ထိုင်းနိုင်ငံရောက် အထောက်အထားရှိနှင့် အထောက်အထားမရှိ မြန်မာလုပ်သားများအကြား ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီသည့် အခြေအနေမှာ သိသိသာသာကွဲပြားနေ

ရန်ကုန်   ဒီဇင်ဘာ   ၁၂
ထိုင်းနိုင်ငံရောက်    အထောက်အထားရှိနှင့်    အထောက်အထားမရှိ မြန်မာလုပ်သားများအကြား ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်း မီသည့်    အခြေအနေမှာ    သိသိသာသာ   ကွဲပြားနေကြောင်း    ကုလ သမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သည့်  UNDP  ၏  ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံရှိ အထောက်အထားမရှိသည့် ရွှေ့ပြောင်းလုပ်သားများ အကြား စိတ်ကျန်းမာရေးချို့တဲ့မှု ပိုမိုအဖြစ်များကြောင်းလည်း UNDP  ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံရှိ အထောက်အထားရှိနှင့် အထောက်အထားမရှိသည့်  မြန်မာရွှေ့ပြောင်း လုပ်သားများအကြား  စိတ်ကျန်းမာရေးနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုတို့ကို    လက်လှမ်းမီမှုဆိုင်ရာတွင်လည်း    သိသာ ထင်ရှားစွာ ကွဲပြားနေကြောင်း၊ စိတ်ကျန်းမာရေးချို့တဲ့မှုသည် အထောက် အထားမရှိသည့် ရွှေ့ပြောင်းလုပ်သားများအကြား ပိုမိုအဖြစ်များနေပြီး ထိုသူများသည်  ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီအသုံးပြု နိုင်မှုတွင်လည်း   အခြားသူများနှင့်  နှိင်းယှဉ်လျှင် အကန့်အသတ်ရှိ ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီအသုံးပြုနိုင်မှုသည်  နေရာဒေသအလိုက် ကွာခြားမှုရှိနေပြီး ဘန်ကောက်မြို့တွင် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ၏  လွှမ်းခြုံနိုင်မှုသည်  အမြင့်မားဆုံး  ဖြစ်ကြောင်း ဖော်ပြထားသည်။
ရွှေ့ပြောင်းလုပ်သားများအား  ၎င်းတို့၏  အလုပ်လုပ်ခွင့်ပါမစ်ပေါ်  မူတည်၍ သတ်မှတ်ထားသည့် ဆေးရုံများတွင် မှတ်ပုံတင်ပေးသည့် စနစ်ကြောင့် ၎င်းတို့နေရာပြောင်းရွှေ့ရလျှင် ကျန်းမာရေးစောင့်ရှောက် မှုများ  ရယူနိုင်ရေး  အဟန့်အတားဖြစ်စေကြောင်းလည်း  UNDP  ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများအတွက် အားထားမှီခိုရာ နေရာတစ်ခု ဖြစ်လာခဲ့ပြီး  မြန်မာနိုင်ငံ၊ က​မ္ဘောဒီးယားနိုင်ငံနှင့် လာအို နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ လူများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဧပြီလအထိ  ကိန်းဂဏန်း များအရ  ထိုင်းနိုင်ငံအတွင်း  တရားဝင်လာရောက်သော ရွှေ့ပြောင်းလုပ်သားပေါင်း  ၂ ဒသမ ၅ သန်း နေထိုင်လျက်ရှိသည်ဟု ခန့်မှန်းထား ပြီး ထိုသူများသည် ရွှေ့ပြောင်း သွားလာမှုဆိုင်ရာ    ဥပဒေများ၊  စည်းမျဉ်း   စည်းကမ်းများနှင့်အညီ ရောက်ရှိလာကြသူများဖြစ်ကာ ထိုသူများထဲမှ ၇၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် စာရွက်စာတမ်းအထောက်အထားများ ကိုင်ဆောင် ထားသည့်   ရွှေ့ပြောင်းလုပ်သားများနှင့်    ထိုအထောက်အထားများ မရှိကြသည့် ရွှေ့ပြောင်းလုပ်သားများအကြား လုပ်ငန်းခွင်အခြေအနေ များနှင့် အကျိုးခံစားခွင့်များ သိသာထင်ရှားစွာ ကွာခြားလျက်ရှိကြောင်း လည်း လေ့လာမှုအတွင်း တွေ့ရှိသည်ဟု UNDP ကဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမားများကို စေလွှတ် နေကာ ပြီးခဲ့သည့်ဒီဇင်ဘာ ၆ ရက်က အထောက်အထားမဲ့ မြန်မာအလုပ် သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ဖြင့် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ရရှိရေး ကိစ္စရပ်များ မြန်မာ-ထိုင်း တာဝန် ရှိသူများ ဆွေးနွေးခဲ့ကြသည်။
ထိုသို့  ဆွေးနွေးရာတွင် နှစ်နိုင်ငံ  အလုပ်သမားရေးရာ  ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) နှင့် အလုပ်သမား များ   အလုပ်ခန့်ထားရေးဆိုင်ရာ   သဘောတူစာချုပ်    သက်တမ်းတိုး လက်မှတ်ရေးထိုးရေး၊ ထိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်အတွက် အမည်စာရင်းတင်သွင်းထားသည့် အလုပ် သမားများကို (ပန်းရောင်ကတ်) ထုတ်ပေးနိုင်ရေး၊ အထောက်အထားမဲ့  မြန်မာအလုပ်သမားများအား  မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity- CI) ဖြင့် တရားဝင်နေထိုင်လုပ်ကိုင် ခွင့်ရရှိရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ထိုင်းနိုင်ငံ ရောက်  မြန်မာရွှေ့ပြောင်း  အလုပ်သမားများ၏  လုပ်ခလစာများကို မြန်မာနိုင်ငံတွင်  ကျန်ရှိသည့်  မိသားစုဝင်များထံသို့  တရားဝင်လမ်း ကြောင်းမှ လုံခြုံစိတ်ချစွာလွှဲပြောင်းပေးပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။                          
 သစ်တော်