
ထန်းတပင် ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး ထန်းတပင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒိုးတောင် (ကွက်သစ်)ကျေးရွာ၌ ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကိုမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ က ဩဂုတ် ၂ ရက်တွင် ကွင်းဆင်း စစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တွင် ထန်းတပင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင် (လက်ထောက်ညွှန်ကြားရေးမှူး- နည်းပညာ)နှင့် ဝန်ထမ်းများ၊ ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ ရေရရှိရေးလုပ်ငန်း ဖြစ်သော တွင်းနက်တူးဖော်ခြင်း နှင့် စင်မြင့်ရေစင်တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေး ပြီး ရပ်မိရပ်ဖများနှင့် တွေ့ဆုံ ကာ လုပ်ငန်းများကို သတ်မှတ်ရက် အတွင်း စံချိန်စံညွှန်း ပြည့်မီစွာ ဖြင့် အချိန်မီ ပြီးစီးရေးအလေးထား ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထန်းတပင်မြို့နယ် ချောင်းဝ ကျေးရွာအုပ်စု ဒိုးတောင် (ကွက်သစ်) ကျေးရွာတွင် တွင်းအကျယ် ၄ ဒသမ ၅ လက်မ၊ အနက်ပေ ၃၀၀ ရှိ တွင်းနက် တူးဖော်ခြင်း၊ ဂါလန်၂၄၀၀ ဆံ့ သံကူကွန်ကရစ် စင်မြင့်ရေစင် တည်ဆောက်ခြင်း၊ ဆိုလာပန့်သုံး ရေတင်စနစ် တပ်ဆင်ခြင်းတို့ကို ပြည်ထောင်စု ဘဏ္ဍာငွေကျပ် ၂၆၂၅၀၀၀၀ အသုံးပြုပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၁၅ ရက်မှစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်း အားလုံး၏ ၄၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အင်ဂျင် နီယာများက တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောသည်။
ကိုညို (ကျေးလက်)