ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံပြည်သူများသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca တစ်သန်း Doses အနက် ဒုတိယအသုတ် ကာကွယ်ဆေး ငါးသိန်း Doses နှင့် ဆေးထိုးအပ် ငါးသိန်း ရောက်ရှိ

 

ရန်ကုန်   ဧပြီ  ၂ 


ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်းများတွင် အသုံး ပြုရန် ထိုင်းနိုင်ငံမှ  မြန်မာနိုင်ငံ ပြည်သူများသို့    လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Astra- Zeneca အမှတ်တံဆိပ် တစ်သန်း Doses အနက်  ဒုတိယအသုတ် ကာကွယ်ဆေး  ငါးသိန်း  Doses နှင့် ဆေးထိုးအပ် ငါးသိန်းတို့သည် Thai   Airways   လေယာဉ်ဖြင့် ရန်ကုန်    အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ နံနက် ၉ နာရီ  ၁၅    မိနစ်တွင်   ရောက်ရှိလာရာ အဆိုပါ   ကာကွယ်ဆေးများနှင့်   ဆေးထိုးအပ်များကို   မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ လွှဲပြောင်း‌ပေးအပ်ပွဲကို ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ဧည့်ခန်းမဆောင်၌ ပြုလုပ်သည်။

 


အခမ်းအနားသို့       မြန်မာနိုင်ငံကြက်ခြေနီအသင်း   အထွေထွေ အတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံးမှ Charge d' affaires, a.i. Mrs.Kanokwan Pengsuwan နှင့် သံရုံးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 


 ယခုလှူဒါန်းမှုမှ ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကို ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းနေသေးသော တိုင်းဒေသကြီး/ ပြည်နယ်များနှင့်   ကျေးလက်ဒေသများအထိ   ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးသွားမည်ဖြစ်သည်။

 


ကျန်းမာရေးဝန်ကြီးဌာနသည် အဓိကအရေးကြီးသည့် ဦးတည် အုပ်စုများအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးကို ဦးတည်ချက်ထား၍ လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိရာတွင် ပြည်ထောင်စုနယ်မြေ  နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဧပြီ ၂ ရက်အထိ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံပြီးစီးသူ လူဦးရေ စုစုပေါင်း ၂၇ ဒသမ ၀၁ သန်းရှိပြီး ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပြီးစီးသူ လူဦးရေ ၁ ဒသမ ၀၉ သန်း ရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ ဧပြီ ၁ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး အကြိမ်ရေ စုစုပေါင်း ၄၉ ဒသမ ၉၆ သန်း ထိုးနှံပြီးဖြစ်သည်။       
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံမှုခံယူထားခြင်းဖြင့် ရောဂါပြင်းထန်စွာဖြစ်ပွားမှု၊ ရောဂါကြောင့်ဆေးရုံတက်ရောက် ရမှုနှင့် သေဆုံးရမှုကို သိသာစွာလျှော့ချနိုင်သောကြောင့် ရည်မှန်းဦးတည် အုပ်စုများအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုခံယူထားရန် အလွန်အရေးကြီးသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးရေး တက်ကြွစွာ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော် ထားကြောင်း သိရသည်။                                            

သတင်းစဉ်