
ဘန်ကောက် မတ် ၂၁
အောက်လွှတ်တော်ဖျက်သိမ်းပြီး နောက်တစ်ရက် အကြာ၌ ထိုင်းနိုင်ငံအနေဖြင့် မေ ၁၄ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် စီစဉ်ထား ကြောင်း ရွေးကောက်ပွဲကော်မရှင်က မတ် ၂၁ ရက် တွင် ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် ဧပြီ ၄ ရက်မှ ၇ ရက်အတွင်း ၎င်းတို့၏ ဝန်ကြီးချုပ် အမည် စာရင်းများကို တင်သွင်းရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အီတီပွန်း ဘွန်းပရာကွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင်က အောက်လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၀၀ အတွက် လျှောက်လွှာတင်ရမည့် အချိန်ဇယားကို လည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
မဲပေးခွင့်ရှိသူပေါင်း ၅၂ သန်းကျော်သည် အောက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင် ၅၀၀ ကို ရွေးချယ်ရမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် အထွေထွေ ရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းထားခဲ့သော အောက်လွှတ်တော်ကိုဖျက်သိမ်းရန် အမိန့်ကို ထိုင်းဘုရင် မဟာဗာဂျီရယ်လောင်ကွန်းက မတ် ၂၀ ရက်တွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။ အောက်လွှတ်တော်ကို ၂၀၁၉ ခုနှစ် အထွေထွေ ရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းထားခဲ့ပြီး လေးနှစ် ကြာ သက်တမ်းသည် မတ် ၂၃ ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။ ဆင်ဟွာ