
နေပြည်တော် ဒီဇင်ဘာ ၂၇
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင် မြို့ရှိ ငါး၊ ပုစွန်ဈေးဧရိယာတွင် လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေမှု အခြေအနေအရ ယင်းဧရိယာနှင့် ဆက်စပ်နေထိုင် အလုပ်လုပ်ကိုင်လျက် ရှိကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ အသွား အလာ ကန့်သတ်ခံနေရသည့် ကာလအတွင်း နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့စေရန် ရည်ရွယ် ၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက်က ၎င်းတို့အား အသွားအလာကန့်သတ် ပိတ်ပင်ထားရှိသော နေရာသို့ ကွင်းဆင်းသွားရောက်ခဲ့ပြီး အားပေး စကားပြောကြားခြင်း၊ အစား အသောက်များ ထောက်ပံ့ပေးခြင်းနှင့် လိုအပ်သည့် ကူညီစောင့်ရှောက်မှု များ ထိရောက်စွာ ရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံဘက်မှ သက်ဆိုင်ရာတာဝန် ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခြင်း တို့ကို ပြုလုပ်ပေးခဲ့သည်။
မြန်မာသံရုံး၊ ဗန်ကောက်မြို့နှင့် အလုပ်သမားသံအရာရှိရုံးတို့မှ တာဝန် ရှိသူများအနေဖြင့် ဒီဇင်ဘာ ၁၉ ရက် မှစတင်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် အမြဲမပြတ်ဆက်သွယ် ကာ လိုအပ်သည့် ကူညီထောက်ပံ့ ပေးမှုများကို အချိန်နှင့်တစ်ပြေးညီ ရရှိရေး ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးက ဒီဇင်ဘာ ၂၄ ရက် က စမုစခွန်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့အား သွားရောက်တွေ့ဆုံဆွေးနွေး ခဲ့ပြီး မြန်မာသံရုံး၊ မြန်မာအလုပ် သမား သံအရာရှိရုံး၊ အသွားအလာ ကန့်သတ်ထားရှိရာနေရာရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၊ ထိုင်း ဘက်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများ အကြား ထိရောက်စွာ ချိတ်ဆက် ဆောင်ရွက်နိုင်ရန်အတွက် စကားပြန် များထားရှိပေးရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား သီးခြားနေရာ တွင် ခွဲခြားထားပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုး ပေးရေးနှင့် ၎င်းတို့အား ပိုမိုကောင်းမွန် ထိရောက်သည့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ထောက်ပံ့နိုင်ရန် အတွက် ထိုင်းဘက်နှင့် ဆွေးနွေး ညှိနှိုင်းလျက်ရှိသည်။
ထို့ပြင် စမုစခွန်ခရိုင်ရှိ အလုပ် ရှင်က မြန်မာအလုပ်သမား ၁၈ ဦးအား စမုပရာကန်ခရိုင်တွင် လာရောက် စွန့်ပစ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်နှင့်တစ်ပြိုင်နက် မြန်မာအလုပ် သမား သံအရာရှိများက ဒီဇင်ဘာ ၂၄ ရက်က စမုပရာကန်ခရိုင်အလုပ် အကိုင်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ မြန်မာအလုပ်သမား များထံ သွားရောက်တွေ့ဆုံအားပေး ခြင်းတို့ ပြုလုပ်ပေးခဲ့ပြီး ၎င်းတို့အား စောင့်ရှောက်ထားရှိမှု၊ နေထိုင် စားသောက်မှု၊ ကျန်းမာရေးစစ်ဆေးမှု စသည်တို့ကို လေ့လာစိစစ်လျက် လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ သည်။ အဆိုပါ မြန်မာအလုပ်သမား ၁၈ ဦးသည် ပထမအကြိမ် ဆေးစစ် ချက်အရ Negative အဖြေရရှိပြီး ဖြစ်ကြောင်းနှင့် မြန်မာသံရုံးအနေဖြင့် အလုပ်သမားသံအရာရှိရုံးနှင့် ညှိနှိုင်း ပူးပေါင်းလျက် ၎င်းတို့ ထိုင်းနိုင်ငံ အတွင်း ဆက်လက်နေထိုင် အလုပ် လုပ်ကိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ထိုင်းနိုင်ငံ စမွတ်စခွန် ခရိုင် မဟာချိုင်မြို့ရှိ ငါး၊ ပုစွန်ဈေး ဧရိယာတွင် လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားနေမှု ဖြစ်စဉ် နှင့် ဆက်စပ်လျက်ရှိသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ (ရောဂါ ကူးစက်ခံနေရသူများ၊ အသွားအလာ ကန့်သတ်ခံနေရသူများ အပါအဝင်)အနေဖြင့် ကျန်းမာရေး၊ နေထိုင် စားသောက်ရေးအပါအဝင် စိတ်ပိုင်း ဆိုင်ရာအားဖြင့် ထိခိုက်ခံစားမှုများ မရှိစေရန်ရည်ရွယ်၍ လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများကို အချိန် နှင့်တစ်ပြေးညီ ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်