ဝါရှင်တန် သြဂုတ် ၂၉
လွန်ခဲ့သည့်လက အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သူသည် ဖြစ်နိုင်ခြေရှိသည့် ပစ်မှတ်များကို အွန်လိုင်းတွင်အကြိမ်ကြိမ်ရှာဖွေခဲ့ပြီး တိုက်ခိုက်မှုကို အသေးစိတ် စီစဉ်ခဲ့ကြောင်း အမေရိကန်စုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်) က ပြောကြားလိုက်သည်။
နိုဝင်ဘာ သမ္မတရွေးကောက်ပွဲအတွက် အမည် စာရင်းတင်သွင်းထားသည့် ရီပတ်ဘလစ်ကန် သမ္မတလောင်း မစ္စတာထရမ့်သည် ဇူလိုင် ၁၃ ရက် က အမေရိကန်အရှေ့ပိုင်း ပန်ဆယ်ဗေးနီးယား ပြည်နယ်တွင် ပြုလုပ်သည့်မဲဆွယ်ပွဲတွင် သေနတ် ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့သည်။
အသက် ၂၀ အရွယ်ရှိ သေနတ်သမား သောမတ်စ်ခရွတ်စ်ကို အခင်းဖြစ်ပွားရာနေရာတွင် အသေပစ်ခတ်ဖမ်းဆီးခဲ့သည်။
သေနတ်သမားအသုံးပြုခဲ့သော ရိုင်ဖယ်နှင့် ၎င်း၏ကားထဲတွင် တွေ့ရှိခဲ့သည့် ဖောက်ခွဲရေး ပစ္စည်းများ၊ အခြားဆက်စပ်ပစ္စည်းများ၏ပုံကို အက်ဖ်ဘီအိုင်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။
သေနတ်သမားသည် ဧပြီလကတည်းက ထရမ့် နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့၏ မဲဆွယ် စည်းရုံးရေးလှုပ်ရှားမှုများကို ရှာဖွေခဲ့ကြောင်း ဗျူရို က ပြောကြားလိုက်သည်။
ပစ်ခတ်တိုက်ခိုက်မှုမတိုင်မီ ရက်ပေါင်း ၃၀ ကတည်းက ခရွတ်စ်သည် ထရမ့်နှင့် ဘိုင်ဒင်တို့နှင့် ပတ်သက်သည့် အချက်အလက်ပေါင်း ၆၀ ကျော် ရှာဖွေခဲ့ကြောင်း အက်ဖ်ဘီအိုင်က ပြောသည်။
ထို့အပြင် ၎င်းသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ကတည်းက ဓာတ်မြေသြဇာမှတစ်ဆင့် ဗုံးလုပ်နည်း နှင့် အဝေးထိန်းဗုံးခွဲကိရိယာ အလုပ်လုပ်ပုံအပါ အဝင် ဖောက်ခွဲရေးပစ္စည်းဆိုင်ရာ အချက်အလက် များကိုလည်း ရှာဖွေခဲ့သည်။
ခရွတ်စ်သည် လုပ်ကြံတိုက်ခိုက်မည့်အစီအစဉ် ကို အသေးစိတ်စီစဉ်ခဲ့ကြောင်းနှင့် ယခုကဲ့သို့ မဲဆွယ်စည်းရုံးပွဲကို အဓိကပစ်မှတ်ထားပြီး အခွင့်အရေးတစ်ခုအဖြစ် အသုံးချခဲ့ကြောင်း အက်ဖ်ဘီအိုင်က ပြောသည်။ ခရွတ်စ်သည် သေနတ် ရှစ်ချက် ပစ်ခတ်ခဲ့ကြောင်းနှင့် ခေါင်မိုး ပေါ်ထွက်ပြေးနေချိန် ခြောက်မိနစ်အကြာတွင် ပစ်သတ်ခံခဲ့ရကြောင်း အက်ဖ်ဘီအိုင်က ပြောသည်။
သေနတ်ပစ်ခတ်ရသည့် အကြောင်းရင်းကို သိရှိ ရန် အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ