှင့် Ivery-Lilled Woodpocker တို့သည်ကား မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပေပြီ။
အရှေ့တောင်အာရှ တစ်ခွင်၌ သစ်တောက်ငှက်မျိုးစိတ်ပေါင်း ၃၉ မျိုး ရှိရာတွင် မြန်မာနိုင်ငံ၌ ၃၆ မျိုး ကျင်လည် ကျက်စားကြောင်း လေ့လာသိမှတ်ရ သည်။ ဤသည်မှာ သစ်တောက်ငှက်တို့၏ စားကျက်ဒေသအဝဝ ပေါကြွယ်ဝသည့် အနေအထားကို ဖော်ပြခြင်းပင် ဖြစ်ချေ သည်။
တစ်စက္ကန့်လျှင် အကြိမ်၂၀ မျှ ခေါက်နိုင်
အမွေးအတောင် အမည်း၊ အဖြူ၊ အနီနှင့် အဝါ စသည်ဖြင့် ခြယ်သထား သော သစ်တောက်ငှက်တို့သည် တစ်နေ့ တာ ကာလအတွင်းမှာပင် ခန့်မှန်း အကြိမ်ရေ ၈၀၀၀ နှင့် ၁၂၀၀၀ အကြား ခေါက်နိုင်ကြပြီး တစ်စက္ကန့်လျှင် အကြိမ် ၂၀ မျှ ခေါက်နိုင်ကြကြောင်း သိမှတ် ရသည်။
၎င်းတို့၏ ထူးခြားသောအရည်အသွေး တစ်ခုမှာ တောင့်တင်းမာကျောလှသည့် အမြီးပိုင်းဖြင့် သစ်ပင်ပင်စည်များကို ထောက်ထားကာ ခန္ဓာကိုယ်ကို ထိန်းထား နိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ သည် ပင်စည်ကို ဘေးတိုက်ကပ်ကာ နားခိုနိုင်ကြသည်။ သွားလိုရာနေရာသို့ ဘေးတိုက်သာမက အထက်အောက်ပါ ပျံသန်းနိုင်စွမ်းရှိကြသည်။
တောတောင်များ၌ နေထိုင်ကျက်စား
အလေးချိန်အားဖြင့် ၈ ဒသမ ၂၅ အောင်စ(ခုနစ်ဂရမ်)၊ ကိုယ်အရှည် ၂ ဒသမ ၈ လက်မ (ခုနစ်စင်တီမီတာ) ရှိသော အရွယ်သေးငယ်သည့် သစ်တောက်ငှက် မျိုးနှင့် ကိုယ်အရှည် ၅၀ စင်တီမီတာ (လက်မ ၂၀) ရှိကြသည့် ခန္ဓာကိုယ်ကြီး သစ်တောက်ငှက် မျိုးစိတ်များအနက် အလေးချိန် ၁၂ ဒသမ ၇ အောင်စမှ ၁၉ ဒသမ ၉ အောင်စအထိ အရွယ်အစား ရှိသော ခန္ဓာကိုယ်အကြီးဆုံး သစ်တောက် ငှက်များသည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသ တစ်လွှားရှိ တောတောင်များ၌ နေထိုင်ကျက်စား ကြသည်။
ကောင်ရေလျော့နည်းလာနိုင်
သစ်တောက်ငှက်များ ကျင်လည် ကျက်စားသော သစ်တောများကို စည်းကမ်းမဲ့ ခုတ်လှဲကြခြင်းကြောင့် ငှက်ကောင်ရေ လျော့နည်းလာနိုင်ပြီး ယင်းကဲ့သို့ ကောင်ရေ လျော့နည်းလာ ခြင်းကြောင့် သစ်တောများအတွင်း အင်းဆက် ခွံမာပိုးကောင်ရေ တိုးပွား လာနိုင်၍ သစ်ပင်များ၏ ရှင်သန် ပေါက်ပွားမှုကို များစွာထိခိုက်စေနိုင် ပေသည်။
ခြုံ၍ဖော်ပြရပါမူ သစ်တောက်ငှက် များသည် သဘာဝအလှတရား ဖန်တီး ပေးထားသော သစ်တော၊ သစ်ပင်များ သာမက တောရိုင်းတိရစ္ဆာန်များ၏ နေထိုင် မှု အခင်းအကျင်းနှင့်ပါ ဆက်နွှယ်လျက် ရှိရာ သဘာဝသစ်တောများရှိ သစ်တောက် ငှက်များ ရှင်သန်ရေးအတွက် ဒေသခံ ပြည်သူများကပါ ဝိုင်းဝန်းကူညီ ထိန်းသိမ်း သင့်ပါကြောင်း တပ်လှန့်နှိုးဆော်လိုက်ရ ပါသတည်း။ ။