
ရန်ကုန် ဇန်နဝါရီ ၂၀
ထိုင်းနိုင်ငံသို့ MoU အလုပ်သမားစေလွှတ်ရာတွင် အဆင်ပြေရန်အတွက် ရန်ကုန် - ဒွန်းမောင်း လေကြောင်းခရီးဖြင့် စေလွှတ်မည်ဖြစ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) မှ သိရသည်။
ဇန်နဝါရီ ၃ ရက်တွင် Video conferencing စနစ်ဖြင့်ကျင်းပခဲ့သည့် ထိုင်း - မြန်မာ နှစ်နိုင်ငံညွှန်ကြားရေးမှူးများအဆင့် အစည်းအဝေးတွင် MoU စနစ်ဖြင့်အလုပ်သမားစေလွှတ်ခြင်းကို ရန်ကုန် - ဒွန်းမောင်းလေဆိပ်များ၌ ဆောင်ရွက်နိုင်ရေး သဘောတူညီခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ဒွန်းမောင်းလေဆိပ်ကနေ သွားဖို့က ဟုတ်ပါတယ်။ MoUက ကျတော့ လမ်းနှစ်ကြောင်းပဲရှိတယ်။ မြဝတီနဲ့ကော့သောင်းပဲ ရှိတာကို။ မြဝတီလမ်းကြောင်းကလည်း ပိတ်နေတဲ့အခါမှာ ကလေးတွေက ဒုက္ခရောက်တယ်။ အဲဒါကြောင့် ကော့သောင်းလမ်းကိုပွင့်အောင်လုပ် တော့ ကော့သောင်းလမ်းကလည်း ပွင့်ပြီ။ ဒါပေမယ့် ကော့သောင်းလမ်း က ကျတော့ ကားလမ်းကသွားလို့မရဘူး။ လေယာဉ်နဲ့ သွားနေရတော့ လေယာဉ်စရိတ်က တစ်သိန်းခွဲကနေ လေးသိန်းခွဲအထိရှိတယ်။ အဲဒီ တော့ ရန်ကုန်-ဒွန်းမောင်းဆိုရင် စရိတ်က သက်သာနေသေးတော့ MOEAF အနေနဲ့အလုပ်သမားဝန်ကြီးဌာနကိုတင်ပြပြီးတော့မှ ရန်ကုန်-ဒွန်းမောင်းလေကြောင်းလိုင်းဖွင့်ဖို့အတွက် နှစ်နိုင်ငံဆွေးနွေးဖို့တင်ပြ တာ။ နှစ်နိုင်ငံညှိနှိုင်းပြီး ဆွေးနွေးချက်အရ ဟိုဘက်ကလည်း လက်ခံ တယ်၊ အဆင်ပြေတယ်ဆိုတော့ အဆင်ပြေသွားပြီ” ဟု MOEAF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါလေကြောင်းခရီးစဉ်မှ စေလွှတ်ခြင်းကို လာမည့်ဖေဖော်ဝါရီ လတွင် စတင်နိုင်မည်ဟု ခန့်မှန်းထားကာ စေလွှတ်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များမှာလည်း ပြီးစီးသည့်အခြေအနေဖြစ်နေပြီဖြစ်သည်။
အေဂျင်စီများအနေဖြင့်လည်း ပုဂ္ဂလိက သို့မဟုတ် charter လေကြောင်းလိုင်းများဖြင့် စေလွှတ်နိုင်ပြီး ပုဂ္ဂလိကဖြင့် စေလွှတ်ပါက လေကြောင်းလိုင်းထိန်းသိမ်းရေးဌာနသို့ ညှိနှိုင်းအကြောင်းကြားရန် မလိုအပ်သော်လည်း charter ဖြင့် စေလွှတ်ပါက ထိုင်းနိုင်ငံ၏ လေကြောင်းလိုင်းထိန်းသိမ်းရေးဌာနသို့ ညှိနှိုင်းအကြောင်းကြားရမည် ဖြစ်ကြောင်းနှင့် charter လေကြောင်းလိုင်းဖြင့်စေလွှတ်ပါက ဝန်ကြီး ဌာနမှတစ်ဆင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ညှိနှိုင်း အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။
ဒွန်းမောင်းလေဆိပ်သို့ရောက်ရှိပါက ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန က နေထိုင်ခွင့် နှစ်နှစ်ပေးမည်ဖြစ်ပြီး အလုပ်ရှင် သို့မဟုတ် အလုပ်ရှင် ကိုယ်စားလှယ်က ဒွန်းမောင်းလေဆိပ်တွင် အလုပ်သမားများကို လာရောက်ခေါ်ယူ၍ သက်ဆိုင်ရာအလုပ်ရှင်၊ လုပ်ငန်းခွင်ရှိသည့်နယ်မြေ တွင် ဆေးစစ်ရမည်ဖြစ်ကာ ဆေးစစ်ပြီးပါက အလုပ်အကိုင်ဌာနသို့ အကြောင်းကြားတင်ပြရမည်ဖြစ်သည်။
သက်ဆိုင်ရာနယ်မြေအလုပ်အကိုင်ဌာနတွင် ဆေးစစ်ပြီးကြောင်း အထောက်အထားနှင့် ဗီဇာရရှိပြီးကြောင်း အထောက်အထားတင်ပြပြီး နောက် သင်တန်းတက်ရောက်၍ Work Permit ထုတ်ပေးမည်ဖြစ် ကြောင်း သိရသည်။
MT