ထိုင်းနိုင်ငံသို့ တရားဝင်ရွှေ့ပြောင်းလုပ်သားများ သွားရောက်နိုင်ခြင်းနှင့် တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုများကြောင့် အန္တရာယ်ရှိကြောင်း သတင်းထုတ်ပြန်

 

နေပြည်တော်     မေ     ၁၂


မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ  နားလည်မှုစာချွန်လွှာကို ၂၀၀၃ ခုနှစ် ဇွန် ၂၁ ရက်တွင်လည်းကောင်း၊ အလုပ် သမားများ   အလုပ်ခန့်ထားမှုဆိုင်ရာ   သဘောတူ စာချုပ်ကို ၂၀၁၆ ခုနှစ် ဇွန် ၂၄ ရက်တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး MoU စနစ်ဖြင့် တရားဝင်  အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက် ခဲ့ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  စေလွှတ်ရေး လုပ်ငန်းစဉ်များ ရပ်ဆိုင်းခဲ့သည့်  ၂၀၂၀ ပြည့်နှစ် မတ် ၁၈   ရက်မတိုင်မီအထိ  မြန်မာအလုပ်သမား ၉၁၅၉၈၀  စေလွှတ်ခဲ့ပြီးဖြစ်သည်။ 

 


အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်ကို  နှစ်နိုင်ငံညှိနှိုင်း၍ ပြန်လည်စတင်နိုင်ရေး ဆောင်ရွက် ခဲ့ရာ မေ ၁၀ ရက်တွင် အလုပ်သမား ၂၈၇ ဦးကိုလည်း ကောင်း၊ မေ ၁၁ ရက်တွင် အလုပ်သမား ၃၀၁ ဦးကို လည်းကောင်း         မြဝတီ - မဲဆောက်မြို့မှတစ်ဆင့် သက်ဆိုင်ရာ   လုပ်ငန်းခွင်များတွင်     အဆင်ပြေ   ချောမွေ့စွာလုပ်ကိုင်နိုင်ရေး   စေလွှတ်ခဲ့ပြီးဖြစ်သည့် အပြင် MoU စနစ်ဖြင့် တရားဝင်အလုပ်သမားများ စေလွှတ်မှုကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်သည်။

 


ထိုင်းနိုင်ငံသို့   သွားရောက်လုပ်ကိုင်ရာတွင် တရားဝင်သတ်မှတ်ထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှမဟုတ်ဘဲ တရားမဝင်    ပို့ဆောင်သူ/    ပွဲစားများမှတစ်ဆင့် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား များသည် ငွေကြေးများ အဆမတန်ပေးနေရသည့်အပြင် ထိုင်းနိုင်ငံသို့ရောက်ရှိချိန်တွင်   တရားမဝင်နေထိုင် လုပ်ကိုင်ရခြင်း၊    အလုပ်သမားအကျိုးခံစားခွင့် အပြည့်အဝမရရှိခြင်း၊      သက်ဆိုင်ရာဌာနများမှ ဝင်ရောက်စစ်ဆေးချိန်တွင်   တရားမဝင်  လုပ်ကိုင် နေရခြင်းကြောင့် ဖမ်းဆီးခံရခြင်းများ ဖြစ်ပေါ်လျက် ရှိသည်။

 


ထိုသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရမှုမှာ  ကန်ချနဘူရီ ပြည်နယ်   စိုင်းရို့ခရိုင်ရဲစခန်းတွင်   ၉၀ ဖြစ်ပြီး မော်တော်ယာဉ်တိမ်းမှောက်ခဲ့မှုများမှာ ထိုင်းနိုင်ငံရှိ ဖိုးဖရခရိုင်တွင် တစ်ကြိမ်၊   တာ့ခရိုင်  ဝမ်ကျောက် မြို့နယ်တွင် တစ်ကြိမ်၊ အယုဒ္ဓယခရိုင်  မဟာရတ် မြို့နယ်တွင် တစ်ကြိမ်၊ အမှတ် ၂၃ လမ်းမကြီး သွန်ဖာဖမ်ခရိုင်တွင် တစ်ကြိမ်၊ ကန်ချနဘူရီပြည်နယ် တွင် တစ်ကြိမ်၊  ပကျွတ်ခီလီခံပြည်နယ်တွင် တစ်ကြိမ် ဖြစ်ပွားခဲ့မှုများကြောင့်      ၎င်းယာဉ်များပေါ်တွင် လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၁၉ ဦး သေဆုံးခဲ့သည်။

 


ထို့ကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်လိုသည့်   မြန်မာနိုင်ငံသားများအနေဖြင့် တရားမဝင်သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝမရရှိခြင်းနှင့် အခြားသော လူ့အခွင့်အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင် သည့်အပြင် အခက်အခဲမျိုးစုံ ကြုံတွေ့လာနိုင်သဖြင့် တရားမဝင်သွားရောက်ခြင်းများ လုံးဝမပြုလုပ်ကြရန် နှင့် ပြည်ပသို့ တရားဝင်သွားရောက် လုပ်ကိုင်ခြင်းဖြင့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေး ကာကွယ် စောင့်ရှောက်မှုများ အပြည့်အဝရရှိနိုင်ခြင်း၊ လူကုန် ကူးခံရမှု မဖြစ်ပွားနိုင်ခြင်း၊ ဆိုက်ရောက်နိုင်ငံများ၌ လွတ်လပ်စွာသွားလာနိုင်ခြင်းနှင့်     လုပ်ငန်းခွင်၌ စိတ်ချလုံခြုံစွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။

 


ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရန် အတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပြည်ပ အလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ  အေဂျင်စီများ စာရင်းအား အလုပ်သမားဝန်ကြီးဌာန၏ Website www.mol.gov.mm ၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန၏ Safe Migration Facebook Page နှင့် Safe Migration Telegram Channel တွင်သာမက ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများသို့ ဆက်သွယ်မေးမြန်းစုံစမ်းခြင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန      (ရုံးချုပ်) နေပြည်တော်    ဖုန်း    ၀၆၇- ၄၃၀၁၈၃ ၊    ၀၆၇- ၄၃၀၂၈၄ တို့သို့ ဆက်သွယ်ခြင်းဖြင့် သတင်းအချက် အလက်များ ရရှိနိုင်ကြောင်း သိရသည်။


သတင်းစဉ်