ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှ မိုင် ၆၀ အကွာတွင် တောမီးများလောင်

 

နခွန်နာရွတ်   မတ်   ၃၁


ထိုင်းနိုင်ငံ  ဘန်ကောက်မြို့မှ  မိုင် ၆၀  အကွာတွင် မတ် ၃၁  ရက်က  တောမီးလောင်နေသောကြောင့်   မီးသတ်သမားများနှင့်   စစ်သည်   ရာပေါင်းများစွာ တို့က  တောမီးကို  ထိန်းချုပ်နိုင်ရေး  ကြိုးပမ်းလျက် ရှိသည်။ 

 


မြို့တော်ဘန်ကောက်၏  အရှေ့မြောက်ဘက်ရှိ နခွန်နာရွတ်ခရိုင်ရှိ  တောင်ကုန်းသုံးခုတွင်  တောမီး လောင်နေမှုကြောင့်    အနည်းဆုံး   သစ်တောမြေ စတုရန်းမီတာ ရှစ်သိန်း (ဧက ၂၀၀) ထိခိုက်ခဲ့ပြီး ခရိုင်  နှစ်ခုကိုလည်း  အရေးပေါ်ဇုန်အဖြစ်  ကြေညာ ထားသည်။

 


ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြို့ကြီးအချို့တွင် ယခု သီတင်းပတ်အတွင်း လေထုညစ်ညမ်းမှုနှင့် မီးခိုးငွေ့ အန္တရာယ်အရှိဆုံးမြို့များအဖြစ်သို့ ရောက်ရှိနေချိန် တွင်  ယခုကဲ့သို့ တောမီးလောင်မှုများ  ထပ်မံဖြစ်ပွား ခဲ့ခြင်းလည်း ဖြစ်သည်။

 


ထိုင်းနိုင်ငံ၌ ယခုနှစ်အစောပိုင်းမှစတင်၍ လေထု ညစ်ညမ်းမှုကြောင့်     ဖြစ်ပေါ်လာသည့်   အသက်ရှူ လမ်းကြောင်းဆိုင်ရာ    ရောဂါများကြောင့်   ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၁ ဒသမ ၇ သန်း ကျော်ရှိကြောင်း  ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။


အေအက်ဖ်ပီ