ထပ်ဆောင်းကာကွယ်ဆေးများ မဖြစ်မနေထိုးနှံလို့ ကိုဗစ် - ၁၉ အိုမီခရွန် မျိုးကွဲသစ်အန္တရာယ်ကို ဝိုင်းဝန်းကာကွယ်ကြပါစို့

Type

 

မိုးယံ

 

အမေရိကန်ပြည်ထောင်စုတွင်    အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်   XBB 1.5   သည်   လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ကမ္ဘာတစ်ဝန်းလုံးတွင် ဆိုးရွားသည့်  ကိုဗစ် - ၁၉ ကပ်ရောဂါလှိုင်းသစ်တစ်ခုအသွင် ဖြစ်ပေါ်မလာစေရေး   ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ကြရန် သတိပေးပြောဆိုလျက်ရှိသည်။

 

မိမိတို့ အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်လည်း Zero Covid Policy ဖြင့် ကိုဗစ် - ၁၉  ရောဂါကူးစက်မှုကို ကောင်းစွာထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်အကုန် ၂၀၂၃ ခုနှစ်အကူးတွင်  အိုမီခရွန်မျိုးကွဲဖြစ်သည့်     BA.5.2    နှင့်   BF.7  မျိုးစိတ်နှစ်ခု၏ ကူးစက်မှုကြောင့် ရောဂါဖြစ်ပွားမှု များ တစ်ရှိန်ထိုးမြင့်တက်လာခဲ့သည်ကို တွေ့ရှိလာ ရသည်။ 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏   ထုတ်ပြန်ချက် များအရ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အတွင်း ကိုဗစ် - ၁၉ ရောဂါကြောင့် သေဆုံးသူ ၅၉၉၃၈ ဦးရှိခဲ့ပြီး လူဦးရေ   ၅၅၀၃ ဦးသည် ကိုဗစ်-၁၉ ကြောင့် အသက်ရှူလမ်းကြောင်း ပျက်စီးကာ အသက်ဆုံးရှုံးရခြင်းဖြစ်ပြီး ကျန်ရှိသည့် လူဦးရေ ၅၄၅၀၀ ခန့်သည် ကိုဗစ်- ၁၉ နှင့်ဆက်စပ် သည့် ရောဂါများကြောင့် အသက်ဆုံးရှုံးရခြင်းဖြစ် ကြောင်း သိရသည်။ 
ထိုသို့ အသက်ဆုံးရှုံးရမှုများတွင် အသက် ၈၀ မှ ၈၅ နှစ်အတွင်း    သက်ကြီးရွယ်အိုများသည် သေဆုံးမှုနှုန်းများပြားကာ သေဆုံးသူများ၏ ပျမ်းမျှ အသက်သည် ၈၀ ဒသမ ၃ နှစ်ခန့်ဖြစ်ပြီး ၎င်းတို့ အနက် ၉၀ ရာခိုင်နှုန်းကျော်သည် အသက် ၆၅ နှစ် အထက်ဖြစ်သည်ကို သိရသည်။ ထို့အပြင် သေဆုံးသူ အများစုသည် သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ ကင်ဆာ စသည်ဖြင့် နာတာရှည်ရောဂါအခံရှိသူများ ဖြစ်ကြောင်း သိရသည်။ 
ထို့ပြင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏  ထပ်မံ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီ   ၁၃  ရက် မှ ၁၉ ရက်အတွင်း ကိုဗစ် - ၁၉ ရောဂါကြောင့် ထပ်မံသေဆုံးသူ ၁၂၆၅၈ ဦးရှိကြောင်း    သိရ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ  ၈ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ   ၁၉   ရက်အတွင်း ကိုဗစ် - ၁၉ ရောဂါကြောင့် သေဆုံးသူ ၇၂၅၉၆ ဦး ရှိကြောင်း သိရသည်။ 
အိုမီခရွန်မျိုးဗီဇကွဲများ၏   ကူးစက်မှုပုံစံသည် လျင်မြန်စွာ  ကူးစက်ပျံ့နှံ့တတ်သည့်     သဘော သဘာဝရှိပြီး လူကြီးလူငယ်မရွေး ကူးစက်ပျံ့နှံ့နိုင် ကြောင်း၊  အဓိကအားဖြင့်  သက်ကြီးရွယ်အိုများ၊ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ ကင်ဆာ စသည်ဖြင့်    နာတာရှည်ရောဂါအခံရှိသူများတွင် ရောဂါပိုးဝင်ရောက်မှုကြောင့်  အသက်ဆုံးရှုံးရမှု များပြားသည်ကို တွေ့ရှိရကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ထုတ်ပြန်ချက်များအရ လေ့လာ သိရှိရသည်။
အိုမီခရွန်မျိုးကွဲ XBB 1.5 သည် အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့ နေမှု၏ အဓိကမျိုးစိတ်ဖြစ်လာနေပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ကူးစက်မှုများ၏ ၄ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၄၀ ခန့်အထိ တက်လာသည်ကို တွေ့ရှိရ သည့် အတွက် XBB 1.5 သည် အခြားမျိုးကွဲများထက် ပိုမိုလျင်မြန်စွာပွားများနိုင်သည့် အစွမ်းသတ္တိ ရှိသော မျိုးစိတ်တစ်ခုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တာဝန်ရှိသူက မှတ်ချက်ပြုထားသည်ကို သိရသည်။ 
သို့ရာတွင် XBB 1.5 အနေဖြင့် အိုမီခရွန်မျိုးစိတ် ဖြစ်သည့်အတွက် မူလအိုမီခရွန်ထက်  ရောဂါပိုမို ပြင်းထန်နိုင်ဖွယ်မရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က လတ်တလောတွင် ထုတ်ပြန်ထားပြီး ဆက်လက် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ 
အိုမီခရွန်မျိုးကွဲများသည်  ဒယ်လ်တာမျိုးဗီဇ ထက် ကူးစက်မှုပိုမိုသိသာစွာလျင်မြန်သည့် သဘော ရှိကာ မိမိတို့အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွင်လည်း အိုမီခရွန်မျိုးကွဲ BA.5.2 နှင့် BF.7 တို့ကြောင့်   ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိပြီး ရောဂါကြောင့် သေဆုံးရမှုများ ကို  တွေ့ရှိနေရသည့်အတွက်   အိုမီခရွန်မျိုးကွဲ ကူးစက်မှုအန္တရာယ်ကို မပေါ့ဆသင့်ကြောင်း ပညာ ရှင်များက သတိပေးပြောထားသည်။  
“အိုမီခရွန်မျိုးကွဲ XBB 1.5 က အစွမ်းသတ္တိ နှစ်မျိုးရှိတာကို တွေ့ရပါတယ်။ ပထမအစွမ်းသတ္တိက လူခန္ဓာကိုယ်ရှိ   ပဋိပစ္စည်းတွေရဲ့   ခုခံအားစနစ်ကို ရှောင်လွှဲနိုင်စွမ်းရှိတာကို တွေ့ရပါတယ်။  ဒုတိယ အစွမ်းသတ္တိက  ခန္ဓာကိုယ်ရှိဆဲလ်တွေနဲ့  ပိုမိုပူးကပ် ပြီး ဝင်ရောက်နိုင်တဲ့   အစွမ်းရှိတယ်။   ဒါကြောင့် ကူးစက်မှုနှုန်းက အခြားမျိုးစိတ်တွေကို ကျော်လွန် ပြီး လျင်လျင်မြန်မြန်နဲ့ တက်လာခြင်းဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက လက်ရှိ တစ်ရှိန်ထိုးကူးစက်ပြန့်ပွားနေသည့် အိုမီခရွန် မျိုးဗီဇကွဲများနှင့်ပတ်သက်၍  တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် သုံးသပ်ပြောကြားထားသည်။ 
ဆက်လက်၍   “မြန်မာပြည်သူတွေအနေနဲ့ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားပြီးဖြစ်တဲ့ အတွက် ကာကွယ်ဆေးကြောင့် ရတဲ့ရောဂါခုခံအား (Vaccine Induced Immunity) အနေနဲ့  ရှိသင့် သလောက် ရှိနေပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံ မှုအပြင် နှာစေး၊ ချောင်းဆိုးဖြစ်ပြီး မိမိကိုယ်မိမိ ကိုဗစ်- ၁၉ Positive မှန်းမသိဘဲ ရောဂါပြင်းထန်မှု မရှိလိုက်ဘဲ ပြန်လည်ပျောက်ကင်းသွားတဲ့သူတွေလည်းရှိပါတယ်။   ကာကွယ်ဆေးထိုးနှံမှုကနေ တစ်ဆင့်ရရှိတဲ့ Vaccine Induced Immunity နဲ့ ရောဂါပိုးဝင်ရောက်မှုကြောင့် ရလာတဲ့ ကိုယ်ခံအား တို့ ပေါင်းစပ်ပြီးရင် Hybrid Immunity ဆိုတဲ့ ပေါင်းစပ်ကိုယ်ခံအားက ရှိသင့်သလောက် ရှိလာနေ ပါတယ်။ ဒီလိုမျိုး Hybrid Immunity ရှိသူတွေ၊ Vaccine Induced Immunity ရှိသူတွေ အများစု ဖြစ်လာရင် ဆက်လက်ပြီးကောင်းတဲ့အနေနဲ့ လူအုပ်စု အကြား ရောဂါခုခံအား  (Population Immunity) ကလည်း   တစ်ပါတည်းမြင့်တက်လာမှာဖြစ်တဲ့ အတွက်  ပြင်းပြင်းထန်ထန်ရောဂါ ခံစားရနိုင်မှုတွေ ကို လျှော့ချနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် Population Immunity တက်လာအောင် ဆောင်ရွက် နိုင်ဖို့က အလွန်အရေးကြီးပါတယ်။ ဒီလိုဆောင်ရွက် ရာမှာ အကောင်းဆုံးနည်းလမ်းက ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံမှုရရှိထားပြီးသူတွေကို  ခြောက်လ ပြည့်တိုင်း ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) နဲ့  နောက်ထပ်   ခြောက်လပြည့်တိုင်း    အပို ထပ်ဆောင်း ကာကွယ်ဆေး  (Additional Booster Doses) ထိုးနှံပေးထားဖို့ဖြစ်ပြီး  လူတိုင်းအနေနဲ့ ကာကွယ်ဆေးတွေကို မဖြစ်မနေထိုးနှံမှုခံယူကြဖို့ ဖြစ်ပါတယ်”ဟု  ၎င်းက ပြောသည်။ 
ကိုဗစ် - ၁၉ ဖြစ်ပွားမှုဖြစ်စဉ်များကို ကြည့်မည် ဆိုပါက အယ်လ်ဖာ၊ ဘီတာ၊ ဂါမာ၊ ဒယ်လ်တာ၊ အိုမီခရွန်ဆိုသည့် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်  မျိုးစိတ် အသစ်များပြောင်းတိုင်းတွင်   ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလှိုင်းကြီးများအသွင် ဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။ 
ယခုအခါ ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နေသည့် BA.4, BA.5, BA.5.2, BF.7, XBB 1.5 စသည့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးတို့သည် အိုမီခရွန်၏ မျိုးကွဲများအဖြစ်သာ   ထွက်ပေါ်လာခြင်းဖြစ်၍ ဒယ်လ်တာကဲ့သို့ မျိုးစိတ်သစ်ကြီးတစ်ခု ထပ်မံ ပေါ်ထွက်မလာသည်မှာ   မိမိတို့ လူသားမျိုးနွယ် အတွက် ကံကောင်းမှုတစ်ခုပင်ဖြစ်သည်။ 
ကိုဗစ် - ၁၉ ဗီဇပြောင်း ဗိုင်းရပ်စ်များ မည်သို့ပင် ဝင်လာစေကာမူ ပါးစပ်နှာခေါင်းစည်း (Mask) တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေထိုင်ခြင်းဖြင့် ရောဂါကူးစက် ပျံ့နှံ့မှုများကို ထိရောက်စွာ လျှော့ချနိုင်မည်ဖြစ်သည်။ ကူးစက်မှုများ  ဝင်ရောက်လာမည်ဆိုပါကလည်း ကာကွယ်ဆေးနှင့် အပိုထပ်ဆောင်းကာကွယ်ဆေး များ ထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်စွာခံစားရမှု၊ ‌ရောဂါကြောင့် အသက်ဆုံးရှုံးမှုများမှ သိသိသာသာ လျှော့ချနိုင်မည်ဖြစ်သည်။ 
သို့ဖြစ်၍ ယခုအချိန်သည် နိုင်ငံတကာတွင်လည်း ကူးစက်ပျံ့နှံ့နေပြီး မိမိတို့နိုင်ငံသို့လည်း ဝင်ရောက် လာနိုင်သည့်   ကိုဗစ် - ၁၉ မျိုးကွဲသစ်များ၏ အန္တရာယ်ကို   ကြိုတင်သိရှိကာကွယ်၍ ရောဂါပိုး ကူးစက်ခံရမှုကြောင့်   အသက်သေဆုံးမှုမရှိစေရေး အတွက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose များကို လူတိုင်းမဖြစ်မနေ  ထိုးနှံမှုခံယူသင့်သည့် အချိန်ဖြစ်သည်။ 
အထူးသဖြင့် အသက် ၄၀ နှစ်အထက် နာတာ ရှည် ရောဂါအခံရှိသူများတွင် ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံထားသော်လည်း   ခန္ဓာကိုယ်၏ခုခံအား စနစ်နှင့် ကာကွယ်ဆေးကြောင့် ရရှိလာသည့် ရောဂါ ကို ခုခံကာကွယ်နိုင်စွမ်းအားသည် သာမန်လူကောင်း များနှင့် နှိုင်းယှဉ်ပါက အားနည်းနိုင်သကဲ့သို့ အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ သည်လည်း  ကာကွယ်ဆေးကြောင့် ရရှိလာသည့်ခုခံ အားစနစ်သည် လူငယ်များနှင့် မတူညီဘဲ အားနည်း နိုင်သည့်အတွက်   ထိုကဲ့သို့သော  လူအုပ်စုများတွင် ပါဝင်သူများသည်   ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံမှုများကို ၆ လပြည့်သည်နှင့် မဖြစ်မနေထပ်မံထိုးနှံထားရန် လိုအပ်သည်။ 
သို့မှသာ ၎င်းတို့အကြားတွင် ကိုဗစ်-၁၉ ရောဂါ ကြောင့်   ရောဂါပြင်းထန်စွာခံစားရမှု၊     ဆေးရုံ တက်ရောက်ရမှုနှင့် နောက်ဆက်တွဲအသက်ဆုံးရှုံး ရမှုများကို ထိထိရောက်ရောက် ကာကွယ်နိုင်မည် ဖြစ်သည်။ 
ထိုသို့ ထပ်ဆောင်းကာကွယ်ဆေး Booster Dose များ ထိုးနှံမှုကို ခြောက်လတစ်ကြိမ် ရရှိထား သည့် လူအုပ်စုအတွင်း ကိုဗစ်- ၁၉ ရောဂါ ခုခံအား Population Immunity မြင့်တက်ရာမှ မိမိတို့နိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကွင်းဆက်များ ကို လျင်လျင်မြန်မြန် ဖြတ်တောက်နိုင်၍  ဖြစ်ပေါ် လာနိုင်သည့်‌နောက်ဆက်တွဲ ဆိုးကျိုးများနှင့် လူမှု စီးပွားဘဝထိခိုက်နိုင်သည့်   အန္တရာယ်ကိုလည်း ထိရောက်စွာ ရှောင်လွှဲလျှော့ချနိုင်မည်ဖြစ်သည်။ 
ကျန်းမာရေးဝန်ကြီးဌာနသည် အိမ်နီးချင်းနိုင်ငံ များအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ကိုဗစ် -၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေကို   မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိပြီး  ကိုဗစ် - ၁၉ ထပ်ဆောင်း ကာကွယ်ဆေးများကို ကျေးလက်ဒေသများအထိ ထိုးနှံပေးလျက်ရှိသည်။        


ထို့အပြင်     ကိုဗစ် - ၁၉   ရောဂါ    ကာကွယ်ရေးနှင့် စပ်လျဉ်းသည့်     သတိပေးလမ်းညွှန်ချက်များကို            နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ        မိမိတို့အနေဖြင့် ရောဂါကူးစက်မှုလျှော့ချနိုင်မည့်     နေထိုင်မှုပုံစံများ အတိုင်း  လိုက်နာကျင့်သုံးကြရန် လိုအပ်လှပေသည်။ 
ထိုသို့ ကိုဗစ်-၁၉ နေထိုင်မှုပုံစံနည်းလမ်းများ၊ စည်းကမ်းများကို သတိပြုလိုက်နာခြင်းသည်လည်း ကိုဗစ်-၁၉ ရောဂါပိုးဝင်ရောက်ကူးစက်မှုနှင့် ရောဂါ ၏    နောက်ဆက်တွဲဆိုးကျိုးများ   ခံစားရခြင်းကို သိသာစွာလျှော့ချပေးနိုင်ပါသည်။ 
 ပါးစပ်နှာခေါင်းစည်း (Mask) တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ လူအများနှင့် နေထိုင်လုပ်ကိုင်ရသည့်နေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် မဖြစ်မနေ Mask တပ်ကြရန်နှင့် မိမိတို့နေထိုင်ရာ နေရာများကို လေဝင်လေထွက် ကောင်းမွန်အောင် ပြုလုပ်ကြရန်  ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေး လမ်းညွှန်ထားပါသည်။
ထို့ပြင် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများမှတစ်ဆင့် ပြည်တွင်းသို့ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးများ မဝင်ရောက်လာ စေရေးအတွက်   နယ်စပ်ဝင်/ထွက်ပေါက်များနှင့် လေဆိပ်များတွင် ဝင်ရောက်လာသူများ လိုက်နာရ မည့်  ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ    လမ်းညွှန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ပေးထားပြီး ၎င်းတို့ကို  တိကျစွာလိုက်နာကျင့်သုံး ဆောင်ရွက် ကြရန် လိုအပ်လှသည်။
ထပ်မံတိုက်တွန်းလိုသည်မှာ ကာကွယ်ဆေး ထိုးနှံမှုများကို စနစ်တကျ အကြိမ်ပြည့်ခံယူကြရန် နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးပြီးဖြစ်သော်လည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ဆိုင်ရာ  အကြံပြုချက်များအတိုင်း    အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြရန် နှိုးဆော် လိုသည်။  
ထိုသို့  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ နှင့်    ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံခြင်း၊ ကိုဗစ်- ၁၉  ရောဂါဆိုင်ရာ   စည်းကမ်းများကို     လိုက်နာကာ နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေထိုင်ကြ ခြင်းဖြင့် ကမ္ဘာကြီးကို  ဖျားနာအောင်  ဝင်ရောက် မွှေနှောက်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး၏     ကူးစက်မှုသံသရာကို ဝိုင်းဝန်းကာကွယ် ရပ်တန့် လိုက်ကြပါစို့ဟု … ။            ။