ထိုင်းနိုင်ငံ၌ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ရန်အတွက် ပြည်ဝင်ခွင့်စည်းကမ်းများ ဖြေလျှော့ပေးရန် စီစဉ်လျက်ရှိ

 

ဘန်ကောက်    ဧပြီ   ၂၂


ထိုင်းနိုင်ငံ၌ ခရီးသွားကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ရန် နောက်ဆုံးကြိုးစားအားထုတ်မှု အဖြစ် လာမည့်လတွင် နိုင်ငံတကာခရီးသွားများကို ပြည်ဝင်ခွင့် စည်းကမ်းချက်များ   ထပ်မံဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 


ထိုင်းနိုင်ငံ၌ မေလ ၁ ရက်မှ စတင်၍ ကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံထားသော ခရီးသွားများသည် နိုင်ငံအတွင်းရောက်ရှိချိန်တွင် ကိုဗစ်-၁၉ မဖြစ်မနေ စစ်ဆေးရန် ထပ်မံလိုအပ်တော့မည်မဟုတ်ကြောင်း ကိုဗစ်-၁၉ အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) မှ ပြောရေးဆိုခွင့်ရှိသူ တာဝီစင် ဝီစာနူယိုသင်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။
ထိုင်းနိုင်ငံသို့ မရောက်မီ ကိုဗစ်-၁၉ ကြိုတင် စစ်ဆေးရန် လိုအပ်ချက်ကိုလည်း ယခုလအစောပိုင်း၌ ထိုင်းနိုင်ငံက  ပယ်ချခဲ့သည်။

 


ထိုင်းနိုင်ငံ၌ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံ မထားသည့် ခရီးသွားများမှာ ခရီးစဉ်မတိုင်မီ ၇၂ နာရီ အတွင်း စစ်ဆေးထားသည့် RT-PCR စစ်ဆေးချက် ဖြင့် ကိုဗစ်-၁၉ ကင်းစင်ကြောင်း အထောက်အထားပြသ နိုင်လျှင်   အသွားအလာကန့်သတ်စောင့်ကြည့်မှု ခံယူရန်မလိုကြောင်း သို့မဟုတ် လာရောက်လည် ပတ်သူများမှာ လေးရက် သို့မဟုတ် ငါးရက်အတွင်း စစ်ဆေးထားသည့် RT-PCR စစ်ဆေးမှုတစ်ခုနှင့်အတူ အသွားအလာကန့်သတ်စောင့်ကြည့်မှု    ငါးရက် ခံယူရမည်ဖြစ်ကြောင်း တာဝီစင်က ဆက်လက် ပြောကြားသည်။ ထိုင်းနိုင်ငံသည် ခရီးသွားများ၏ ကိုဗစ်-၁၉     အာမခံကြေးကိုလည်း   ယခင်က အမေရိကန်ဒေါ်လာ   ၂၀၀၀၀   သတ်မှတ်ခဲ့ရာမှ ယခုအခါတွင် အနည်းဆုံး ၁၀၀၀၀ အထိ လျှော့ချပေး ခဲ့သည်။ 

 


ထိုင်းနိုင်ငံသို့ ဧပြီ ၁ ရက်မှ ၂၀ ရက်တာကာလ အတွင်း ခရီးသည် ၂၇၅၅၅၉ ဦး ဝင်ရောက်လာကြောင်း ကိုဗစ်-၁၉ အခြေအနေစီမံခန့်ခွဲရေး စင်တာ (CCSA)  ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ ပမာဏမှာ ယမန်နှစ်က    ထိုင်းနိုင်ငံသို့    ဝင်ရောက်ခဲ့သည့် နိုင်ငံခြားခရီးသည် စုစုပေါင်းအရေအတွက် ၄၂၇၈၆၉ ဦးနှင့် နှိုင်းယှဉ်ဖော်ပြထားခြင်းဖြစ်သည်။ 

 


ထိုင်းနိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်အတွင်း ၆ ဒသမ ၂ ရာခိုင်နှုန်းလျော့နည်းကျဆင်းရာမှ ၂၀၂၁ ခုနှစ်အတွင်း ၁ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုမှာ  ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည်ဟု ထိုင်းနိုင်ငံ ဗဟိုဘဏ်က မျှော်လင့်ထားသည်။ 

 


ထိုင်းနိုင်ငံ၌ ဧပြီ ၂၂ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၂၁၈၀၈ ဦးရှိပြီး   ကိုဗစ်-၁၉ ဖြင့် ထပ်မံသေဆုံးသူ ၁၂၈ ဦးရှိသည်။   ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ  စုစုပေါင်းအရေအတွက်မှာ  ၄ ဒသမ ၁၂ သန်းကျော်ရှိပြီး ကိုဗစ်-၁၉ ဖြင့် သေဆုံး သူ စုစုပေါင်းအရေအတွက်မှာ ၂၇၅၂၀ ရှိကြောင်း ကိုဗစ်-၁၉ အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA)  ၏ ဖော်ပြချက်အရ သိရသည်။                

ဆင်ဟွာ