
ဗန်ကောက် ဩဂုတ် ၁၁
နှာခေါင်းဖျန်းဆေးပုံစံဖြင့် တီထွင်ထား သည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး နှစ်မျိုးကို ယခုနှစ်နှောင်းပိုင်းတွင် လူသားများဖြင့် စတင်စမ်းသပ်ရန် ထိုင်းအစိုးရက စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နှာခေါင်းဖျန်းဆေးပုံစံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကြွက်များဖြင့် လက်တွေ့စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ထွက်ရှိလာသည့် ရလဒ်များအပေါ်မူတည်ပြီး လူသား များဖြင့် စမ်းသပ်ရန် စီစဉ်ခြင်းဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးများကို ထိုင်းနိုင်ငံ မျိုးရိုးဗီဇအင်ဂျင်နီယာနှင့် ဇီဝနည်းပညာစင်တာက တီထွင်ခြင်းဖြစ် ကြောင်း အဆိုပါစင်တာ၏ ကုသရေး၊ ကျန်းမာရေး တီထွင်စမ်းသစ်မှုနှင့် စီမံခန့် ခွဲမှုသုတေသနအဖွဲ့ ညွှန်ကြားရေးမှူး အာနန်ဂျောင်ကီဝတ်တာနာက ဆိုသည်။
ယင်းကာကွယ်ဆေးဖြင့် ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ်ကို ခုခံကာကွယ်နိုင် စွမ်း ရှိ၊ မရှိကိုလည်း လက်တွေ့စမ်းသပ် မှုများ ပြုလုပ်မည်ဖြစ်သည်။
လူသားများဖြင့် လက်တွေ့စမ်းသပ်မှု ဒုတိယအဆင့်ကို ၂၀၂၂ ခုနှစ် မတ်လတွင် ပြုလုပ်ရန် ရည်မှန်းထားပြီး ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် အရေအတွက်များများ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်